backup og meta

လက်မထပ်ခင် အတူနေခြင်း မလုပ်ခင် ဒါတွေသိထားသင့်ပါတယ်။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်မထပ်ခင် အတူနေခြင်း မလုပ်ခင် ဒါတွေသိထားသင့်ပါတယ်။

    ဒီဆောင်းပါးမှာ လက်မထပ်ခင် အတူနေခြင်း က လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ မှန်တယ် မှားတယ်ဆိုတာထက် မနေခင်မှာ ဘာတွေကို စဉ်းစားရမလဲ။ ဘာတွေကို ကြိုပြီး မျှော်လင့်ထားရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ။

    လူငယ်များအကြား ခေတ်စားလာတဲ့ လပ်မထပ်ခင် အတူနေခြင်း

    အရင်တုန်းကတော့ လက်မထပ်ခင် လိင်ဆက်ဆံတာ၊ အတူနေတာတွေက အနောက်နိုင်ငံတွေမှာပဲ ခေတ်စားတာပါ။ ခုတော့ မြန်မာနိုင်ငံမှာပါ ခေတ်စားလာပါပြီ။

    လက်မထပ်ခင် အတူနေခြင်းဆိုတာမှာ Living together လို့ခေါ်တဲ့ တစ်အိမ်တည်းမှာ အတူနေတာလည်း ရှိသလို လိင်မှုကိစ္စပဲသက်သက် အတူနေတာလည်း ရှိပါတယ်။ ဒီမှာတော့ ပတ်ဝန်းကျင် အမြင်ကို ကြည့်နေရတာကြောင့် သမီးရည်းစားတွေကြားမှာ လိင်မှုကိစ္စအရ အတူတူနေတာပဲ များမှာပါ။ တစ်နေရာမှာချိန်း၊ အတူနေ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။

    ဒါကို အရင်တုန်းကတော့ ဘာသာရေးတွေ၊ ထုံးတမ်းစဉ်လာတွေအရ ရှက်စရာကိစ္စတစ်ခုလို့ မြင်ကြပေမယ့် ခုခေတ်မှာတော့ အမြင်ပြောင်းလာပါတယ်။ လုံးလုံးလျားလျားကြီး နေခွင့်ပြုလိုက်တာမျိုး မဟုတ်ပေမယ့် ရှက်စရာတစ်ခုလို၊ အပြစ်တစ်ခုလိုတော့ မတွေးကြတော့ပါဘူး။

    လက်မထပ်ခင်  အတူနေခြင်းက ကောင်းသလား။

    ကောင်း၏ ဆိုး၏ ယတိပြတ် ပြောလို့ မရပေမယ့် နေမယ်ဆိုရင် ကြိုပြီး စဉ်းစားရမှာ၊ သတိထားရမှာတွေ ရှိပါတယ်။ သူများအတွဲတွေ အတူနေလို့ အဆင်ပြေတိုင်း ကိုယ့်အလှည့်မှာ ပြေချင်မှာ ပြေမှာပါ။

    လက်မထပ်ခင် အတူနေခြင်း က လူကြီးတွေ ထင်နေကြသလို လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ အတည်တကျ လက်မထပ်ခင် အတူနေကြည့်တာက

    • အိပ်ရာပေါ်က လိုအပ်ချက်တွေကို သိစေနိုင်တယ်။

    အိပ်ရာပေါ်က ကိစ္စတွေက ဘယ်သူနဲ့ နေနေ ဒါပါပဲဆိုတာတော့ မဟုတ်ပါဘူး။ အပြင်မှာ ဆက်ဆံရေးတွေ အဆင်ပြေပေမယ့်လည်း အိပ်ရာပေါ်မှာ အဆင်မပြေကြတာတွေလည်း ရှိပါတယ်။ လက်မထပ်ခင် နေဖူးတာက အနည်းဆုံးတော့ ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ အကြိုက်ကို နားလည်စေပါတယ်။

    • ကိုယ်နဲ့ ကိုက်မကိုက်ကို နားလည်စေတယ်။

    စုံတွဲတွေအတူနေကြတဲ့အခါ အိပ်ရာပေါ်မှာ သူနဲ့ ကိုယ်နဲ့ အပေးအယူမျှရဲ့လား ဆိုတာလည်း အရေးကြီးပါတယ်။ နောင်အခါ အိမ်ထောင်ပြုတဲ့အခါ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားကြပါတယ်။ သက်တမ်းတလျှောက်လုံး ဒီကိစ္စပဲ လုပ်နေမှာ မဟုတ်ပေမယ့်လည်း အိမ်ထောင်ပြုရင်တော့ လိင်ကိစ္စကတော့ အနည်းနဲ့ အများတော့ ပါတာပါပဲ။ အိမ်ထောင်ကျပြီးမှ ကိုယ့်အဖော်က ကိုယ်နဲ့ အဆင်မပြေရင် ပြန်လဲလို့မှ မရတာ။ ဒီတော့ လက်မထပ်ခင် အတူနေပြီး သူ့အကြောင်းကိုယ့်အကြောင်း သိအောင် လုပ်ထားသင့်တာပေါ့။

    တချို့က အပြင်ပန်းမှာ အဆင်ပြေပေမယ့် အိပ်ရာပေါ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ ရှိပါတယ်။ လက်ထပ်ပြီးမှ လိင်ကိစ္စအဆင်မပြေလို့ ကွဲရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကွဲတဲ့အခါကျ လိင်ကိစ္စအဆင်မပြေလို့ ကွဲလိုက်တယ်လို့တော့ ဘယ်ပြောပါ့မလဲနော်။ ဒါကြောင့်လည်း လူမသိသူမသိ ပြဿနာတွေ တက်ကြတာပါ။

    • ပိုပြီး ရင်းနှီးလာစေတယ်။

    အတူနေပြီးသား စုံတွဲတွေက လိင်ဆက်ဆံရေးမှာသာမကဘဲ နေ့စဉ်ဆက်ဆံရေးမှာလည်း ပိုပြီး ပွင့်လင်း ရင်းနှီးလာကြပါတယ်။ တစ်ခုခုဆို ထိမ်ချန်မထားဘဲ ကိုယ်ခံစားရတာကို အရှိအတိုင်း ပြောပြလို့ ရတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်စေပါတယ်။

    • ပိုပြီးတော့လည်း ပျော်ရွှင်ကြပါတယ်တဲ့။

    ဒါကတော့ အပေါ်က အချက်နဲ့ ဆက်စပ်နေတာပေါ့နော်။ ရင်ထဲမှာ ရှိသမျှကို ပွင့်ပွင့်လင်းလင်း မေးနိုင်၊ ပြောနိုင်တော့ ရန်ဖြစ်ရတာတွေ နည်းသွားတာပေါ့။ ‘ နင်ဘာဖြစ်နေတာလဲ’တို့၊ ‘စိတ်ကောက်နေတာလား’တို့ သိပ်မေးနေစရာမလိုတော့ဘူးလေ။

    • စိတ်ဖိစီးမှုလည်း နည်းသွားပါတယ်။

    အတွဲရှိတယ်သူတွေက အတွဲကြောင့်ပဲ စိတ်ဖိစီးရပါတယ်။ အချစ်ရေးမှာ အပေါ်မှာ ပြောခဲ့သလို အဆင်ပြေနေခဲ့ရင် ရန်လည်း ခဏခဏ ဖြစ်စရာမလိုတော့ စိတ်ဖိစီးရတာလည်း နည်းသွားတာပေါ့။

    ဒါပေမယ့် လက်မထပ် အတူနေခြင်း က အမြဲတမ်း  ပန်းခင်းလမ်းတော့ မဖြစ်နေပါဘူး။ အတွဲတိုင်းလည်း ဒီလိုအဆင်ပြေနေတာ မဟုတ်ပါဘူး။ ပြဿနာတချို့လည်း ရှိပါသေးတယ်။ ဒါတွေကတော့

    • ရိုးအီသွားတာ

    အတူနေတဲ့အထိ အဆင့်ထိရောက်သွားပြီရင် သူတို့မှာ စိတ်လှုပ်ရှားစရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လိုချင်တပ်မက်စရာတွေ ကုန်သွားပြီလို့ ပြောလို့ ရပါတယ်။ နှစ်ကြာတဲ့ အိမ်ထောင်သည်များလို တစ်ယောက်နဲ့ တစ်ယောက် ရိုးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီကနေ ဖောက်ပြန်တာတွေလည်း ဖြစ်လာနိုင်တာပေါ့လေ။

    • ကိုယ်ဝန်ရှိလာတာ

    လက်မထပ်ရသေးတဲ့အတွက် ကိုယ်ဝန်ကို တာဝန်ယူဖို့ ခက်ပါတယ်။ ဒီကြားထဲမှာ တစ်ဖက်က မလိုချင်ဘူးဆိုရင် ပိုဆိုးပါတယ်။ မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချလို့ မရသေးတဲ့အတွက် ခိုးပြီး ဖျက်ချရာကနေ ကျန်းမာရေးပြဿနာတွေ တက်လာနိုင်ပါတယ်။ ဒါ့ပြင် ရင်ဆိုင်ရမယ့် မိသားစုပြဿနာတွေလည်း ရှိပါသေးတယ်။

    • လိင်ကတဆင့် ကူးစက်ရောဂါတွေ ရလာတာ

    HIVကစလို့ တခြားကူးစက်ရောဂါတွေ ရလာတာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရည်းစားနဲ့ကိုယ် နေတယ်ဆိုပြီး အကာအကွယ်မသုံးမိခဲ့ရင်ပေါ့။ တချို့ရောဂါတွေက ကုလို့ ပျောက်တယ်ဆိုပေမယ့် တချို့ရောဂါတွေကတော့ တစ်သက်လုံး ဆေးသောက်ရမှာပါ။

    • ဘယ်တော့မှ ဖြတ်လို့ မရတော့ဘူးလို့ ထင်တာ

    သူနဲ့ ကိုယ်နဲ့က အတူနေလိုက်ပြီ။ လင်မယားဖြစ်သွားပြီ။ နောက်ပိုင်းမှာ အဆင်ပြေပြေ၊ မပြေပြေ သူနဲ့ပဲ လက်ထပ်ရတော့မှာလို့ မှတ်ယူလိုက်တာမျိုးပါ။ တကယ်တော့ လက်မထပ်ခင်  အတူနေတယ်ဆိုတာ လိင်ကိစ္စအပြင် တစ်ယောက်နဲ့ တစ်ယောက် လေ့လာတာလည်း ပါပါတယ်။

    တစ်အိမ်တည်း အတူနေကြတဲ့ Living togetherတွေဆိုရင် အိမ်စရိတ်တွေ မျှခံရဲ့လား။ အိမ်မှာရှုပ်ပွနေအောင် နေတာလား စတာတွေပါ အကဲခတ်လို့ ရပါတယ်။ ဒီအချိုးနဲ့ ငါနဲ့တော့ မကိုက်လောက်ဘူးထင်ရင် အစတည်းက နှုတ်ဆက်ခဲ့လိုက်ပါ။

    ဒီတစ်ယောက်နဲ့ နေလိုက်လို့ ဒီတစ်ယောက်နဲ့ နေရမယ်ဆိုတာမျိုး မရှိတော့ပါဘူး။ အထူးသဖြင့် ကိုယ့်ကို စိတ်ဒုက္ခဖြစ်စေတတ်တဲ့၊ အကြမ်းဖက်တတ်တဲ့သူမျိုးဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ထားခဲ့ဖို့ ဝန်မလေးပါနဲ့။

    • အကျပ်ကိုင်ခံရတာ

    နင်က ငါနဲ့ အတူနေပြီးသား။ နင် ငါနဲ့ မယူလို့ မရတော့ဘူး။ နင် ငါနဲ့ လမ်းခွဲရင် ဒါမှမဟုတ် တစ်ခုခုကို မလိုက်လျောရင် နင်နဲ့ အတူနေထားတာတွေ အကုန်လုံးကို ပြောပစ်မှာ။ နင့်ကို ဘယ်သူမှ လက်ထပ်မှာ မဟုတ်ဘူး ဆိုတဲ့ စကားတွေနဲ့ အကျပ်ကိုင်ခံရတာပါ။

