brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ!

ဆိုရီရေးစစ် (Psoriasis) ဆိုတာက အရေပြားမှာ အင်ပြင်ထပြီး ယားယံစေသလို အဖက်တွေလန်စေတဲ့ အရေပြား ပြဿနာ တစ်ခုပါ။ ဒီအရေပြားပြဿနာက နာတာရှည် ကျန်းမာရေးပြဿနာ ဆိုပေမယ့် သေချာလေး ကုသဖို့ရော ဂရုစိုက်ဖို့ပါ လိုပါမယ်။ ဒီလိုပြောရတာက ဆိုရီရေးစစ် အရေပြား ပြဿနာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ကဲ …. ဒီတော့ ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ!

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ဆိုတာ ဘာများလဲ!

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder လို့ခေါ််တဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။

ဒီအရေပြားပြဿနာက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ဆေးတွေနဲ့ သေချာထိန်းမစားရင် ပြန်ပြန်ပေါ်လာနိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေရှိလဲ!

မြင်သာတဲ့ လက္ခဏာ အနေနဲ့

  • အရေပြားမှာ နီမြန်းတာ
  • အရေပြားတွေ ထူလာတာ
  • ယားယံတာ
  • နာကျင်တာ
  • စပ်ဖျဉ်းဖျဉ်းဖြစ်တာ
  • အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။

ဒီအရေပြားပြဿနာက လက်မောင်း အပြင်ဘက်ခြမ်း၊ ဒူး၊ လက်ဖဝါး၊ ခြေဖဝါးစတာတွေမှာ ဖြစ်နိုင်သလို ဦးရေပြားနဲ့ လက်သည်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဆိုရီယေးစစ်က အမျိုးအစားများစွာရှိပြီး ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ 

ဘာတွေက ဆိုရီရေးစစ်ကိုပိုဆိုးစေနိုင်လဲ!

နာတာရှည်ဖြစ်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာဟာ အခုလို အခြေအနေတွေမှာ ပိုဆိုးလာနိုင်ပါတယ်။

  • အသားခြောက်တာ
  • စိတ်ဖိစီးတာ
  • အိပ်ရေးပျက်တာ
  • ရာသီဥတုအေးမြ ခြောက်သွေ့တာ
  • အရေပြားထိခိုက်တာ
  • ဆေးလိပ်သောက်တာ
  • အရက်သောက်တာ
  • ဆေးဝါးတွေကြောင့် အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!

တကယ်လို့ ဆိုရီရေးစစ် အရေပြားပြဿနာကို ခံစားနေရပြီး အခုလိုတွေ ခံစားရမယ်ဆိုရင်တော့ ဆရာဝန်ကို ပြသဖို့ လိုပါမယ်။

  • ဆိုရီရေးစစ် ဖြစ်တဲ့ အရေပြား ဧရိယာက ကျယ်လာမယ်
  • နာကျင်ပြီး နေရတာ ကသိကအောင့် ဖြစ်မယ်
  • အရေပြား အခြေအနေက အတော်လေး ဆိုးနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသပြီး ကုထုံး ခံယူဖို့ လိုပါမယ်။ 

ဘယ်အခြေအနေတွေက ဆိုရီရေးစစ် ဖြစ်နိုင်ခြေကို တိုးစေနိုင်တာလဲ!

လူတိုင်းမှာ ဆိုရီရေးစစ် ဖြစ်နိုင်ပြီး ဒီအရေပြားပြဿနာကို ခံစားနေရသူ ၃၀% လောက်က ကလေးဘဝ ကတည်းက ခံစားကြရတာပါ။ အခုလို အချက်တွေကလည်း ဆိုရီရေးစစ် ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ 

