တီဘီလို့ပြောလိုက်တာနဲ့ ဒါဟာ ချောင်းဆိုးနှာချေရာကနေတဆင့်ကူးတယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့် တီဘီရှိတဲ့သူတစ်ယောက် ကိုယ့်နားမှာလာထိုင်ရင်တောင် ငါ့များကူးမလားဆိုပြီး နှာခေါင်းရှုံ့တတ်ကြပါတယ်။ တီဘီဖြစ်တဲ့သူတွေက မရှားပါဘူး။ မသိတာပဲရှိတာပါ။ ဘယ်သူကမှ တီဘီဖြစ်နေတာကို ကြေငြာပြီးသွားနေတာ မဟုတ်ပါဘူး။ ဒါတောင်ရိုးရိုးတီဘီပါ။ ဆေးယဉ်ပါးတီဘီက ပိုပြီးကြောက်စရာကောင်းပါတယ်။ သာမန်ဆေးနဲ့ ကုလို့မပျောက်ဘဲ အဆင့်မြင့်တဲ့ဆေးတွေ၊ ထိုးဆေးတွေ သုံးရပါတယ်။ ပျောက်ဖို့လည်းခက်ပါတယ်။ တလောက ဆေးယဉ်ပါးတီဘီဖြစ်နေတဲ့ ဘတ်စ်ကားမောင်းသူတစ်ယောက်နဲ့ ကျောင်းဆရာမတစ်ယောက်က ဆေးဒဏ်ခံရမှာကြောက်လို့ ဆေးကုသဖို့ငြင်းဆန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒါဆို သူတို့နဲ့ ထိတွေ့တဲ့သူတွေရော ဘယ်လိုလုပ်မလဲ။ ဆေးယဉ်ပါးတီဘီကူးစက်ခံရမှာလား။ ဒါက ကိုယ်ဖြစ်ကိုယ်ခံရောဂါမဟုတ်ပါဘူး။ သူများပါ ခံရမယ့်ရောဂါပါ။ ဒါကြောင့် ဆေးယဉ်ပါးတီဘီနဲ့ ပတ်သတ်ပြီး သိထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။