home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေကတော်တော်လေးတော့များသား။နေ့စဉ်လုပ်နေကျအလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင် သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာအချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင်တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့လေဒီတွေအတွက်ကတော့နေ့စဉ်အားတဲ့အချိန်ရယ်လို့သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ဒီလိုအလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းလေးအကြောင်းပြောပြချင်ပါတယ်။

အမျိုးသမီးေတာ်တော်များများက သားဆက်ခြားနည်းရွေးချယ်စရာများပေမယ့် သားဆက်ခြားနည်းတစ်မျိုးထဲကိုပဲ စွဲစွဲမြဲမြဲသုံးလေ့ရှိကြပါတယ်။ အခုဆိုရင် သားဆက်ခြားနည်းတွေက အများသားပါ။ အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အလွယ်ဆုံးပြောပြရမယ်ဆိုရင် သားဆက်ခြားနည်းကို အဓိကအားဖြင့် ကာလတိုသားဆက်ခြားနည်းနဲ့ ကာလရှည်သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။

သားဆက်ခြားနည်းရွေးချယ်မယ်

သားဆက်ခြားနည်းရွေးတဲ့အခါ ကိုယ့်ရဲ့မိသားစုေနထိုင်မှုပုံစံပေါ်မှာ အခြေခံပြီးရွေးချယ်တာကအကောင်းဆုံးပါ။ အလုပ်များတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့ သန္ဓေတားသောက်ဆေး (OCPs) ၊ ၃ လခံထိုးဆေး၊ ၆ လခံထိုးဆေးတွေလိုမျိုး သန္ဓေတားနည်းတွေကရေရှည်မှာ အဆင်မပြေလောက်ပါဘူး။နောက်တစ်ချက်က လိင်ဆက်ဆံတဲ့အခါတိုင်းမှာ ကွန်ဒုံးသုံးတာ၊ အမျိုးသမီးကွန်ဒုံးနဲ့ သားအိမ်ထဲထည့်တဲ့ ကွင်းလိုမျိုးအရာတွေကို အမြဲအသုံးပြုမိနိုင်ဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။ ဒီတော့ ဘယ်လိုသန္ဓေတားနည်းကို သုံးမလဲလို့မေးစရာလေးတွေရှိလာနိုင်ပါတယ်။

ဒီပြဿနာတွေနဲ့ကင်းဝေးချင်တဲ့ အလုပ်များတဲ့လေဒီမေမေတွေအတွက် သတင်းကောင်းလေးပါးပါရစေ။ ဒါကတော့ အလုပ်ရှုပ်သက်သာပြီး တာရှည်ခံတဲ့ သန္ဓေတားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUDs) နဲ့ လက်မောင်းထဲထည့်ပစ္စည်း (Implant) တို့ပါ။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Contraceptive implant)

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Contraceptive implant) ကတာရှည်ခံတဲ့ သန္ဓေတားနည်းတစ်မျိုးပါ။ လက်မောင်းအရေပြားအောက်ထဲကို ထည့်သွင်းရတဲ့ သေးငယ်တဲ့ ပလပ်စတစ်ချောင်းလေးပါ။ ထည့်ပြီးတာနဲ့ ဒီပစ္စည်းလေးက လစဉ် သားဥအိမ်ကသားဥတွေထုတ်လုပ်နေမှုကို ရပ်တန့်သွားအောင်လုပ်ဆောင်ပေးတဲ့ ပရိုဂျက်စတင်ဟော်မုန်းကို နည်းနည်းချင်းထုတ်ပေးပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးထည့်ပြီးသွားတဲ့အခါ ရာသီသွေးပေါ်တဲ့ ရက်ပြောင်းလဲသွားတာမျိုးရှိနိုင်သလို လုံးဝမလာတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒီပစ္စည်းလေးက တစ်ခါထည့်ထားရုံနဲ့ ၃ နှစ် ၅ နှစ် အထိခံပြီး စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုပါ။ ဒီပစ္စည်းက ဖယ်ထုတ်ရတာလွယ်ကူသလို ဖယ်ထုတ်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရရှိမှာဖြစ်ပါတယ်။

သားအိမ်တွင်းထည့်ပစ္စည်း (IUDs)

IUD ကသားအိမ်ထဲကို ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းကလည်း တာရှည်ခံတဲ့ သန္ဓေတားနည်းပါ။ အသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစားအလိုက် သက်တမ်းကကွာခြားမှုရှိပါတယ်။ဟော်မုန်းမပါတဲ့copper IUD ဆိုရင် အနည်းဆုံး၅ နှစ်ကနေ ၁၀ နှစ်အထိခံပြီးဟော်မုန်းပါတဲ့ IUD အမျိုးအစားဆိုရင် ၁၀ နှစ်အထိခံပါတယ်။

IUD က သုတ်ပိုးတွေ မမျိုးဥတွေဆီကိုရောက်ရှိသွားပြီး သန္ဓေအောင်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်၊ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်၊ အဲ့ဒါအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဒီအချက်တွေကြောင့် IUDs နဲ့ Implant ကိုရွေးချယ်သင့်တာပါ

အလုပ်များပြီးနေ့စဉ်ဆေးသောက်ဖို့အတွက်အချိန်မပေးနိုင်တာ၊ ရက်အတိအကျဆေးထိုးဖို့မဖြစ်နိုင်ဘူးဆိုရင်တော့ အခုပြောခဲ့တဲ့ သန္ဓေတားနည်း ၂ မျိုးက အသင့်တော်ဆုံးဖြစ်မှာပါ။နောက်ထပ်အားသာချက်တွေကတော့ –

  • အသက်အရွယ်မရွေးအသုံးပြုနိုင်ခြင်း
  • နို့တိုက်မိခင်တွေအတွက် သင့်တော်ခြင်း
  • အချိန်မရွေးအလွယ်တကူပြန်ထုတ်နိုင်ခြင်း
  • ထုတ်ပြီးသိပ်မကြာခင်မှာ အလွယ်တကူကိုယ်ဝန်ဆောင်နိုင်ခြင်း
  • တာရှည်ခံခြင်း
  • အပြည့်အဝကာကွယ်မှုပေးနိုင်တာကြောင့် စိတ်ချရခြင်း တို့ဖြစ်ပါတယ်။

နေ့စဉ်လှုပ်လှုပ်ရှားရှားသွားလာနေကြရတဲ့ အမျိုးသမီးတို့အတွက်ကသောက်ဆေး၊ ထိုးဆေးတွေကို အမြဲတမ်းသတိရှိရှိနဲ့သောက်နိုင်ဖို့ ထိုးနိုင်ဖို့က ခက်ခဲလှပါတယ်။ ဒီလိုနဲ့ အလုပ်များရတဲ့ကြားထဲ အဆင်သင့်မဖြစ်သေးတဲ့ကိုယ်ဝန်တွေရသွားနိုင်ခြေရှိပါတယ်။ အခုဖော်ပြထားတဲ့ သန္ဓေတားနည်းလမ်း နှစ်မျိုးကတော့သောက်ဆေး ထိုးဆေးတွေလိုအလုပ်မရှုပ်တဲ့အပြင် ကာလကြာရှည်လည်း ခံတဲ့အတွက် အလုပ်များတဲ့ အမျိုးသမီးတွေအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။