    • အပြစ်ရှိသလို ခံစားရတာ

    ဘာသာရေးယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကြောင့် အတူနေပြီးမှ မှားသလိုလို၊ လိပ်ပြာမလုံသလိုလို အပြစ်ရှိသလို ခံစားရတာပဲ ဖြစ်ပါတယ်။

    ဒါဆို လက်မထပ်ခင်  အတူနေခြင်း ကို လုပ်သင့်လား၊ မလုပ်သင့်ဘူးလား။

    အသက်ပြည့်ပြီးသား လူငယ်တွေဆိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရမှာပါ။ ကောင်းကျိုး ဆိုးကျိုးတွေကတော့ ပြောပြပြီးပါပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချမယ်ဆိုရင် ခုပြောမယ့် အကြောင်းအရာလေးတွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

    • နှစ်ဦးသဘောတူ ဖြစ်ပါစေ။

    တစ်ယောက်ယောက်က သဘောမတူဘူးဆိုရင် ဒီကိစ္စကို ဆက်မလုပ်တာ ကောင်းပါတယ်။ အထူးသဖြင့် ကိုယ်က မနေချင်ပါဘဲနဲ့ တစ်ဖက်က အတင်းတိုက်တွန်းလို့ နေလိုက်ရတယ်ဆိုတာ ပိုတောင် မဖြစ်သင့်ပါသေးတယ်။

    • ကိုယ်ဝန်မလိုချင်သေးရင် တားထားပါ။

    မတော်တဆ နေဖြစ်သွားတယ်ဆိုရင်တော့ ကွန်ဒုံး ဒါမှမဟုတ် အရေးပေါ်တားဆေး သုံးပါ။ ပုံမှန်နေဖြစ်နေပြီဆိုရင်တော့ တားဆေးတစ်ခုခုကို သေချာသုံးပါ။ ဥပမာ ဆေးသောက်တာ၊ ဆေးထိုးတာ ရွေးစရာ အများကြီး ရှိပါတယ်။ အရေးပေါ်တားဆေးတွေထက်စာရင် ဒီဆေးတွေက ကိုယ်ဝန်ကို ပိုပြီး ထိထိရောက်ရောက် တားနိုင်ပါတယ်။

    • လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို သတိထားပါ။

    အတူနေမယ်လို့ ဆုံးဖြတ်ထားရင် အနည်းဆုံးတော့ HIV၊ Bပိုး၊ Cပိုးလောက်တော့ စစ်ထားကြပါ။ မစစ်ဘဲနဲ့ အတူနေဖို့ ဖြစ်လာခဲ့တယ်ဆိုရင်လည်း ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။

    • သူက ဘယ်လိုလူမျိုးလဲ။

    သာမန်သမီးရည်းစားဘဝမှာတင် တစ်ခုခုဆို ခြိမ်းခြောက်လိုက်၊ အကြမ်းဖက်လိုက် လုပ်တတ်သူက အတူနေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တတ်ပါတယ်။ လူတစ်ယောက်ကို အပြင်ပန်း အကဲခတ်ရတာ ခက်ပေမယ့် ခန့်မှန်းကြည့်တာ မမှားပါဘူး။

    လက်မထပ်ခင် အတူနေသင့်သလား။

    လက်မထပ်ခင် အတူနေခြင်း က လက်ထပ်မယ်လို့ ကတိပြုလိုက်တာ မဟုတ်ပါဘူး။ အချိန်မရွေး ကိုယ့်မှာ နောက်ပြန်လှည့်ခွင့်ရှိပါတယ်။ ဒါပေမယ့် အတူမနေခင်မှာတော့ အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို ကြိုပြင်ဆင်ပါ။ အတူနေတာ မနေတာထက် တကယ်လို့များ နေဖို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကို အန္တရာယ်ကင်းအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement