backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပါတီတွေမှာ ဆေးခတ် မခံရစေဖို့ ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပါတီတွေမှာ ဆေးခတ် မခံရစေဖို့ ဘယ်လိုကာကွယ်မလဲ

ပါတီတွေမှာ သောက်စားပျော်ပါးတာအပြင် သတိထားသင့်တဲ့ အန္တရာယ်တစ်ခုကတော့ ဆေးခတ် ခံရတာပါ။ ကိုယ်သောက်မယ့် အရက်ထဲ၊ အချိုရည်ထဲကို ဆေးခတ်ပြီး မကောင်းကြံကြတာပဲ ဖြစ်ပါတယ်။ ဆေးခတ်တာက သူငယ်ချင်းအချင်းချင်း စနောက်တဲ့အနေနဲ့ ခတ်ကြတာ ရှိသလို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ချင်လို့ ခတ်ကြတာ ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ အများဆုံးပါ။ ဒီလိုအမြတ်ထုတ်ခံရတဲ့ထဲမှာ အမျိုးသမီးတွေအပြင် အမျိုးသားနဲ့ LGBTတွေလည်း ပါဝင်ပါတယ်။

ပါတီတွေမှာ ဆေးခတ် တယ်ဆိုတာ

ဒီဆေးတွေကို Date rape drugsတွေလို့ ခေါ်ပါတယ်။ အဓိကအားဖြင့် GHBရယ်၊ ကေလို့ ခေါ်ကြတဲ့ Ketamineရယ်၊ Rohypnolလို့ခေါ်တဲ့ flunitrazepam တို့ ပါဝင်ပါတယ်။

ဒီဆေးတွေကို သုံးရခြင်းရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို ကိုယ်စိတ်ကြိုက်ပြုလုပ်နိုင်ဖို့နဲ့ ကိုယ်လုပ်သမျှကို သူမမှတ်မိစေဖို့ပါ။ ဒီဆေးတွေက ဒီရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။ သူတို့အားလုံးမှာ တူညီနေတဲ့ အချက်တွေကတော့ မူးဝေစေတာ၊ လူကို ငြိမ်ကျသွားစေတာပဲ ဖြစ်ပါတယ်။

ဒီတော့ တစ်ခုခုဆို တုံ့ပြန်ဖို့ နှေးသလို ခုခံဖို့အားလည်း မရှိပါဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ဆင်ခြင်နိုင်စွမ်း မရှိပါဘူး။ ဖြစ်ခဲ့သမျှကိုလည်း မှတ်မိဖို့ ခဲယဉ်းပါတယ်။ တချို့ဆို ကြွက်သားတွေပါ ဆိုင်းပြီး လှုပ်မရတာမျိုးတွေ ရှိတဲ့အတွက် ကိုယ့်ကို မဟုတ်တာလုပ်နေတာ သိနေရင်တောင် ထွက်ပြေးဖို့၊ အော်ဟစ်ဖို့ ခက်ပါတယ်။

ဘယ်သူတွေက ဆေးခတ်ခံရနိုင်ခြေ များသလဲ။

အမျိုးသမီးတွေက ဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဘယ်သူမဆို ဒီအန္တရာယ်ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ လေ့လာချက်တွေအရ တော်တော်များများက ဆေးခတ်ခံရတာကို ပေါ့ပေါ့တွေးကြပြီး အကာအကွယ်တွေ မလုပ်ကြပါဘူး။ ဥပမာပြောရရင်

  • အများစုက ငါ့မှာ ရန်ဖက်မရှိပါဘူး။ ဒီလိုမျိုး ကြုံရမှာ မဟုတ်ပါဘူး။ ဆေးခတ်တာက ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့ ယူဆကြပါတယ်။
  • နောက်ပြီး ဆေးခတ်တာက သူစိမ်းမှ လုပ်မယ်လို့လည်း ယူဆထားလို့ မရပါဘူး။ မျက်နှာသိ၊ အရင်းနှီးဆုံးသူတွေလည်း ဖြစ်နိုင်ပါတယ်။ သူစိမ်းတွေဆီကသာမသောက်တာ အသိတွေဆီက သောက်ကြတယ်ဟုတ်။ တချို့ကျတော့လည်း ခုမှသိ၊ ရင်းနှီးအောင် လုပ်ပြီး လုပ်ကြံတတ်ပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုသာ သတိထားပြီး မကာကွယ်ရင် အချိန်မရွေး ဘယ်သူ့ဆီကမဆို ဆေးခတ် ခံရနိုင်ပါတယ်။

ပါတီတွေမှာ ဆေးခတ် မခံရစေဖို့ ဘယ်လိုကာကွယ်မလဲ

ပါတီတွေမှရယ် မဟုတ်ပါဘူး။ ဘယ်ပွဲသွားတာဖြစ်ဖြစ်၊ ဒိတ်လုပ်တာဖြစ်ဖြစ် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

  • အလွန်အကျွံမသောက်ပါနဲ့။

တစ်ခါတလေ ဆေးခတ်ခံရတာမဟုတ်ဘဲ အရက်တွေ အလွန်အကျွံသောက်တာကြောင့် မှောက်သွားပြီး အမြတ်ထုတ်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေရဲ့ ၇၅%က အရက်အလွန်အကျွံသောက်တာကြောင့်ပါ။ ဒါကြောင့် ကိုယ့်လစ်မစ်ကို သိပါ။ တိုက်တိုင်း မသောက်ပါနဲ့။

  • သူများတွေတိုက်တာကို မသောက်ပါနဲ့။

သိတဲ့သူဆီကဖြစ်ဖြစ် သူစိမ်းဆီကဖြစ်ဖြစ် တစ်ခုခုလာတိုက်တဲ့အခါ မသောက်ပါနဲ့။ ခွက်ထဲကို တစ်ခုခုလာထည့်တဲ့အခါမှာလည်း သတိထားပြီး စောင့်ကြည့်နေပါ။ ဘားမှာ စပ်ပေးနေရင်လည်း သေချာကြည့်နေပါ။

  • ကိုယ့်ဘာသာကိုယ်ပဲ ဖွင့်သောက်ပါ။ 

အအေးတွေ၊ ဘီယာဘူးတွေ သောက်မယ်ဆိုရင် သူများဖောက်ပြီး သယ်လာတာကို မသောက်ပါနဲ့။ ကိုယ့်ဆီရောက်မှ ကိုယ့်ဘာသာကိုယ် ဖွင့်ပါ။

  • အနံ့အရသာ ထူးဆန်းနေတာတွေကို မသောက်ပါနဲ့။

Date rape drugs တွေက အနံ့အရသာ မရှိဘူးဆိုပေမယ့် တချို့တွေကတော့ ငန်တာ၊ အရသာထူးခြားနေတာတွေ ရှိပါတယ်။ ဒါဆိုရင် မသောက်သင့်ပါဘူး။

  • အတူပါလာသူတွေနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။

တစ်ယောက်တည်း သီးသန့်သောက်နေတာ၊ မသိတဲ့သူနဲ့ သောက်နေတာမျိုးကို ရှောင်ပါ။ ကိုယ့်သူငယ်ချင်းတွေ အနားမှာပဲ နေပါ။

  • ကိုယ့်မျက်စိအောက်မှာ မရှိတော့တဲ့ ခွက်ကနေ မသောက်ပါနဲ့။

ဆိုလိုတာက သောက်နေရင်းကနေ ခွက်ကို ထားပြီး အိမ်သာသွားတာ၊ သွားကတာမျိုး လုပ်ပြီးလို့ ပြန်လာရင် ဒီခွက်ကို ဆက်မသောက်သင့်ပါဘူး။ ကိုယ်မရှိတဲ့အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ခွက်ကို ဆေးခတ် ထားနိုင်ပါတယ်။ ဒါကြောင့် အသစ်ပြန်သောက်ပါ။ ဒီလိုမလုပ်ချင်ရင်လည်း ကိုယ်တစ်နေရာသွားမယ်ဆို စိတ်ချရတဲ့သူငယ်ချင်းကို စောင့်ကြည့်ခိုင်းပါ။

  • အတင်းတိုက်နေတယ်လို့ ယူဆတဲ့အခါ ပြတ်ပြတ်သားသား ငြင်းဆန်ပါ။
  • တစ်ခါတလေ အရက်ပြင်းတွေကို အတင်းတိုက်တာ၊ မမူးမူးအောင် တိုက်နေတယ်လို့ ယူဆတဲ့အခါ ပြတ်ပြတ်သားသား ငြင်းပါ။ အားနာငြင်း ငြင်းတာမဟုတ်ဘဲ တည်တည်တံ့တံ့နဲ့ မသောက်ဘူးဆိုတဲ့အကြောင်းကို ပြောပါ။

    Takeaways

    ပါတီတွေ၊ ကလပ်တွေ သွားတဲ့အခါ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာ မှန်ပေမယ့် ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်ပါ။ ကိုယ်သောက်တဲ့ ခွက်ကို ဥစ္စာခြောက်နေတယ်လို့ ထင်ရပေမယ့် ဆေးခတ်ခံရတာ၊ Date rapeတွေဆိုတာ မဖြစ်လေ ကောင်းလေပါ။ ဒီတော့ ကိုယ့်ကိုယ်ကို သတိကပ်ပြီး စောင့်ရှောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement