သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေးက တစ်ခါတစ်လေ သားအိမ်ခေါင်းကို ဖြစ်ဖြစ်၊ သားအိမ်ကို ဖြစ်ဖြစ် ထိုးမိတတ်ပါတယ်။ လုံးဝပေါက်ထွက်သွားတာမျိုးကတော့ ရှားပါတယ်။ American College of Obstetricians and Gynecologistsရဲ့ အဆိုအရ လူ၁၀၀၀မှာ ဟော်မုန်းပါတဲ့ ပစ္စည်းကို သုံးတဲ့သူက ၁.၄ယောက်၊ ကော့ပါးပါတဲ့ ပစ္စည်းကို သုံးတဲ့သူက ၁.၁ယောက် လောက်ပဲ ပေါက်ထွက်တတ်ပါတယ်။ မကြာခင်ကမှ မီးဖွားထားတဲ့သူတွေ၊ နို့တိုက်နေတဲ့ သူတွေကတော့ ဒီအချိန်မှာ သားအိမ်က နူးညံ့နေတဲ့အတွက် ပေါက်ထွက်နိုင်ချေ ပိုများပါတယ်။
ဘာလက္ခဏာတွေကို သတိထားရမလဲ။
ကြိုးကို မစမ်းမိတာပဲ ဖြစ်ဖြစ်၊ သားအိမ်ခေါင်းထဲ ခွေနေတာဖြစ်ဖြစ် ကြိုးပျောက်ရုံကလွဲပြီး တခြားဘာလက္ခဏာမှ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့တော့ သွားပြသင့်ပါတယ်။ ပစ္စည်းထွက်ကျသွားတာ ဖြစ်နိုင်တာကြောင့် ရှေ့ရက်တွေက အကာအကွယ်မပါဘဲ အတူနေမိရင် ချက်ချင်း အရေးပေါ်တားဆေးသုံးပါ။
တချို့သော လက္ခဏာတွေက ကြီးကြီးမားမား ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ပေါက်ထွက်သွားတာမျိုး၊ နေရာလွဲနေတာမျိုး၊ ပိုးဝင်တာမျိုးပေါ့။ ဒါကြောင့်
- ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ ဒါမှမဟုတ် အကြာကြီး အောင့်တာ
- ချမ်းတုန်ဖျားတာ
- မိန်းမကိုယ်ကနေ သွေးတွေ၊ အရည်တွေ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။
ကြိုး စမ်းလို့ မမိရင် ဘယ်လို လုပ်ကြမလဲ။
အကောင်းဆုံးက ဆရာဝန်နဲ့ ပြရမှာပါ။ ကြိုးစမ်းမမိဘူးဆိုရင် အရင်ဆုံး မိန်းမကိုယ်ကို စမ်းသပ်ကြည့်ပြီး ကြိုးရှိမရှိ ရှာမှာပါ။ လိုအပ်ရင် colposcopeလို့ ခေါ်တဲ့ မှန်ပြောင်းလိုဟာမျိုးနဲ့ ချဲ့ကြည့်ပြီး ရှာရမှာပါ။
ဒါမှ မတွေ့သေးဘူးဆိုရင် ultrasound ရိုက်ပြီး ရှာမှာပါ။ Ultrasoundမှာမှ မတွေ့ဘူးဆိုရင် ဖြစ်နိုင်တာက မိန်းမကိုယ်ကနေ ထွက်ကျသွားတာ ဖြစ်ဖို့ များပါတယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်ပြီး သားအိမ်ကို ဖောက်သွားလား၊ ဗိုက်ထဲရောက်သွားလားဆိုပြီး စစ်ဆေးရမှာပါ။
စစ်ဆေးလိုက်လို့ ပစ္စည်းလေးက သားအိမ်ထဲမှာ ဒီတိုင်းလေးပဲ ရှိနေတယ်ဆိုရင် ဘာမှမလုပ်ဘဲ ဒီတိုင်းထားလိုက်လို့ ရပါတယ်။ နေရာလွဲသွားလို့ပဲ ဖြစ်ဖြစ်၊ ပြန်ထုတ်ချင်ရင်ပဲ ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထုတ်လို့ရပါတယ်။
ပစ္စည်းနေရာရွေ့သွားရင် ဘာလုပ်လို့ရလဲ။
သားအိမ်ကို ဖောက်ထွက်သွားရင်တော့ ဆေးရုံမှာ ခွဲစိတ်ပြီး ပြန်ထုတ်ရမှာပါ။
နေရာလွဲနေတယ်၊ အပြင်ကို နည်းနည်းထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထုတ်လိုက်လို့ ရပါတယ်။ သားအိမ်ခေါင်းကျယ်ဆေးကို သုံးပြီး ညှပ်ကလေးနဲ့ ဆွဲထုတ်ရုံပါပဲ။
များသောအားဖြင့်တော့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းက ထုတ်ပြီးတာနဲ့ အသစ်တစ်ခု ချက်ချင်းပြန်ထည့်လို့ရပါတယ်။
သားအိမ်ထဲထည့်တဲ့ ပစ္စည်းရဲ့ ကြိုးက tamponရဲ့ ကြိုးလောက် မရှည်တဲ့ အတွက် စမ်းမိဖို့ ခက်ပါတယ်။ ဒါကြောင့် ကြိုးရဲ့ ထိပ်လေးကိုပဲ စမ်းမိတာပါ။ အနည်းဆုံး တစ်လတစ်ခါလောက် စမ်းသင့်ပါတယ်။ အကောင်းဆုံးက ရာသီလာပြီး နောက်နေ့ စမ်းတာ ပိုကောင်းပါတယ်။ စမ်းမမိလည်း စိတ်မပူပါနဲ့။ စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ ပြသပါ။ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ အကြံပေးပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။