backup og meta

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း


Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

    အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

    ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။

    အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ အသက် ၂၀ အစပိုင်းမှာ အများဆုံးပါပဲ။

    အသက် ၂၀ ကနေ ၄၀ အတွင်း တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ အနည်းငယ်စီ ကျဆင်းသွားပေမဲ့ ပြောင်းလဲမှုတွေကတော့ နည်းပါးပါတယ်။ ၄၀ ကျော်လာတဲ့ အချိန်အထိ တက်စတိုစတီရုန်း စုစုပေါင်း ပမာဏဟာ အနည်းငယ်သာ ကျဆင်းသွားတာပါ။ ဒါပေမဲ့ အဲ့အချိန် ခန္ဓါကိုယ်က sex hormone binding globulin (SHBG) လို့ခေါ်တဲ့ သွေးရည်ကြည်ထဲပါဝင်တဲ့ ပရိုတင်း တစ်မျိုးကို ထပ်မံ ထုတ်လုပ်ပါတယ်။ ဒီ ပရိုတင်းဟာ ခန္ဓါကိုယ်ထဲက တက်စတိုစတီရုန်းပမာဏကို သုံးဖို့ လုံလောက်တဲ့ ပမာဏ အထိသာ လျော့ကျသွားစေပါတယ်။ တက်စတို စတီရုန်း ပမဏ ကျဆင်းသွားတာနဲ့ အမျှ သင့်ခန္ဓါကိုယ်မှာ ဒီအစိတ်အပိုင်းတွေကတော့ စတင်ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။

    ဆီးခုံမွှေး

    သင့်ခန္ဓါကိုယ်ရဲ့ တစ်ခြားသော အစိတ်အပိုင်းက အမွှေးများလိုပါပဲ။ ဆီးခုံမွှေးတွေဟာ ပိုပါးလာပြီး မီးခိုးရောင် ပြောင်းလာပါလိမ့်မယ်။

    လိင်တံအရွယ်အစား

    အဲ့ဒီအသက်အရွယ်ရောက်လာတာနဲ့ သင့်ရဲ့ လိင်တံဟာ အရင်ကထက် ပိုသေးသွားတယ်လို့ ခံစားကြရမှာပါ။ လိင်တံရဲ့ အရွယ်အစားကတော့ သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ပေမဲ့ ဆီးခုံရိုးနား တစ်ဝိုက်မှာ အဆီတွေ ပိုလာတဲ့အတွက် ဒီအဆီတွေဟာ အမျိုးသားလိင်တံအပေါ်ကို အိကျလာတဲ့အခါ လိင်တံသေးသွားတဲ့ ပုံစံပေါက်စေတာ ဖြစ်ပါတယ်။

    လိင်တံရဲ့ ပုံစံ

    အမျိုးသား အနည်းစုမှာ လိင်တံတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောက်လာတတ်ပါတယ်။ ဒီလိုကောက်လာတဲ့အခါ လိင်တံရဲ့ အလျား၊ လုံးပတ်နဲ့ လုပ်ဆောင်ချက်တွေ အပေါ် သက်ရောက်မှုရှိပါတယ်။ ဒီလိုလိင်တံ ကောက်လာခြင်း ဖြစ်စဉ်ကို ပေရိုနီးစ်ရောဂါ (Peyronie’s disease) လို့ခေါ်ပြီး ထိခိုက်မှု ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အများစုအားဖြင့် ဒီဒဏ်ရာတွေဟာ လိင်ဆက်ဆံစဉ် လိင်တံကွေးခြင်းကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေ စတင်ပျောက်ကင်းတဲ့ အချိန်မှာ corpora cavernosa ဆိုတဲ့ ထောင်မတ်ကြွက်သားတွေကို ဖုံးထားပေးတဲ့

    tunica albuginea ဆိုတဲ့ ဖိုက်ဘာ အစွပ်မှာ အမာရွတ် တစ်ရှူးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အမာရွတ်ထင်နေတဲ့ အစွပ်ဟာ ထပ်မံပြန့်မကားနိုင်တော့တဲ့ အတွက် ကောက်ကွေးစွာ လိင်တံ ထောင်မတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံကောက်ခြင်းရောဂါ (Peyronie’s disease)ကို ဆေးဝါးနဲ့ပဲ ဖြစ်ဖြစ် ခွဲစိတ်ကုသပြီးပဲ ဖြစ်ဖြစ် ပြန်လည် ကုသနိုင်ပါတယ်။

    ဝှေးစေ့များ

    သင့်ရဲ့ ကပ်ပယ်အိတ်ထဲမှာ ရှိနေတဲ့ ဒီ အသေးစား အင်္ဂါလေးတွေဟာ သုတ်ကောင်ထွက်ဖို့အတွက် လုပ်ဆောင်တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ တက်စတို စတီရုန်း (testosterone) ဟော်မုန်းပမာဏ ကျဆင်းသွားတာနဲ့ သုတ်ကောင်ထုတ်လုပ်မှု လုပ်ငန်းလည်း နှေးကွေးသွားပြီး ဝှေးစေ့ များလည်း ရှုံ့သွားပါတယ်။ ဟော်မုန်း အစားထိုးကုသမှုတွေကို သင်ပြုလုပ်တဲ့ အခါမှာ ဦးနှောက်အောက်မှာ တည်ရှိတဲ့ ပီကျူထရီ ဂလင်းက ဝှေးစေ့ကို တက်စတိုစတီရုန်း ဟော်မုန်းထုတ်လုပ်ဖို့ ပို့နေတဲ့ အချက်ပြမှုတွေကို ရပ်တန့်လိုက်ပါတယ်။ အဲ့အချိန်ကျရင်တော့ ဝှေးစေ့တွေဟာ ပိုမို ရှုံ့သွားမှာ ဖြစ်ပါတယ်။

    ကပ်ပယ်အိတ်

    ကပ်ပယ်အိတ်ရဲ့ အဓိက လုပ်ဆောင်ချက်ဟာ ဝှေးစေ့ရဲ့ အပူချိန်ကို ထိန်းညှိပေးဖို့အတွက်ပါ။ ကပ်ပယ်အိတ်ကို အလိုအလျောက် ထိန်းချုပ်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး ဝှေးစေ့တွေကို ပူစေလိုတဲ့အခါမှာ ခန္ဓါကိုယ်နဲ့ ကပ်ပေးထားပြီး အေးစေလိုတဲ့ အခါမှာတော့ ခန္ဓါကိုယ်အောက်သို့ ချထားပေးခြင်းဖြင့် အပူချိန်ကို ထိန်းချုပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီကြွက်သားတွေဟာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ဘဲ ကပ်ပယ်အိတ်ဟာ တွဲလောင်းကျနေတဲ့ ပုံစံနဲ့ ပဲနေပါတော့တယ်။ အသက် ၄၀ ကျော်လာတဲ့ အချိန်မှာ Hydrocele လို့ခေါ်တဲ့ ကပ်ပယ်အိတ်အတွင်း အရည်များစုလာမိခြင်းကြောင့် ကပ်ပယ်အိတ် ယောင်လာတဲ့ ဖြစ်စဉ်လည်း ဖြစ်နိုင်ပြီး ဒီလိုဖြစ်ရင် ကပ်ပယ်အိတ်ဟာ ပိုပြီး တွဲလောင်းကျလာနိုင်ပါတယ်။ Hydrocele ဟာ မွေးကင်းစ ကလေးတွေ မှာ ဖြစ်လေ့ရှိပြီး အသက် ၁ နှစ်အရွယ်မှာ ဘာကုသစရာမှ မလိုဘဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ယောကျာ်းလေးတွေမှာတော့ ကပ်ပယ်အိတ်အတွင်း ယောင်ယမ်းခြင်းနဲ့ ဒဏ်ရာတို့ကြောင့် Hydrocele ဖြစ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့် Hydrocele တွေဟာ နာကျင်မှုမရှိဘဲ သင့်အနေနဲ့ ကပ်ပယ်အိတ် ယောင်ကားနေပြီး၊ နေရထိုင်ရ အဆင်မပြေတဲ့ အခါမှာ ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။

    လိင်တံရဲ့လုပ်ဆောင်ချက်များ

    အသက်ကြီးလာတာနဲ့ အမျှ လိင်တံတစ်ဝိုက် အာရုံကြောတွေဟာ ခံစားမှု စွမ်းအား နည်းလာကြပါတယ်။ ဒီလို ခံစားမှု အားနည်းလာတဲ့အခါမှာ လိင်စိတ် ထကြွမှုနဲ့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ပိုခက်ခဲလာတတ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ နည်းလာတာနဲ့ အမျှ လိင်တံထောင်မတ်ဖို့ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ အဲ့ဒီအချိန် လိင်တံမာကျောမှု အားနည်းလာမှာ ဖြစ်ပေမဲ့ လိင်ဆက်ဆံရာမှာ လိုအပ်တဲ့ တောင့်တင်းမှုတော့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

    ဒီလို အသက်ကြီးလာတဲ့ အချိန် လိင်တံတွေရဲ့ စွမ်းဆောင်မှု လျော့နည်းသွားရခြင်းရဲ့ အဓိက လက်သည်ကတော့ ခန္ဓါကိုယ်က လိင်တံထဲသို့ ပို့ပေးနေတဲ့ သွေးပမာဏကို ခန္ဓါကိုယ်က မထိန်းထားနိုင်တော့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလို သွေးလုံလုံလောက်လောက်မရတဲ့အခါမှာ သင့်အနေနဲ့ လိင်တံတော့ ထောင်မတ်ဦးမှာ ဖြစ်ပေမဲ့ အကြာကြီးထိန်းထားနိုင်မှာတော့ မဟုတ်ပါဘူး။ သွေးက လုံလုံလောက်လောက်ဝင်လာတဲ့အခါ သင့်လိင်တံနားတစ်ဝိုက်နားက အိုမင်းနေတဲ့ ထောင်မတ်ကြွက်သားများက သွေးများကို မထိန်းထားနိုင်ကြတော့ပါဘူး။ ဒီတော့ ရလာဒ်က လိင်တံတောင့်တင်းမှု လျော့ကျလာခြင်းပဲ ဖြစ်ပါတယ်။

    အသက်ကြီးလာတာနဲ့ လိင်အင်္ဂါတွေ ပြောင်းလဲလာခြင်းနဲ့ လိင်စိတ်ဆန္ဒတွေ လျော့နည်းလာခြင်းဆိုတာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ တကယ်လို့ အသက်ကြီးလာလို့ ချို့ယွင်းလာတဲ့ ပြောင်းလဲမှုတွေက သင့်ရဲ့ဘဝနဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေး အပေါ်သက်ရောက်မှု ရှိလာပြီဆို ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement