backup og meta

HIV နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်တွေ

    HIV နဲ့ AIDS ဆိုတာ လူတော်တော်များများနဲ့ ပတ်ဝန်းကျင်က ကြောက်လန့်တတ်တဲ့ ရောဂါအခြေအနေထဲမှာ ပါပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါတွေလို မဟုတ်ပဲ ဆေးကို ပုံမှန်သောက်သုံးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်၊ နေ့စဉ် စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပြောင်းလဲမယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    HIV နဲ့ ပတ်သက်ပြီး လူတွေအမေးများကြတဲ့ မေးခွန်းတွေ၊ သိထားသင့်တဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ၁။ HIV ဘယ်လိုကူးစက်တတ်လဲ။

    လူတွေ ထင်ထားသလို တံတွေးကနေတစ်ဆင့်၊ အသားချင်း၊ ပစ္စည်း အသုံးအဆောင် မျှဝေသုံးစွဲရုံနဲ့ မကူးစက်နိုင်ပါဘူး။ အဓိက သွေး၊ လိင်အင်္ဂါမှ ထွက်တဲ့အရည်ဟာ ကိုယ်ခန္ဓါ သွေးလမ်းကြောင်းထဲ ဝင်မှသာ ကူးစက်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိတဲ့ မိခင်မှတစ်ဆင့် ကိုယ်ဝန်ဆောင်နေတဲ့ သန္ဓေသားကို ကူးစက်ခြင်းတွေဟာ အဓိကအကြောင်းရင်းတွေပါပဲ။

    ၂။ HIV ကူးစက်ခံရပြီးနောက် လက္ခဏာ ပြတတ်လား။

    ပုံမှန်လူတွေမှာ HIV ပိုးကူးစက်ခံရပြီး ၂ပတ် မှ ၆ပတ်အတွင်း အပြင်းဖျားနာခြင်း၊ ပါးစပ်တွင်းမှာ အနာပေါက်ခြင်း၊ ကိုယ်ခန္ဓာအနှံ့ အင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားအရိုးအဆစ် နာကျင်ကိုက်ခဲခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာတော့ ဘယ်လိုလက္ခဏာမှ မပြပဲ အကောင်းပကတိအတိုင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို သံသယရှိတဲ့ အပြုအမူမျိုး၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံမှုမျိုး ကျူးလွန်မိပါက ၆လပြည့်တိုင်း သွေးစစ်ကြည့်တာ အကောင်းဆုံးပါပဲ။

    ၃။ HIV နဲ့ AIDS က အတူတူပဲလား။

    လုံးဝမတူပါဘူး။ HIV ဆိုတာ AIDS ခုခံအားကျဆင်းမှုရောဂါကို အဓိကဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲ ပိုးဝင်ရောက်ပြီး ကုသမှုမခံယူတဲ့အခါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာမယ်။ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်ပြီး နောက်မှာ AIDS ရောဂါဟာ နောက်ဆုံးအခြေအနေနဲ့ ဖြစ်လာနိုင်ပါတယ်။

    ၄။ HIV ကို အမြစ်ပြတ်ကုသလို့ ရလား။

    လက်ရှိမှာတော့ HIV ဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ် ပျောက်ကင်းစေတဲ့ ဆေးဝါးတွေ မထွက်ပေါ်လာသေးပါဘူး။ ART ဆေး (Antiretroviral Therapy) ကိုသာ နေ့စဉ် နေ့တိုင်း အချိန်မှန် သောက်ပေးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အနေအထိုင်ကို ဆင်ခြင်မယ်၊ အကောင်းဘက်ကို ပြောင်းလဲမယ်ဆိုရင် သွေးထဲမှာ ရှိတဲ့ ရောဂါပိုးကို ထိန်းထားနိုင်တဲ့အပြင် စစ်ဆေးလို့ မရတဲ့ (Undetectable) ပိုးကောင်ရေအလွန်နည်းတဲ့ အခြေအနေထိ ရောက်နိုင်ပြီး ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်မှာပါ။

    ၅။ HIV ရှိ၊ မရှိ လူတိုင်း စစ်ဆေးဖို့ အရေးကြီးပါတယ်။

    ကျား၊ မ၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် စောစောစစ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိခဲ့ရင်လည်း စောစီးစွာ သိနိုင်တဲ့အတွက် ART ဆေးဝါးနဲ့ ပိုးကို ထိန်းထားနိုင်ပြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ ချစ်သူ၊ လိင်ဆက်ဆံဖော်တွေကိုလည်း ကိုယ့်ဆီကနေ ရောဂါပိုးမကူးစက်စေနိုင်ဖို့ ကာကွယ်ပေးရာလည်း ရောက်ပါတယ်။

    ၆။ HIV ပိုးရှိလို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးစရာ မလိုတော့ဘူးလား။

    ပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်လင်၊ တစ်မယား စနစ်ကို ကျင့်သုံးတဲ့ သူတွေအတွက်တော့ ကွန်ဒုံးမဖြစ်မနေ သုံးဖို့ မလိုအပ်ပါဘူး။ လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများတဲ့သူတွေ၊ အပျော်အပါး လိုက်စားသူတွေအတွက်တော့ HIV သာမက တခြားသော လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကွန်ဒုံးကို အသုံးပြုပေးပါ။

    ၇။ HIV ပိုးမကူးစက်အောင် ကာကွယ်နိုင်တဲ့ ဆေးရှိလား။

    ကွန်ဒုံးဟာ HIV နဲ့ တခြားသော ရောဂါတွေ မကူးစက်စေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးဝါးအနေနဲ့ PrEP (Pre-exposure prophylaxis) ဆေးတွေကို နေ့စဉ် သောက်မယ်ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ HIV ပိုး ကူးစက်နှုန်း လျှော့ချပေးနိုင်ပါတယ်။

    ၈။ HIV ပိုး ရှိတဲ့ မိခင်တွေ ကိုယ်ဝန်ဆောင်လို့ ရလား။

    မိခင်တွေအနေနဲ့ ART ဆေးကိုသာ ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးလာပြီး သန္ဓေသားဆီကို မကူးစက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားမှာ HIV ပိုး ရှိရင်လည်း ဆေးပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ ဇနီးနဲ့ ကိုယ်ဝန်ကို ကူးစက်မှုနှုန်း အလွန်နည်းသွားနိုင်ပါတယ်။

    ၉။ HIV ရှိလို့ ဘဝပျက်ရတော့မှာလား။

    လုံးဝမဟုတ်ပါဘူး။ ART လို့ခေါ်တဲ့ HIV ပိုးထိန်းဆေးကိုသာ နေ့စဉ်ပုံမှန်သောက်ပေးမယ်။ ကျန်းမာရေးကို ဂရုစိုက်မယ်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် သက်တမ်းစေ့ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိတာ သိပြီဆိုရင် ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေကို ပြောပြထားပါ။ သူတို့ရဲ့ အားပေးမှု၊ အကူအညီကို ယူပါ။ စိတ်ဓာတ်ကို ကြံ့ခိုင်အောင်ထားပါ။ သေချာကုသမှုခံယူမယ်ဆိုရင် HIV ဟာ ဘဝပျက်စေနိုင်လောက်တဲ့ ရောဂါအခြေအနေထဲမှာ မပါဝင်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement