backup og meta

တီဘီဆေးသောက်ရတော့မည်ဆိုလျှင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Poe Ei Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တီဘီဆေးသောက်ရတော့မည်ဆိုလျှင်

    တီဘီဆေးသောက်ရတော့မည်ဆိုလျှင်

    “သူက အားနည်းနေတာ ဆရာ၊ တီဘီဆေး သောက်လို့ ဖြစ်ပါ့မလား” တီဘီရောဂါသည်၏အမျိုးသားမှဆရာဝန်ကိုလာမေးလိုက်သော စကားဖြစ်သည်။ “သူဆေးဒဏ်ခံနိုင်ပါ့မလား” “အားမွေးပြီးမှသောက်ရင်ရမလား” “သလိပ်မှာတော့ပိုးမတွေ့ဘူးပြောတယ်၊ တီဘီဟုတ်ပါ့မလား” စသဖြင့်မေးခွန်းများသည်တီဘီရောဂါကုနေသော ဆရာဝန်များ ကြားဖူးနေကျ မေးခွန်းများဖြစ်သည်။ တီဘီရောဂါ သည်အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်နိုင်သော ရောဂါဖြစ်သည်။ တခြားကူးစက်နိုင်သော နည်းလမ်းများလည်း ရှိသေးသည်။ အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်သောရောဂါဖြစ်သဖြင့်တစ်ယောက်နှင့်တစ်ယောက်ကူးစက်နိုင်မှုမြင့်မားသည်။ မျိုးရိုးလိုက်သောရောဂါမျိုးမဟုတ်ပါ။ သို့သော်တီဘီပိုးရှိသူနေ အတူနေ မိသားစုများတွင်တော့ရောဂါကူးနိုင်ချေ မြင့်မားသည်။

    တီဘီလက္ခဏာများတွင်နာတာရှည်ဖျားခြင်း (အဖျားငွေ့ငွေ့သာ ဖျားနိုင်သည်)၊ ချောင်း ၂ပတ်၃ပတ်ကျော်ဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ပါဝင်သည်။ တစ်ခါတစ်ရံအဖျားကြာရှည်ခြင်း တစ်ခုသာ ဖြစ်သည်မျိုးလည်း ရှိတတ်သည်။ တီဘီရောဂါသည်အဆုတ်သာမက

    တခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်ပါ ဖြစ်တတ်ရာ နာတာရှည်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ပြီးသတိမေ့မျောခြင်း၊ အကျိတ်များထွက်ခြင်း စသဖြင့်ရောဂါလက္ခဏာမျိုးစုံလည်းဖြစ်နိုင်သေးသည်။ တီဘီရောဂါပိုးသည်ရှာရခက်သော ရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။ သလိပ်စစ်၍ ရသော်လည်းသလိပ်ထဲတွင်တီဘီပိုးပမာဏ တော်တော်များမှသာ တွေ့နိုင်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံတွင်သလိပ်ထဲပိုးမတွေ့သော်လည်း ရောဂါလက္ခဏာနှင့်ဓါတ်မှန်စသည်တွင်တီဘီနှင့်တူလျှင်ဆေးပေးရသည်များလည်းရှိသည်။ ထိုအခါ လူနာနှင့်လူနာရှင်မှတီဘီမဟုတ်ဆေးသောက်စရာမလိုဟုသံသယရှိသည်မျိုးလည်းကြုံတွေ့ရပါသည်။

    သလိပ်တွင်တီဘီပိုးကိုပုံမှန်သလိပ်စစ်ရုံ(Sputum for AFB) နှင့်မပေါ်လျှင် သလိပ်ကိုတီဘီပိုးမွေးခြင်းတွင်တော့တွေ့နိုင်သည်။ သို့သော် တီဘီပိုးမွေးခြင်းသည်ခက်ခဲတတ်ပြီးသုံးလခန့်ကြာတတ်သည်။ ရောဂါသည်တိုင်းတွင်လုပ်ရန်လည်းမလွယ်ကူသလို တီဘီဆေးကိုပိုးအဖြေရသည်အထိစောင့်ပြီးမှပေးလျှင်လည်း ရောဂါအခြေအနေပိုးဆိုးသွားပြီးကုသရခက်ခဲသွားတတ်သဖြင့်အဖြေကို စောင့်ပြီးမှပေးရန်လည်း မလွယ်ကူပေ။ သလိပ်တွင်တီဘီပိုးတွေ့ခြင်းသည်ရောဂါကူးစက်နိုင်မှုမြင့်မားခြင်းကို ပြသည်။ ထို့ကြောင့်သလိပ်တွင်တီဘီပိုးတွေ့သော လူနာများအနေဖြင့်ချောင်းဆိုးသည့်အခါ လက်ကိုင်ပုဝါသုံးခြင်း၊ နှာခေါင်းနှင့်

    ပါးစပ်စည်းသုံးခြင်းများလုပ်ဆောင်ခြင်းများ စနစ်တကျ လုပ်ဆောင်သင့်သည်။

    တီဘီလူနာများတွင်ရောဂါကြောင့်အားနည်းခြင်းများရှိတတ်ရာ တီဘီရောဂါကိုကုသမှသာထိုအားနည်းခြင်းများ သက်သာနိုင်မည်ဖြစ်သည်။ တီဘီဆေးမပေးသေးဘဲတခြားအားဆေးသွင်းကုသခြင်းစသည်များ လုပ်ဆောင်နေလျှင်လည်း အားပြန်ရှိလာမည်မဟုတ်ပေ။ တီဘီဆေးပေးခြင်းသည်သာ အဓိကကျသော ကုသမှုဖြစ်သဖြင့်မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။ တီဘီဆေးသောက်လျှင်လည်း လုံးဝ အန္တရာယ်မရှိသည်တော့မဟုတ်ပါ။ ဆေးတိုင်းတွင်

    ဘေးထွက်ဆိုးကျိုးရှိနိုင်သလိုတီဘီဆေးတွင်လည်း ဘေးထွက်ဆိုးကျိုးရှိပါသည်။ သို့သော်အဆိုပါဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေထက်တီဘီဆေးမပေးဘဲ ရောဂါမကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကပိုများပါသည်။ အလွယ်ဆုံးဥပမာပေးရလျှင်လမ်းထွက်လျှင်ယာဉ်အန္တရာယ်ရှိတတ်သည်မှာ မှန်သော်လည်း

    လမ်းမထွက်လျှင်ကိုယ်သွားချင်သောနေရာမရောက်နိုင်သလို လမ်းထွက်တိုင်းယာဉ်အန္တရာယ်ဖြစ်သည်မဟုတ်ပေ။ ထို့အတူပဲ တီဘီဆေးသောက်တိုင်းဘေးထွက်ဆိုးကျိုးရမည်မဟုတ်ဘဲကြောက်ပြီး ဆေးမသောက်မှသာ တီဘီရောဂါပိုဆိုးနိုင်ပြီး အသက်အန္တရာယ်ပင်ရှိနိုင်ပါသည်။

    လမ်းထွက်တိုင်းသေချာဂရုစိုက်လျှင်ယာဉ်အန္တရာယ်မှကင်းဝေးနိုင်သလို တီဘီဆေးသောက်လျှင်ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများကို သေချာ စောင့်ကြည့်လျှင်အန္တရာယ်နည်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့်တီဘီဆေးသောက်ရတော့မည်ဆိုလျှင်တီဘီဆေး၏ ဘေးထွက်ဆိုးကျိုးများကို လူနာနှင့်လူနာရှင်များကပါနားလည်ထားရန်တော့လိုအပ်ပါသည်။ တီဘီဆေးသောက်ရင်း အသည်းထိခိုက်နိုင်ရာအသားဝါခြင်း ပျို့အန်အစားအသောက်ပျက်ခြင်းများဖြစ်လာခဲ့လျှင်ချက်ချင်းဆရာဝန်နှင့်ပြရန်လိုပါသည်။တီဘီဆေးသောက်နေသောသူအနေဖြင့်တခြားအသည်းထိခိုက်နိုင်သော အကြောင်းရင်းများဖြစ်သည့်အရက်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ ကိုယ့်သဘောနှင့်ကိုယ်သောက်ခြင်းများကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအသည်းထိနေခြင်းများသည်လူနာကိုယ်တိုင်မှသတိမထားမိဘဲဖြစ်နိုင်ရာ ကျန်းမာရေးဝန်ထမ်းမှပုံမှန်စောင့်ကြည့်ပေးသွားရန်လည်း လိုပါသည်။

    နဂိုအသည်းရောဂါရှိနေသူများတွင်တီဘီဆေးသောက်ရန်လိုပြီဆိုလျှင်တော့ပုံမှန်ပေးနေကျဆေးများမပေးတော့ဘဲ လိုအပ်သလို ဆေးပြောင်းရတတ်ပြီး ပိုမိုစောင့်ကြည့်ကုသကြရပါသည်။ တီဘီဆေးသေသာက်နေရင်းနှင့်အသည်းထိလာပါက ဆေးကို ခေတ္တရပ်ရခြင်းများရှိတတ်ပြီးဆေးပြန်ပေးချိန်တွင်လည်း ဆေးပြောင်းပေးရသည်။ တီဘီဆေးတစ်မျိုးကြောင့်ဆီးအရောင်နီခြင်းတော့ဖြစ်နိုင်ရာ တခြားအသည်းလက္ခဏာများမရှိလျှင်တော့သိပ်စိုးရိမ်ရသော

    အချက်မဟုတ်ပါ။ ထို့အပြင်တီဘီဆေးအချို့ကြောင့်အာရုံကြောထိကာထုံကျဉ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ အရေပြားတွင်အနီကွက်များထခြင်း၊ မျက်စိအာရုံကြောထိခြင်း၊ နားထိခိုက်ခြင်း စသည့်ဘေးထွက်ဆိုးကျိုးများလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့်လည်း တီဘီဆေးသောက်နေချိန်တွင်တစ်ခုခုထူးထူခြားခြားဖြစ်လာတိုင်း ဆရာဝန်ကို ပြန်လည်ပြသတိုင်ပင်ရန်တော့လိုအပ်ပါသည်။

    သို့သော်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည်တီဘီဆေးသောက်တိုင်းဖြစ်သည်တော့မဟုတ်ပါချေ။ တီဘီဆေးလိုနေသော အနေအထားဖြစ်နေပါလျက်နှင့်တီဘီဆေး၏ ဘေးထွက်အာနိသင်ကို ကြောက်ပြီးဆေးမသောက်ဘဲနေပါက တီဘီပိုး ဦးနှောက်ထဲဝင်ခြင်း၊ တီဘီပိုး တစ်ကိုယ်လုံးပျံ့သွားခြင်း စသည်များ

    ဆက်လက်ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိရောက်သွားနိုင်ပါသည်။ ထို့အပြင်တီဘီပိုးသည်လေမှကူးစက်နိုင်သော ရောဂါဖြစ်သည်နှင့်အညီမိသားစုဝင်များ တခြားသူများဆီသို့လည်းအလွယ်တကူကူးစက်နိုင်ပါသည်။

    ဆရာဝန်များဘက်မှလည်း တီဘီဆေးကို မလိုဘဲနှင့်တော့ပေးမည်မဟုတ်ပါ။ ထို့အပြင်တီဘီဆေးသည်တီဘီစီမံချက်မှအခမဲ့ပေးနိုင်သောဆေးဖြစ်ပါသည်။ ဆေးကို ပုံမှန်ထုတ်ဆရာဝန်ညွှန်ကြားသည့်အတိုင်း သတ်မှတ်ကာလပြည့်အောင်သောက်ရုံနှင့်ပျောက်ကင်းအောင်ကုသနိုင်သောရောဂါဖြစ်ပါသည်။ သတ်မှတ်သည့်အတိုင်း ပုံမှန်မသောက်ခြင်း၊ မိမိဘာသာ ဆေးရပ်ခြင်းများ လုပ်ဆောင်ပါကဆေးယဉ်ပါး တီဘီဖြစ်သွားလျှင်ကုသရ ပိုမို ခက်ခဲသွားတတ်ပါသည်။

    အချုပ်အားဖြင့်ပြောရလျှင်တီဘီဆေး လိုအပ်လာသောအချိန်တွင်မြန်မြန်စသောက်၍ကုသမှုခံယူရန်လိုအပ်သည်။ ဆေးတွင်ဘေးထွက်ဆိုးကျိုးရှိနိုင်သော်လည်း အဆိုပါ ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်၍ စနစ်တကျ ကုသမှုခံယူကြရပါမည်။ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေသည်လည်းတီဘီဆေးသေချာမသောက်လျှင်နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင်ချေထက်ပိုနည်းပါသည်။ တီဘီဖြစ်ချိန်တွင်တီဘီဆေးသောက်ရုံမှလွဲ၍ တခြားကုထုံးမရှိပါ။ တီဘီသည်ကုသလျှင်ပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။ ထို့ကြောင့်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း တီဘီဆေးကို စနစ်တကျ သောက်သုံးပြီးကုသမှုခံယူကြရန်တိုက်တွန်းလိုက်ရပါသည်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Poe Ei Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement