backup og meta

ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

    သားဆက်ခြားဖို့၊ ပဋိသန္ဓေတားဖို့နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံး ကို အသုံးချတာက နည်းလမ်းကောင်းတစ်ခုဆိုတာကို လူတိုင်းနီးပါး သိနားလည်နေကြပါပြီ။

    ဒါပေမယ့် သိထားနားလည်ထားရုံသက်သက်နဲ့တော့ အရာရာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ တချို့က သိနားလည်ထားတယ်၊ ဒါပေမယ့် နည်းမှန်လမ်းအမှန်အသုံးမချတတ်ကြတာမျိုးလည်း ရှိပါရဲ့။

    ကွန်ဒုံးတော့ သုံးပါရဲ့၊ ဒါပေမယ့် …

    ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် … တချို့များဆို ကွန်ဒုံး ဖြစ်ရင်ပြီးရော သုံးလိုက်ကြတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်လာချိန်မှာ မရှူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါလေရော။ ကွန်ဒုံးတော့ သုံးပါရဲ့ ကိုယ်ဝန်ရလာတယ်တို့၊ ရောဂါကူးသွားတယ်တို့ ဆိုတာမျိုးတွေပေါ့။

    ဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်းက အသုံးပြုရာမှာ မှားယွင်းစွာ သိနားလည်ထားတဲ့ အချက်တွေနဲ့ အသုံးပြုပုံ အမှားတွေ၊ ပေါ့လျော့မှုတွေကြောင့်ပါပဲ။ ဘယ်အချက်တွေကြောင့် ခုလိုပြဿနာတွေဖြစ်လာရတာလဲဆိုတာကို သိနားလည်ထားရင် ကိုယ်လည်း မမှားမိအောင် ရှောင်ကြဉ်လို့ရတာပေါ။

    ကဲ … လေ့လာကြည့်ကြရအောင်။

    ကွန်ဒုံးသုံးရင် စိတ်ချရပြီလို့ မျက်ကန်းယုံကြည်မှုထားတာ

    ကွန်ဒုံးတွေဟာ သားဆက်ခြားဖို့ တစ်ခုတည်းသော စိတ်ချရတဲ့နည်းလမ်းတစ်ခုဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အလုံးစုံပြီးပြည့်စုံနေတာတော့ မဟုတ်ဘူးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ Centers for Disease Control and Prevention (CDC) ရဲ့ အဆိုအရ ကွန်ဒုံးရဲ့ ကာကွယ်နိုင်စွမ်းဟာ ၉၈% သာဖြစ်ပါတယ်။ ကွန်ဒုံးကို နည်းမှန်လမ်းမှန်သုံးမယ်ဆိုရင်တောင် ၂% ဟာ ကိုယ်ဝန်ရနိုင်ခြေရှိနိုင်ပြီးတော့ သာမန်ကာလျှံကာသာ သုံးမယ်ဆိုရင် စိတ်မချရမှုက ၁၈% အထိ မြင့်တက်လာမှာဖြစ်ပါတယ်။

    STI Test မလုပ်တာ

    ကွန်ဒုံး အသုံးပြုတာက မလိုအပ်ပဲ ပဋိသန္ဓေမရစေဖို့သာမကဘူး STI (လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများ) တွေ မရစေဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ ဒါပေမယ့် ကွန်ဒုံး သုံးပေမယ့် STI မကူးနိုင်ဘူးလို့တော့ ယတိပြတ်မဆိုသာပါဘူး။ ကိုယ့်မှာ STIs တွေ ရှိမရှိ ပုံမှန်စစ်ဆေးအေးနေဖို့ လိုအပ်ပါတယ်။ တချို့ ရောဂါပိုးတွေဟာ အရေပြားချင်း ထိတွေ့မိရုံနဲ့ ကူးစက်တာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါပဲ။

    သုံးပြီးသား ကွန်ဒုံးကို ပြန်သုံးတာ

    ကွန်ဒုံး ဆိုတာ တစ်ခါသုံးပစ္စည်းဖြစ်ပါတယ်။ သုံးပြီးသားပစ္စည်းကို ပြန်သုံးတာဟာ အလွန်အန္တရာယ်များပြီးတော့ ဘေးထွက်ဆိုးကျိုးအမြောက်အများနဲ့ ရင်ဆိုင်ရနိုင်ခြေရှိပါတယ်။

    ကိုယ်နဲ့ မကိုက်ညီတာကို သုံးမိနေတာ

    ကိုယ်ရွေးချယ်အသုံးပြုတဲ့ ကွန်ဒုံးက ကိုယ့်အင်္ဂါအရွယ်အစားနဲ့ဆိုရင် sizeအရမ်းသေးလွန်းတာ၊ ဒါမှမဟုတ် အရမ်းကြီးလွန်းတာတွေဖြစ်နေရင် ဆက်မသုံးပါနဲ့။ လဲလှယ်ပစ်ပါ။ ဒီလို ကွန်ဒုံးမျိုးတွေက ကိုယ့်ကို စိတ်မသက်မသာဖြစ်စေမှာဖြစ်သလို ကာကွယ်မှုလည်း အပြည့်အဝပေးနိုင်မှာမဟုတ်ပါဘူး။

    သက်တမ်းကုန်နေတဲ့ ကွန်ဒုံးကို သုံးတာ

    ကွန်ဒုံး ဝယ်ယူကတည်းက သက်တမ်းကို စစ်ဆေးပြီးမှ ဝယ်ယူဖို့ လိုအပ်ပါတယ်။ သက်တမ်းကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေဟာ စွမ်းဆောင်ရည် အပြည့်အဝရှိနေတော့မှာမဟုတ်ပါဘူး။

    အပေါ်အောက် သေချာမစစ်တာ

    ကွန်ဒုံးကို အပေါ်လွှာ အောက်လွှာ သေချာမစစ်ပဲ စွပ်မိနေရင်လည်း ခံစားရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် မစွပ်ခင်မှာ မီးလေးခဏဖွင့်ပြီး သေချာစစ်ဆေးပါ။

    အကာအကွယ်မဲ့ စတင်တာ

    တချို့က ကွန်ဒုံး မစွပ်ခင် အကာအကွယ်မဲ့အရင် စမ်းသပ်တတ်ကြပါသေးတယ်။ တကယ်တေ့ ကွန်ဒုံးဟာ ကိစ္စဝိတ်စ္စတွေစပြီဆိုကတည်းက တပ်ဆင်ထားရမယ့် အကာအကွယ်ဖြစ်ပါတယ်။ တကယ်လို့ ဆက်ဆံဖော်မှာ STIs လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုခုရှိမယ်ဆိုရင် ပိုးတွေက သုက်ထွက်လာမှာ ကူးတာမဟုတ်ပါဘူး။ ထိတွေ့မှုကနေတဆင့်လည်း ကူးနိုင်ပါတယ်။

    နှစ်ခု ထပ်သုံးတာ

    ကွန်ဒုံး နှစ်ခုထပ်ပြီးသုံးရင် ပိုစိတ်ချရတယ်လို့ တချို့ကဆိုကြတယ်။ တကယ်တမ်းက ၂ ခုထပ်သုံးရင် အဲ့ဒီနှစ်ခုရဲ့ ပွတ်တိုက်အားကြောင့် ပေါက်ပြဲဖို့ ပိုနီးစပ်တာပါ။

    အလာဂျီရှိမှန်းမသိပဲ သုံးနေမိတာ

    ကွန်ဒုံး အများစုဟာ ရာဘာနဲ့ ဖန်တီးထားတာပါ။ ဒါပေမယ့် လူတစ်ချို့မှာ ရာဘာနဲ့ အလာဂျီဖြစ်တတ်တဲ့ ဝေဒနာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကို မသိပဲ သုံးမိမယ်ဆိုရင် အဆင်မပြေတဲ့အပြင် အလာဂျီပြဿနာတွေပါ ကြုံရနိုင်ပါတယ်။ ကိုယ်က ရာဘာနဲ့ မတည့်ရင် ပလက်စတစ်နဲ့ထုတ်လုပ်ထားတဲ့ ပစ္စည်းကို ဝယ်သုံးပါ။

    လိုအပ်သလောက် အသုံးမပြုတာ

    တစ်ခါဆက်ဆံချိန်မှာ ကွန်ဒုံး တစ်ခုပဲ လိုမယ်လို့ ဘယ်သူမှ သတ်မှတ်မထားပါဘူး။ အခြေအနေပေါ် မူတည်ပြီး ၂ ခု ၃ ခု လဲလှယ်အသုံးပြုဖို့ လိုရင် သုံးဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါက ရှက်စရာမဟုတ်သလို ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် မှန်ကန်တဲ့ အပြုအမူပါ။

    ကိစ္စပြီးမြောက်ပြီးရင် ချက်ခြင်း ဖယ်ရှားပါ

    အမျိုးသားတချို့ဟာ တစ်ခါတစ်ရံ ကိစ္စပြီးမြောက်သွားပေမယ့် ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်ထဲကနေ ချက်ခြင်းဆွဲမထုတ်သေးပဲ အချိန်ယူနေတတ်ကြတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ကွန်ဒုံး အသုံးပြုလျက်နဲ့ ကိုယ်ဝန်ရနိုင်ခြေမြင့်မားရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကိစ္စပြီးသွားချိန်မှာ အပြင်ကိုထုတ်ပြီး ကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ပြီးမှ အနားယူသင့်ပါတယ်။ ဒီအတိုင်း အတွင်းမှာထားတာကနေတဆင့် သုက်ရည်တွေ ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်အတွင်းကို ဖိတ်စင်ဝင်ရောက်သွားနိုင်တာကြောင့်ပါ။

    ချောဆီ မလုံလောက်တာ

    ကွန်ဒုံး အများစုမှာ ချောဆီပါတတ်ပေမယ့် မလုံလောက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အထူးသဖြင့် အချိန်ကြာလာတာမျိုးမှာပေါ့။ ဒီအခြေအနေမှာ ဆက်သုံးနေရင် ကွန်ဒုံး ပေါက်ပြဲတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်ရင် ချောဆီ နည်းနည်းပိုသုံးတာမျိုး၊ ကွန်ဒုံး လဲလှယ်တာမျိုး လုပ်ပါ။

    ချောဆီမှား သုံးနေတာ

    ချောဆီတိုင်းက ကိစ္စတိုင်းမှာ အံဝင်ခွင်ကျဖြစ်နေမယ်လို့ မဆိုသာပါဘူး။ တချို့က အဆီကို အခြေခံထုတ်ထားပြီးတော့ တချို့က ရေ ဒါမှမဟုတ် ဆီလီကွန်ကို အခြေခံထုတ်ထားတာပါ။ အဆီကို အခြေခံပြီးထုတ်ထားတဲ့ ချောဆီတွေဟာ ရာဘာနဲ့ဖန်တီးထားတဲ့ ကွန်ဒုံးတွေနဲ့ တွဲဖက်အသုံးပြုလို့ အဆင်မပြေနိုင်ပါဘူး။

    အချိန်ပြည့် ကွန်ဒုံးစွပ်ထားစရာ မလိုဘူးလို့ မှတ်ယူနေတာ

    လေ့လာချက်တွေအရ လိင်ဆက်ဆံတဲ့အမျိုးသားတွေရဲ့ ၅၉% လောက်ကသာ ကွန်ဒုံးကို ကိစ္စအစကနေ အဆုံးအထိ တပ်ထားလေ့ရှိပါတယ်။ ၃၅% လောက်ကတော့ စတင်ဆက်ဆံချိန်မှာ ကွန်ဒုံးကို တပါတည်း အသုံးပြုတာမျိုးမလုပ်ကြဘဲ၊ ၆% နှုန်းသောအမျိုးသားတွေကတော့ ဆက်ဆံနေရင်း ချွတ်ပစ်တတ်ကြပါတယ်တဲ့။

    ပါးစပ်နဲ့ ဆက်ဆံခိုင်းချိန်မှာ ကွန်ဒုံးမသုံးတာ

    ပါးစပ်နဲ့ ဆက်ဆံတာကလည်း STIs ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံချိန်မှာလည်း ကွန်ဒုံး လိုအပ်ပါတယ်။

    အမျိုးသမီး ကွန်ဒုံး သုံးဖို့ ဘယ်တော့မှ စိတ်ကူးမရှိတာ

    အမျိုးသမီး ကွန်ဒုံး (Internal condoms or Female condoms) ဟာလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ အမျိုးသားကွန်ဒုံးအစား အမျိုးသမီး ကွန်ဒုံးကို အသုံးပြုတာကလည်း သင့်လျော်တဲ့ နည်းလမ်းတစ်ခုမို့ စဉ်းစားသင့်ပါတယ်။ တစ်ခုရှိတာက ၂ ခုစလုံး တစ်ပြိုင်နက်တည်း သုံးလို့တော့မရပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement