backup og meta

ကတ်တမင်း တလွဲ သုံးစွဲခြင်း ရဲ့ ကြောက်စရာ ဆိုးကျိုးပေါင်းများစွာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကတ်တမင်း တလွဲ သုံးစွဲခြင်း ရဲ့ ကြောက်စရာ ဆိုးကျိုးပေါင်းများစွာ

    ကတ်တမင်း (ketamine) ဆိုတာကို သိတဲ့လူတွေ သိကြမှာပါ။ ကတ်တမင်းဆိုတာ ဆေးကုသမှုတချို့မှာသုံးတဲ့ မေ့ဆေးတစ်မျိုးဖြစ်သလို တိရစ္ဆာန်ဆေးကုတဲ့နေရာမှလည်း သုံးကြပါတယ်။

    ဒါပေမယ့် ကတ်တမင်း ကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ မျောလွင့်လို့ကောင်းစေမယ့် ဆေးအဖြစ် တလွဲသုံးကြတဲ့အခါ မူးယစ်ဆေးအဖြစ် ရောက်သွားပါတော့တယ်။ စိတ်ကူးထဲမျောလွင့်မှုကို ခံစားသာယာဖို့ ကတ်တမင်းကို အမှုန့်ပုံစံအဖြစ် ရှူကြသလို အရည်ပုံစံနဲ့ ထိုးသွင်းကြပါတယ်။

    ကတ်တမင်း တလွဲ သုံးစွဲခြင်း

    ကတ်တမင်းကို မူးယစ်စေမယ့် ဆေးအဖြစ်သုံးတာက လေထဲမျောလွင့်နေတဲ့ ခံစားချက်ကနေစလို့ ရုပ်နဲ့ နာမ်ခွာသွားတဲ့အဆင့်ထိ ထင်ယောင်ထင်မှားတွေဖြစ်လာစေပါတယ်။ ဒီအာနိသင်ကြောင့်ပဲ ကတ်တမင်းဟာ Ecstasy (MDMA)၊ Rohypnol နဲ့ GHB တို့လို ကလပ်တွေမှာအသုံးများတဲ့ ဆေးဝါးတစ်မျိုးဖြစ်လာပါတယ်။

    Ecstasy နဲ့ မတူတာက Eက သုံးပြီးရင် Highနေတတ်ပြီး Kကတော့ သူ့ဟာသူ လွင့်နေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အကြိုက်နဲ့ကိုယ် ပါတီနဲ့ ကလပ်တွေမှာ သုံးကြတာ ဖြစ်ပါတယ်။

    တစ်ခါတလေ အပျော်အတွက် ပမာဏနည်းနည်းပဲ သုံးမယ်ဆိုရင်

    • စိတ်နဲ့ လူ ပြေလျော့ပြီး အေးဆေးဖြစ်စေတယ်၊ နာကျင်ကိုက်ခဲမှုတွေရှိရင် သက်သာစေတယ်။
    • နည်းနည်း စိတ်ကျမယ်။
    • မူးမယ်။
    • ခန္ဓာကိုယ်ကနေ နာမ်ခွာသလို လွင့်နေမယ်။
    • စကားပြောရင် ဗလုံးဗထွေး ဖြစ်လာမယ်။
    • ခန္ဓာကိုယ်ရဲ့အာရုံတုံ့ပြန်မှုတွေ မှေးမှိန်လာမယ်။
    • မိနစ် ၃၀ – ၆၀ လောက် အာရုံထင်ယောင်ထင်မှားဖြစ်မယ်။
    • မျက်လုံးလှုပ်ရှားမှု ထိန်းချုပ်မရခြင်း (nystagmus)ဖြစ်လာမယ်။

    ပမာဏများရင်တော့ အသက်ရှူနှေးတာ၊ ကြွက်သားတွေတောင့်တင်းတာ ဒါမှမဟုတ် အားနည်းတာ၊ ခေါင်းမူးတာ၊ ဟန်ချက်မထိန်းနိုင်တာ၊ အမြင်အာရုံပျက်ယွင်းလာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ ဆိုးရွားတဲ့ အာရုံရှုပ်ထွေးမှုဖြစ်လာတာ စတဲ့ ဆိုးကျိုးတွေကို အန္တရာယ်ရှိတဲ့အဆင့်ထိ ဖြစ်လာစေနိုင်ပါတယ်။

    အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ

    ကတ်တမင်း တလွဲသုံးစွဲတဲ့အခါ အန္တရာယ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တယ်။ သူ့ချည်းပဲတင်မကဘဲ အရက်၊ ဆေးခြောက် တို့လို တခြားမူးယစ်စေတဲ့အရာတွေနဲ့ တွဲစပ်သုံးမိရင် အန္တရာယ်ပိုကြီးသွားပါလိမ့်မယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေကတော့

  • သွေးပေါင်ချိန်မြင့်တက်တာ၊
  • အသက်ရှူနှုန်းနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တာ၊
  • ပြင်းပြင်းထန်ထန် မအီမသာ ပျို့အန်တာ၊
  • သေချာမမြင်ရတော့တာ၊
  • အတက်ရောဂါလို အကြောဆွဲတာ၊
  • ထင်ယောင်ထင်မှား ကယောင်ကတမ်းဖြစ်တာ၊ အိပ်မက်ဆိုးတွေမက်တာ၊
  • စိုးရိမ်ပူပန်စိတ်တွေ အရမ်းများနေတာ၊
  • ညဘက်လုံးဝအိပ်မပျော်တာ
  • လှုပ်ရှားမှုတွေ နှေးလာတာ၊
  • ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာတာ၊
  • အာရုံလွတ်နေတာ၊
  • ထုံနေတာ၊
  • နှလုံးခုန်မြန်တာ၊
  • အသံနဲ့ အမြင် အာရုံအသိတွေ ပျက်ယွင်းလာတာ စတာတွေ ပါဝင်ပါတယ်။
  • ဆီးအိမ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတွေက ကတ်တမင်းစွဲနေသူတွေမှာ အဖြစ်များပါတယ်။ ကတ်တမင်းသုံးစွဲသူတွေရဲ့ ၂၅ ရာခိုင်နှုန်းက ဆီးအိမ်ရောဂါကြောင့် ဆီးထဲသွေးပါတာမျိုး ခံစားရလေ့ရှိတယ်။ ရံဖန်ရံခါပဲ သုံးလေ့ရှိတဲ့သူတွေတောင် ဆီးသွားရင် နာကျင်ရတာတွေရှိပါတယ်။ လနဲ့ချီပြီး များများသုံးစွဲတဲ့အခါ ဆီးအိမ်ပျက်စီးသွားနိုင်ပါတယ်။

    ကျောက်ကပ်ပျက်စီးမှု၊ ဦးနှောက်ထိခိုက်မှုနဲ့ ဉာဏ်ရည်ပိုင်းပျက်ယွင်းမှုက တစ်သက်တာခံစားရတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်သွားနိုင်ပါတယ်။ အသက်ရှူစနစ်ပြဿနာနဲ့ နှလုံးခုန်နှုန်းမြန်တာက အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ရှိတယ်။

    ပမာဏအများကြီးသုံးလိုက်မယ်ဆိုရင် ထင်ယောင်ထင်မှားအမြင်လွန်ကဲရာကနေ ကိုမာအခြေအနေနဲ့ ပြင်းထန်တဲ့ သတိလစ်မေ့မြောမှုတွေ ဖြစ်လာနိုင်တယ်။ ပုံမှန်သုံးနေကျ လူက မသုံးဘဲ ရပ်လိုက်မယ်ဆိုရင်လည်း ယင်းထသလိုမျိုး ခံစားရတတ်ပါတယ်။

    ဒီတော့ ကတ်တမင်းကို သုံးတော့မယ်ဆိုရင် မသုံးခင်မှာ အပေါ်က ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို တစ်ချက်လောက် ပြန်တွေးကြည့်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement