home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဒါတွေလုပ်နေသရွေ့ တုပ်ကွေး ပျောက်မှာ မဟုတ်ပါဘူး။

ဒါတွေလုပ်နေသရွေ့ တုပ်ကွေး ပျောက်မှာ မဟုတ်ပါဘူး။

မိုးရာသီရောက်ပြီဆိုတော့ နည်းနည်းလေးမိုးမိတာနဲ့ နှာစေးတာတွေ၊ ချောင်းဆိုးတာတွေ၊ ဖျားနာတာတွေ၊ ကိုယ်လက်ကိုက်တဲ့ အသံတွေ ကြားရတော့မှာပါ။ ရာသီတုပ်ကွေး အပါအဝင်ပေါ့။ ဒါမျိုးဖြစ်လာပြီဆိုရင် အားလုံးက မြန်မြန်ပြန်သက်သာချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ နည်းလမ်းအမှားတွေကြောင့် မလိုအပ်ဘဲ အဖျားတာရှည်တတ်ပါတယ်။ ကိုယ်ဘာတွေ လွဲလွဲမှားမှား လုပ်နေမိလဲ။ ကြည့်ကြည့်ရအောင်။

တုပ်ကွေး မပျောက်တာ ဒါတွေကြောင့်ပါ။

  • အိမ်မှာ မနားတာ

တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အလုပ်မသွားဘဲ အိမ်မှာ နားတာ အကောင်းဆုံးပါပဲ။ ခွင့်ယူဖို့အခက်အခဲရှိရင် အိမ်ကနေ အလုပ်လုပ်ဖို့ ညှိုနှိုင်းပါ။ CDCရဲ့ အဆိုအရဆိုရင် အဖျားကျဆေးတွေ မသောက်ဘဲ အဖျားပျောက်တာ တစ်ရက်နေမှ ရုံးပြန်တက်ပါတဲ့။ မဖျားဘဲ တုပ်ကွေးနေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ သူတို့တွေကတော့ အနည်းဆုံး အိမ်မှာ ၃၊ ၄ ရက် နားပါ။ ဒီလို အနားယူလိုက်တာက အဖျား ပြန်ပြန် သက်သာတဲ့အပြင် သူများကိုလည်း ကူးဖို့ အခွင့်အရေး နည်းသွားပါတယ်။

  • အဖျားမချတတ်တာ

အဖျားကျဆေးတွေ သောက်တာပဲ ဖြစ်ဖြစ်၊ ရေပတ်တိုက်တာ ဖြစ်ဖြစ် လွဲမှားပြီး လုပ်နေတာလေးတွေ ရှိပါတယ်။ ဖျားလို့ ပါရာစီတမော သောက်တယ်ဆိုပါစို့။ သူ့ရဲ့ ပုံမှန် doseက လူကြီးတွေဆို 1g ကို တစ်နေ့ ၄ခါ သောက်လို့ရပါတယ်။ ၆နာရီခြားပေါ့။ 1g မသောက်ရဲရင် 500mgသောက်လို့ရပါတယ်။ ဒါပေမယ့် တစ်နေ့ကို တစ်လုံးသောက်ပြီး အဖျားမကျဘူးဆိုတဲ့ complaintတွေ ပြန်လာပါတယ်။ အဖျားမကျရင် ဆေးထပ်သောက်လို့ရပါတယ်။ ဆေးက သူ့အရှိန်ကုန်သွားရင် အဖျား ပြန်တက်လာမှာပါပဲ။ ဆေးပတ်မလည်ရင် သက်သာမှာ မဟုတ်ပါဘူး။

တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့လို့ ကိုယ်ခံအားက တိုက်ထုတ်မှ သက်သာမှာပါ။ ဒီအတော အတွင်းမှာ ကိုယ်ခံစားရတာတွေ သက်သာဖို့ ကုသမှုတွေ လုပ်ရမှာပါ။ ဒါကြောင့် တုပ်ကွေးကွေးချိန်မှာ ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ နှာစေးတာတွေ သက်သာအောင် ဆေးသောက်ရတာပါ။ ဆေးပတ်လည်မှ ဒီလက္ခဏာတွေ သက်သာမှာပါ။

နောက်တစ်ခုက ရေပတ်တိုက်တာပါ။ ရုပ်ရှင်ထဲမှာရော၊ အပြင်မှာရော ရေပတ်တိုက်ဆိုရင် လက်ကိုက်ပုဝါကို ရေစွတ်ပြီး နဖူးပေါ် တင်ထားပါတယ်။ နဖူးက လေသလပ်တဲ့ နေရာမှာ ရှိနေတာပါ။ အဲ့ဒီအပေါ်တင်လို့ ဘာမှ မထူးပါဘူး။ တကယ်အဖျားကျချင်ရင် လည်ပင်းဘေးနှစ်ဖက်၊ ချိုင်းနှစ်ဖက်အောက်နဲ့ ပေါင်ခြံနှစ်ဖက် စုစုပေါင်း ၆နေရာမှာ ရေပတ်ဝတ်တင်ရမှာပါ။ အဲ့ဒီနေရာမှာ သွေးကြောမကြီးတွေ ရှိပါတယ်။ အဲ့ဒီနေရာတွေ အေးမှ တစ်ကိုယ်လုံး အေးမှာပါ။

  • ပိုးသတ်ဆေးတွေ သောက်တာ

တုပ်ကွေးက နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ နားပြည်ယိုတာ၊ အဆုတ်ရောင်တာ မဖြစ်သရွေ့ ပိုးသတ်ဆေး မလိုပါဘူး။ မလိုတာကို သောက်မိရင် အကျိုးမရှိတဲ့အပြင် ဆေးယဉ်ပါးတာ၊ ဆေးဒဏ်ခံရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖျားနေလို့ ဆေးစပ်ပေးပါတို့၊ Amoxilပေးပါတို့ မလုပ်ပါနဲ့။

  • အိပ်ရာထဲမှာပဲ လှဲနေတာ

ဖျားနေလို့၊ နေမကောင်းလို့ ဆိုပြီး အိပ်ရာထဲမှာပဲ ခွေမနေပါနဲ့။ အနားယူတယ်ဆိုပေမယ့် ညောင်းရုံအပြင် ဘာမှ ဖြစ်မလာပါဘူး။ ကိုယ်နိုင်သလောက် လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာတွေ လုပ်လို့ရပါတယ်။

  • ရေမချိုးတာ

ဖျားနေရင် ရေမချိုးရဘူးဆိုတဲ့ အယူရှိပါတယ်။ တကယ်တော့ အဲ့လောက်လည်း မဟုတ်ပါဘူး။ ရေချိုးလို့ရပါတယ်။ ရေနွေးနဲ့ပဲ ချိုးရမယ်လို့လည်း မဟုတ်ပါဘူး။ ကိုယ်ခံနိုင်တဲ့ ရေအပူချိန်ဆို ရပါတယ်။ ရေပုံမှန်ချိုးပေးတာက လူကိုလည်း သန့်စေတယ်။ စိတ်ကိုလည်း ကြည်စေပါတယ်။

  • အစာမစားတာ

နေမကောင်းရင်လည်း ဘာကြောင့်မှန်းမသိ ထမင်းမကျွေးကြပါဘူး။ အူပြဿနာရှိရင်တော့ (ဥပမာ အူရောင်ငန်းဖျား) တစ်မျိုးပေါ့။ သာမန်ဖျားတာ၊ တုပ်ကွေးလောက်က အစာစားလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်၊ ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။ ထမင်းဖြစ်ဖြစ်၊ ဆန်ပြုတ်ဖြစ်ဖြစ် ခံတွင်းလိုက်တာကို စားပါ။ ကလေးတွေဆိုလည်း ဒီလိုပါပဲ။ နို့သောက်တဲ့အရွယ်ဆိုရင် နို့တိုက်ပါ။ ဖြည့်စွက်စာ စားတဲ့အရွယ်ဆိုရင် ဆက်စားပါ။ ပိုကျွေးပေးပါ။ ဒါမှ ကိုယ်ခံအားတက်မှာပါ။

  • အဝတ်ထူထူကြီးတွေ ဝတ်ထားတာ

မဝတ်ရဘူး မဟုတ်ပါဘူး။ ဒါပေမယ့် သင့်တော်အောင် ဝတ်တတ်ဖို့ လိုပါတယ်။ ကလေးတွေမှာ ပိုတွေ့ရပါတယ်။ အမေတွေက ကလေး ချမ်းမှာ စိုးလို့ ကလေးကို အနှီးအထပ်ထပ် ထုပ်ထားတာ၊ အနွေးထည်ထူထူကြီးတွေ ဝတ်ပေးထားတာမျိုးပါ။ ဒီတော့ ကလေးက ချွေးပြန်ထွက်ပြီး အအေးပြန်ပတ်၊ ပြန်ဖျား ပါတော့တယ်။

ဒါတွေက တုပ်ကွေးဖြစ်တဲ့အချိန်၊ ဖျားတဲ့အချိန်မှာ လုပ်တတ်တဲ့ အမှားတွေပါ။ နောက်တစ်ခါဖျားရင် အဖျားမြန်မြန် သက်သာအောင် ဒါမျိုးတွေ မလုပ်ဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 18/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။