backup og meta

ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ပါ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ပါ။

ချစ်သူဘဝမှာ ရင်းနှီးလာတဲ့အခါ သမီးရည်စားလည်းမက အိမ်ထောင်သည်လည်း မကျတဲ့ အခြေအနေတစ်ခုကို ရောက်လာနိုင်ပါတယ်။ ဒါကတော့ premarital sexလို့ ခေါ်တဲ့ အိမ်ထောင်မကျခင် အတူနေ (လိင်ဆက်ဆံ)တာပါ။ အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုမျိုး ဖြစ်စေဖို့အတွက် ချစ်သူဘဝမှာ အတူနေမယ်ဆို ကြိုပြီး ပြင်ဆင်ထားရမယ့် အချက်လေးတွေ ရှိပါတယ်။

ချစ်သူဘဝမှာ အတူနေမယ်ဆို အန္တရာယ်ကင်းစေပြီး ပျော်ရွှင်စရာကောင်းစေဖို့

  • နှစ်ဦးသဘောတူ ဖြစ်ပါစေ။

ချစ်သူဘဝမှာ အတူနေတာက စိန်ခေါ်မှု များပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ထုံးတမ်းစဉ်လာတွေကိုပါ ထည့်စဉ်းစားကြတဲ့အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာက နှစ်ဦးသဘောတူဖြစ်မှ သာယာဖွယ်ဖြစ်မှာပါ။

ဒါကြောင့် နှစ်ဦးသဘောတူဖြစ်ဖို့လိုသလို တစ်ဖက်ဖက်က သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ဖို့ လိုပါတယ်။

  • လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကြိုတင်စစ်ဆေးပါ။

HIV၊ ဘီပိုး၊ စီပိုး အပါအဝင် လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ ဆစ်လဖစ်တို့၊ ဂနိုတို့က တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ လက္ခဏာမပြဘဲနဲ့လည်း ခန္ဓာကိုယ်မှာ ရှိနေနိုင်တဲ့အတွက် မသိလိုက်ဘဲနဲ့ကို ကူးသွားနိုင်ပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေက အမျိုးသမီးတွေမှာ မကုသဘဲ ထားလိုက်ရင် မျိုးပွားအင်္ဂါတွေ ပျက်စီးပြီး ကလေးမရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတူမနေခင်မှာ စုံတွဲလိုက် ကူးစက်ရောဂါတွေကို စစ်ဆေးထားသင့်ပါတယ်။

  • သန္ဓေတားနည်းလမ်းတစ်ခုခု သုံးဖို့ ရွေးချယ်ပါ။

လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေ နောက်ထပ် စိုးရိမ်တတ်တာ တစ်ခုက မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားမှာပါ။ မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်မရှိတဲ့အတွက် တရားမဝင် ဖျက်ချရာကနေ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာ၊ အသက်အန္တရာယ်နဲ့ ကြုံတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် သန္ဓေတားတဲ့ နည်းလမ်းတစ်ခုခုကို သုံးပါ။ တစ်အိမ်တည်း အတူနေတဲ့ living together စုံတွဲတွေ၊ မကြာခဏ အတူနေဖြစ်တဲ့အတွဲတွေဆိုရင် အိမ်ထောင်သည် တွေ သုံးသလို တားဆေးသောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ ပစ္စည်း စသဖြင့် မိမိနဲ့ သင့်တော်ရာကို အသုံးပြုပါ။

တကယ်လို့ တစ်ခါတလေမှ နေဖြစ်တယ်ဆိုရင်လည်း ကွန်ဒုံး ဒါမှမဟုတ် အရေးပေါ်သန္ဓေတားဆေးကို သုံးသင့်ပါတယ်။

တစ်အိမ်တည်းနေတဲ့ living together အတွဲတွေအတွက်

တချို့စုံတွဲတွေက လက်မထပ်ရသေးပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ တစ်အိမ်တည်းမှာ နေကြတာ ရှိပါတယ်။ ဒါဆိုရင် လိင်မှုကိစ္စအပြင် လူမှုရေးနဲ့ ငွေရေးကြေးရေး ကိစ္စတွေပါ ပါလာပါပြီ။

တကယ်လို့ ကိုယ်တွေက ဒီလိုမျိုး တစ်အိမ်တည်းမှာ နေဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ အချက်အပြင် အတူမနေခင်မှာ

  • ငွေကြေးပိုင်းဆိုင်ရာတွေ ကြိုခွဲထားပါ။

အတူနေတဲ့အခါ ကိုယ်ပိုင်အသုံးစရိတ်အပြင် အိမ်စရိတ်ပါ ပါလာနိုင်တာကြောင့် ငွေကြေးသုံးစွဲမှုကို နှစ်ဖက်မျှတအောင် ခွဲထားဖို့ လိုပါတယ်။

  • အိမ်အလုပ်တွေကိုလည်း တာဝန်ခွဲဝေဖို့ လိုပါတယ်။

အရင်လို အိမ်ပြန်ရောက်တာနဲ့ နားလို့မရတော့ဘူး။ ကိုယ့်အိမ်အလုပ်ကိုယ် လုပ်ရမှာ ဖြစ်တဲ့အတွက်  ဘယ်သူကတော့ ဘာလုပ်မယ်ဆိုတာကို ကြိုတင်တိုင်ပင်ထားဖို့ လိုပါတယ်။ ဒီခေတ်မှာ အမျိုးသမီးတွေကပဲ အိမ်အလုပ်လုပ်ရမယ်ဆိုတာ မရှိတော့တဲ့အတွက် မျှမျှတတ ခွဲဝေပြီး လုပ်ဖို့ လိုပါတယ်။

  • လူမှုရေးကိစ္စတွေကိုလည်း ကြိုတင်ညှိနှိုင်းပါ။

အိမ်ကို သူ့ဘက် ကိုယ့်ဘက်က သူငယ်ချင်းတွေ လာလည်တာနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်မှု ယူမလဲဆိုတာကိုလည်း ညှိနှိုင်းသင့်ပါတယ်။ သူငယ်ချင်းတွေ အိမ်လာပြီး သောက်စားပျော်ပါးတာကြောင့် ကတောက်ကဆဖြစ်ရတဲ့ စုံတွဲတွေလည်း ရှိလို့ပါ။

ချစ်သူဘဝမှာ အတူနေလိုက်တာက နောက်ပိုင်းမှာ မဖြစ်မနေလက်ထပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အတူနေစဉ်အတွင်းမှာ ပျော်ရွှင်စရာကောင်းပြီး အန္တရာယ်ကင်းဖို့ လိုပါတယ်။ ဒါကြောင့် ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement