သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

Skin Tags (ငါးမျက်စိ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Skin Tags (ငါးမျက်စိ) ကဘာလဲ။

ငါးမျက်စိ လို့ခေါ်ကြတဲ့ အဖုငယ်လေးတွေဟာ ကြွက်နို့နဲ့ဆင်တဲ့ အသားရောင်အဖုငယ်လေးတွေဖြစ်တယ်။ တွေ့ရလေ့ရှိပြီး အန္တရာယ်တော့မရှိပါဘူး။ အရွယ်အမျိုးမျိုးရှိနိုင်ပြီး မီလီမီတာနည်းနည်းမှ ၅ စင်တီမီတာလောက်ထိရှိနိုင်ပါတယ်။

Skin Tags (ငါးမျက်စိ) က ဘယ်လောက်အဖြစ်များသလဲ

အင်မတန်ကိုအဖြစ်များပြီး အရွယ်မရွေးမှာဖြစ်နိုင်ပါတယ်။ ငါးမျက်စိပေါက်စေတတ်သော အချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Skin Tags (ငါးမျက်စိ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ငါးမျက်စိတွေဟာ ကင်ဆာမဟုတ်တဲ့ ဘောလုံးပျော့လေးတွေလို အဖုငယ်လေးတွေဖြစ်တယ်။ အန္တရာယ်မရှိဘဲ တစ်ဖုမှ ရာချီနိုင်သည်ထိ အရေအတွက်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့အဖုတွေက ကြွေကျသွားတတ်ပေမယ့် အများစုကတော့ ကျန်နေတတ်တယ်။

ငါးမျက်စိတွေဟာ အရေပြားဆီကနေ ရိုးတံသွယ်သွယ်လေးတွေနဲ့ တွယ်သီးနေတဲ့ အသားရောင် သို့ အမည်းရောင်အဖုငယ်လေးတွေဖြစ်တယ်။

ပင်အပ်ထိပ်လေးတွေလောက် သေးငယ်နိုင်ပြီး အများစုက ခဲတံမှာပါတဲ့ခဲဖျက်ရဲ့ သုံးပုံတစ်ပုံ၊ တစ်ဝက်ခန့်- ၂ မီလီမီတာမှ ၅ မီလီမီတာခန့်ထိသေးငယ်တတ်ပါတယ်။ တချို့ကတော့စပျစ်သီးအရွယ် ( ၁ စင်တီမီတာခန့်) မှ သဖန်းသီးအရွယ်(၅ စင်တီမီတာခန့်) အထိရှိနိုင်ပါတယ်။

ခန္ဓါကိုယ်ရဲ့အရေပြားရှိသောမည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်ပြီး အပေါက်အများဆုံးနှစ်နေရာကတော့ လည်ပင်းနဲ့ ချိုင်းတို့ဖြစ်တယ်။ ရင်ဘက်၊ ကျော၊ ရင်သားအောက်ပိုင်း၊ ပေါင်ခြံတို့တွင်လည်းတွေ့နိုင်ပြီး မျက်ခွံ သို့ တင်ပါးနှစ်ခုကြားတွင်လည်း ပေါက်နိုင်ပါတယ်။

သွင်ပြင်ပုံစံကလွဲလို့ တခြားထိခိုက်နာကျင်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း ဘာမှမရှိပါဘူး။ ခဏခဏထိမိ၊ ပွန်းမိမှသာ (ဥပမာ- ပေါင်ခြံ၊ လည်ပင်းကော်လံနား) တခြားလက္ခဏာတွေဖြစ်ပေါ်လာတတ်တာပါ။ ငါးမျက်စိများကို ဖယ်ရှားပစ်ရခြင်းက များသောအားဖြင့် အမြင်မလှသောကြောင့်သာဖြစ်တယ်။

ဒါမှမဟုတ် ယားယံလာသောအခါ၊ နီရဲ သွေးထွက်သောအခါ၊ ဆဲလ်အသေများကြောင့် ညိုမဲသောအခါလည်း ဖယ်ပစ်ရန်လိုတတ်ပါတယ်။ တခါတလေတော့ အဝတ်အစား၊ လက်ဝတ်လက်စားတွေ၊ ကားထိုင်ခုံခါးပတ် သို့ အိမ်မွေးတိရိစ္ဆာန်တွေကြောင့် ဆွဲဆောင့်ဖြုတ်သလိုဖြစ်ပြီး နာကျင်ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါးမျက်စိတွေဟာ ကင်ဆာဖြစ်လာနိုင်ချေမရှိတဲ့ အဖုငယ်လေးတွေပါပဲ

တခါတလေမှာတော့ နာကျင်မှု၊ ကသိကအောက်ဖြစ်မှုမရှိဘဲ သူ့အလိုလိုကြွေကျသွားတတ်ပါတယ်။ အဖုရဲ့အရင်းမှာ လိမ်သွားတာကြောင့် ထိုအဖုဆီသွေးလျှောက်မှုမရှိတော့တာကြောင့် ဖြစ်နိုင်တယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ငါးမျက်စိတွေဟာ ဘေးမဖြစ်ဘဲ နာကျင်မှုလည်းမရှိပါဘူး။ ဒါပေမယ့် ကြည့်မကောင်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျက်စေလို့ ဖယ်ပစ်ချင်တယ်ဆိုရင် ဒါမှမဟုတ် အဝတ်တွေ လက်ဝတ်လက်စားတွေနဲ့ ငြိငြိနေပြီး သွေးထွက်တတ်လို့ ဖယ်ပစ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Skin Tags (ငါးမျက်စိ) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ငါးမျက်စိတွေပေါက်ရသလဲ

ငါးမျက်စိတွေဟာ အဖြစ်များပြီး သက်လတ်ပိုင်းအရွယ်မှာ ပေါက်တတ်ပါတယ်။ အရေပြားထူထူထဲမှာ သွေးကြောငယ်လေးတွေနဲ့ ကော်လဂျင်အမျှင်လေးတွေ စုပုံသွားတာကြောင့်လို့ ဆိုကြပါတယ်။

အရေပြားနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်လာရတယ်လို့လည်း ထင်ကြပါတယ်။ ဒါကြောင့်လည်း အရေပြားတွေတွန့်ခေါက်နေတတ်တဲ့ နေရာတွေမှာ အပေါက်များပါတယ်။

ဖြစ်နိုင်ခြေများ

Skin Tags (ငါးမျက်စိ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • သက်လတ်ပိုင်းအရွယ်၊ အသက် ၆၀ လောက်ဆိုရင် ပေါက်နိုင်ချေတက်လာပါပြီ
  • ဆီးချိုသွေးချိုရှိသူ
  • ကိုယ်ဝန်ဆောင်သည်တွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့်
  • အဝလွန်သူတွေ
  • အရေပြားတွန့်ခေါက်နေတာများသော ကလေးငယ်တွေ

လေးဘက်သွားအရွယ်ကလေးတွေ၊ အထူးသဖြင့် လည်ပင်နဲ့ ချိုင်းနေရာမှာအပေါက်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Skin Tags (ငါးမျက်စိ) ကို ဘယ်လိုအတည်ပြုပါသလဲ

တချို့သောအဖုလေးတွေက ငါးမျက်စိတွေနဲ့ဆင်တတ်ပါတယ်။ တစ်သျှူးစစစ်ဆေးခြင်းက ငါးမျက်စိတွေကို ခွဲခြားသိရှိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Skin Tags (ငါးမျက်စိ) ကို ဘယ်လိုကုသပါသလဲ

ငါးမျက်စိတွေက သာမန်အားဖြင့် ကုသဖို့မလိုဘူးဆိုတာ သိထားဖို့လိုပါတယ်။ အဖုတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရဘူးဆိုရင် မကုသဖို့တွေးတာက အကြောင်းပြချက်ခိုင်လုံတဲ့ရွေးချယ်မှုတစ်ခုပါ။

တကယ်လို့စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆို့ရင်တော့ ဒီနည်းလမ်းတွေရှိပါတယ်-