မျိုးရိုးရှိတာ – မိဘ နှစ်ဦးထဲက တစ်ဦးဦးမှာ ဆိုရီရေးစစ် အရေပြား ပြဿနာ ခံစားရဖူးတာမျိုး ရှိနေရင် ဖြစ်နိုင်ခြေ များသလို နှစ်ယောက်လုံးမှာ ရှိနေရင် ကိုယ့်ဆီမှာဖြစ်နိုင်ခြေက ဒီထက်တောင် ပိုများနိုင်ပါတယ်။ ဒီလို အရေပြားပြဿနာကို ခံစားဖူးမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ 

ဆေးလိပ်သောက်တာ – ဆေးလိပ်သောက်တာက ဆိုရီရေးစစ် အရေပြား ပြဿနာ ဖြစ်နိုင်ခြေများစေသလို ရောဂါပြန်ကြွအောင်လည်း လှုံ့ဆော်နိုင်ပါတယ်။ 

ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ!

ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ! ဆိုတော့ အခုလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ များလာမှာပါ။ 

  • မျက်လုံးကျန်းမာရေး ပြဿနာ ခံစားရနိုင်တယ် 

မျက်လုံးနာတာ၊ မျက်ခွံရောင်ရမ်းတာ၊ အမြင်အာရုံ ထိခိုက်စေနိုင်တဲ့ မျက်လုံးအတွင်းသား ရောင်ရမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။

  • အဆစ်ရောင်နာ ပြဿနာ ခံစားရနိုင်တယ် 

 အဆစ်တွေ နာကျင်တာ၊ အဆစ်တွေ တောင့်တင်းတာ၊ ရောင်ရမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

  • အရေပြား အရောင်ပြောင်းတာမျိုး ခံစားရနိုင်တယ်

ဆိုရီရေးစစ်ကြောင့် အရေပြား ရောင်ရမ်းပြီး အနာကျက်တဲ့အခါ အရေပြား အရောင်ဖျော့ ဒါမှမဟုတ် အရောင်ရင့်တာ ခံစားရတတ်ပါတယ်။ ဒါက ယာယီပဲ ဖြစ်ပြီး ပြန်ကောင်းသွားနိုင်ပါတယ်။ 

  • အဝလွန်တာ

ဆိုရီရေးစစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာအနေနဲ့ အဝလွန်တာကို ခံစားရနိုင်ပါတယ်။ 

  • အမျိုးအစား – ၂ ဆီးချို

ဆိုရီရေးစစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ တစ်ခုကတော့ အမျိုးအစား – ၂ ဆီးချိုရောဂါကို ခံစားရတာပါ။ 

  • သွေးတိုးရောဂါ

ဆိုရီရေးစစ် ခံစားရပြီး အချိန်ကြာလာချိန်မှာ သွေးတိုးရောဂါကို ခံစားရနိုင်ပါတယ်။ 

  • နှလုံးသွေးကြောဆိုင်ရာ ရောဂါ

ဆိုရီရေးစစ် ခံစားရပြီး အချိန်ကြာလာချိန်မှာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး

အရေပြားရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်ပါတယ်။

  • တခြား Autoimmune ရောဂါတွေနဲ့ ‌တွဲတွေ့ရတတ်တာ 

ဆိုရီယေးစစ်က ခုခံအား ‌ကမောက်ကမဖြစ်တဲ့ ရောဂါ ဖြစ်တာကြောင့် တခြား autoimmune ရောဂါတွေ အနေနဲ့ celiac disease၊ sclerosis နဲ့ inflammatory bowel disease (IBS) ကို ခံစားရနိုင်ပါတယ်။ 

ဆိုရီယေးစစ်ရှိသူတိုင်း ဒီပြဿနာတွေ ခံစားရမှာ မဟုတ်ပေမယ့် သေချာမကုသဘူးဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ဖို့ အလားအလာများပါတယ်။ ဆိုရီယေးစစ်ကို သာမန်အရေပြားပြသနာလို့ မြင်တာထက် တစ်ကိုယ်လုံးကို ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့မြင်တာက ပိုသင့်တော်ပါတယ်။

# အသားရေ ထိန်းသိမ်းနည်း လမ်းညွှန်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2024 ဖြစ်ပါသည်။