ပုံမှန်အသားအရေရှိသူတွေရဲ့ မျက်နှာပေါ်က ချွေးပေါက်တွေဟာ သေချာမမြင်နိုင်လောက်အောင် ကျဉ်းလွန်းပါတယ်။ တခြားအသားအရေ အမျိုးအစားနဲ့ ယှဉ်လိုက်တဲ့အခါ ဖြူဝင်းပြီး တောက်ပနေတာမျိုးလည်း မဟုတ်သလို ထိခိုက်ပျက်စီးဖို့လည်း မလွယ်ကူပါဘူး။ မျက်နှာပေါ်မှာ အရေးအကြောင်း အနည်းငယ် ထင်နေတတ်တယ်။ အသားအရောင်ဟာ ညီနေပြီး မှဲ့ခြောက် အစွန်းအထင်းတွေ သိပ်မပေါ်ပါဘူး။
အရေပြားပြဿနာတွေ ရံဖန်ရံခါမှ ဖြစ်တတ်ပေမဲ့ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ပျက်စီးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နဲ့ အသက်အရွယ် ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေမှာ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။
ပုံမှန်အသားအရေ ပိုင်ရှင်တွေအနေနဲ့ တခြားအသားအရေထက်စာရင် ပြုပြင်ထိန်းသိမ်းရလွယ်ကူပေမယ့် ဒီအတိုင်း ပစ်ထားလို့တော့ မရပါဘူး။ အသားအရေထိန်းသိမ်းဖို့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အရေပြားကို အဆီရွှဲနေစေမယ့်၊ ခြောက်သွေ့သွားစေမယ့် ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။
၂။ ခြောက်သွေ့ အသားအရေ (Dry Skin)
အသားအရေခြောက်တဲ့သူတွေမှာ အရေပြားကို လက်နဲ့ ထိမိချိန် တင်းနေသလို၊ ချောမွေ့မှုမရှိဘဲ အနည်းငယ် ကြမ်းရှနေသလို ခံစားရနိုင်ပါတယ်။ အဆီပြန်ခြင်း မရှိလို့ ဝက်ခြံ၊ အဆီဖုတွေ အထွက်နည်းတယ်။ မှဲ့ခြောက်တွေ၊ နှင်းခူတွေ အဖြစ်များတယ်။ ဆောင်းရာသီလို ရာသီဥတုအေးလွန်းတဲ့အချိန်မျိုးမှာ အသားအရေ ပပ်ကြားအက်တာ၊ အဖြူဖတ်တွေ မကြာခဏ ကွာကျတာ၊ အသားက ခြောက်ပြီး ကြမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အရေပြားကို နူးညံ့ချောမွေ့သွားစေမယ့် သဘာဝအဆီ (Sebum) ကို အရေပြားတွင်းမှာရှိတဲ့ အဆီဂလန်းတွေက ထုတ်ပေးပါတယ်။ မျိုးရိုးဗီဇကြောင့် အရေပြားက သဘာဝအဆီတွေ ကောင်းစွာ မထုတ်ပေးနိုင်တဲ့အခါ အသားအရေ ခြောက်လာပါတယ်။ ပုံမှန်အသားအရေကို ရေဓါတ်၊ အစိုဓါတ် ဖြည့်တင်းမှုနည်းတာကြောင့် ကြာလာတာနဲ့အမျှ အသားအရေ ခြောက်လာတဲ့သူတွေလည်း ရှိပါတယ်။
အသားခြောက်တဲ့သူတွေမှာ မကြာခဏဆိုသလို အရေပြား ယားယံတာ၊ အလှကုန်ပစ္စည်းတွေကြောင့် အရေပြားနဲ့ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိဖို့ အရင်လက်ပေါ်မှာ စမ်းသုံးကြည့်ဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားစေဖို့ အဆီပါဝင်မှုများတဲ့ အစိုဓါတ်ထိန်းခရင်မ် (Moisturizer) ကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်။ ပြင်းလွန်းတဲ့ မျက်နှာသန့်စင်ဆေးရည်တွေအစား သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး အသားအရေကို အတွင်းရော အပြင်ပါ အစိုဓါတ်ထိန်းပေးနိုင်မယ့် မျက်နှာသန့်စင်ဆေးရည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ခန္ဓါကိုယ်တွင်း ရေဓါတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးရပါမယ်။ ရေဓါတ်များတဲ့ အသီးအနှံတွေ၊ အရွက်တွေကို များများစားပေးရမယ်။ အသားအရေ ခြောက်သွေ့စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်နဲ့ အရက်သောက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပူလွန်းတဲ့ ရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုးကိုလည်း တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေအေး သို့မဟုတ် ရေကျက်နွေးလေးနဲ့ ရေကို ၅မိနစ်လောက်ပဲ ချိုးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။