  • သွားပွတ်ကြိုးဖြင့် အဖုတွေရဲ့အောက်ခြေကနေ ချည်ပြီးဖယ်ပစ်နိုင်တယ်။
  • နိုက်ထရိုဂျင်အရည်ဖြင့်ခဲပြီးဖယ်ပစ်နိုင်တယ်။
  • ကတ်ကြေးနဲ့ ထုံဆေးသုံးပြီဖြစ်စေ မပါဘဲဖြစ်စေ ဖယ်နိုင်တယ်။
  • နောက်ထပ်အသုံးဝင်တဲ့နည်းတွေ အများကြီးရှိပါတယ်၊ ကတ်ကြေးဖြင့်ဖယ်ခြင်း၊ ခဲပြီးဖယ်ခြင်း၊ ဆရာဝန်ဆီမှာ ဆေးကုသရာတွင်သုံးသောလျှပ်စစ်ဖြင့် ဖယ်ခြင်း စသည်ဖြင့်…။

သေးငယ်သောအဖုများကိုတော့ ထုံဆေးမသုံးပဲ အလွယ်တကူဖယ်နိုင်ပြီး ကြီးသောအဖုများကတော့ ထုံဆေးလိုနိုင်ပါတယ် (lidocaine) ။ ကြီးသောငါးမျက်စိအဖုများကိုတော့ မဖယ်ခင်မှာ ထုံဆေးလိမ်းဆေးတစ်မျိုးလိမ်းတာက ပိုကောင်းပါလိမ့်မယ်။

ငါးမျက်စိကို မိသားစုဆရာဝန်၊ အရေပြားဆရာဝန်၊ ကုသပိုင်းဆိုင်ရာဆရာဝန်တွေဆီမှာ ကုသလို့ရပါတယ်။ တခါတလေ မျက်ခွံတဝိုက်က ငါးမျက်စိဖုတွေအတွက်တော့ မျက်စိဆရာဝန်လိုနိုင်ပါတယ်။

ကြီးသောအဖုများကို မိမိဖာသာဖယ်ပစ်ဖို့မကြိုးစားပါနဲ့၊ သွေးထွက်များနိုင်ပါတယ်။

အိမ်တွင်းကုသမှုပုံစံ

ကြိုးစ သို့ သွားပွတ်ကြိုးဖြင့် အဖုအရင်းကိုချည်ပြီး ဖယ်ပစ်ခြင်း၊ အပါအဝင် တခြားအကူအညီဖြစ်နိုင်တဲ့ အိမ်တွင်းကုသမှုပုံစံကတော့-

  • ကတ်ကြေးဖြင့်ဖယ်ပစ်ခြင်းဟာ ချက်ခြင်းဖယ်နိုင်ပြီး ရလဒ်ချက်ခြင်းတွေ့ရသောနည်းဖြစ်တယ်။ မည်သည့်ကတ်ကြေးဖြင့်မဆိုဖယ်ပစ်ခြင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ မကောင်းတဲ့အချက်ကတော့ သွေးနည်းနည်းထွက်နိုင်ခြင်းဖြစ်တယ်။
  • ခဲပစ်ခြင်း သို့ လျှပ်စစ်သုံးခြင်းကတော့ ခေတ္တအရေပြားအရောင်ပြောင်းသွားနိုင်ပြီး နောက်ထပ်ကုသမှုတွေလည်းလိုနိုင်ကာ အဖုများမကြွေကျတာလည်းဖြစ်နိုင်ပါတယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How are skin tags treated? http://answers.webmd.com/answers/1174900/how-are-skin-tags-treated. Accessed October 3, 2016.
Moles, Freckles, and Skin Tags. http://www.webmd.com/skin-problems-and-treatments/guide/moles-freckles-skin-tags#3-8. Accessed October 3, 2016.
Skin tags. http://www.nhs.uk/conditions/skin-tags/Pages/Introduction.aspx. Accessed October 3, 2016.
Skin Tag. http://www.medicinenet.com/skin_tag/article.htm. Accessed October 3, 2016.
Skin Tags: Removal, Causes and Treatments. http://www.medicalnewstoday.com/articles/67317.php. Accessed October 3, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr.Aye Myat Myat Noe မှ ရေးသားသည်။ 12/09/2019 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။