backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဖျားတော့ ပျောက်သွားပြီ၊ ဘာလို့ ချောင်းဆိုးမရပ်သေးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဖျားတော့ ပျောက်သွားပြီ၊ ဘာလို့ ချောင်းဆိုးမရပ်သေးတာလဲ

တစ်ခါတစ်လေ ရက်ရှည်ကြာအောင် အပြင်းဖျားပြီး ပြန်နာလန်ထူတဲ့ အချိန်မှာ ချောင်းနည်းနည်းဆိုးနေသေးတာ သတိထားမိမှာပါ။ အအေးမိတုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ အပြင်းအထန်အလုပ်လုပ်ရပါတယ်။ ဒါကို အချက်ပြဖို့အတွက် ချောင်းဆိုးချင်လာအောင် ကိုယ်ခံအားစနစ်က လှုံ့ဆော်ပေးရပါတယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် ခန္ဓာကိုယ်က လက်ကျန် ရောဂါပိုးတွေကို ရှင်းထုတ်နေရတဲ့အတွက် ချောင်းဆိုးတာ၊ နှာရည်ယို၊ နှာပိတ်တာ အစရှိတဲ့ လက္ခဏာတွေကို ရက်သတ္တပတ် အနည်းငယ်ထိ ပြနေနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်မပါတဲ့ ချောင်းအခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။

တချို့သော အခြေအနေမှာ အဖျားက အရှင်းမပျောက်သေးဘဲ နောက်ထပ် ရောဂါပိုးအသစ်ဝင်လာတဲ့အတွက် ဒုတိယအကြိမ်ဆိုသလို ဆက်တိုက်ပြန်ဖျားတာမျိုးလည်း ရှိပါတယ်။ ဒီအခြေအနေကိုတော့ secondary infection လို့ ခေါ်ပါတယ်။ ပထမဆုံး ဝင်လာတဲ့ ရောဂါပိုးကို တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်က အပြင်းအထန်အလုပ်လုပ်ပြီးတဲ့နောက်မှာ အားနည်းသွားပါတယ်။ ဒီလို အားနည်းနေချိန်မှာ နောက်ရောဂါပိုးအသစ်က ဝင်လာတော့ လူက အားပြတ်ပြီး ပထမအကြိမ်ထက်ကို ဖျားတဲ့ဝေဒနာက ပိုပြင်းထန်နိုင်ပါတယ်။ နောက်ဆုံး ရောဂါပိုးတွေ ရှင်းထုတ်ပြီးတဲ့အခါမှာ ကိုယ်ခံအားက တော်တော်နည်းသွားပြီဖြစ်လို့ ချောင်းဆိုးမပျောက်သေးဘဲ ကျန်နေနိုင်ပါတယ်။

ပန်းနာရင်ကျပ်ရှိတဲ့သူတွေ၊ တော်ရုံ မဖျားတတ်တဲ့သူတွေ ဖျားနာပြီဆိုရင်လည်း ချောင်းဆိုးလက္ခဏာက ၃ပတ်အထိ အများဆုံး ကျန်နေနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအားစနစ်က ဒီဖျားနာခြင်းကို ပုံမှန်တိုက်ထုတ်နေကျမဟုတ်တဲ့အခါ အဖျားပျောက်ဖို့ကို တော်တော်လေး အားစိုက်ထုတ်လိုက်ရတာကြောင့်ပါပဲ။

ဘာတွေကို သတိထားမလဲ။

  • လတွေနဲ့ ချီအောင် ချောင်းဆိုးမပျောက်သေးခြင်း
  • ချောင်းအခြောက် ဆိုးရာကနေ ချွဲသလိပ်တွေ ပါလာခြင်း
  • ချောင်းဆိုးရင်း သွေးပါလာခြင်း
  • ချောင်းဆိုးပြီးရင် လူကမောဟိုက်လာခြင်း

ဒီလို လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တစ်ချက်ပြန်ပြပြီး နောက်ဆက်တွဲ အဖျား၊ ရောဂါပိုးကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။

နောက်ထပ် သတိထားရမှာက အဖျားပျောက်ပြီး ၂၄နာရီအတွင်း ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးမွှား အနည်းငယ်ကျန်နေသေးတဲ့အတွက် ပါးစပ်ကနေ ချောင်းဆိုးတာ၊ နှာချေလိုက်တာက တခြားသူတွေကို လေထဲကနေတစ်ဆင့် ကူးစက်စေနိုင်တယ်ဆိုတာပါပဲ။

အဖျားပျောက်ပြီး ချောင်းခြောက်ဆိုးတာ သက်သာစေဖို့ ဘာလုပ်မလဲ။

၁။ ရေများများသောက်ပါ။ ရေခဲရေ လုံးဝရှောင်ပါ။ ရေကျက်အေး၊ ရေနွေးနွေးကိုသာ သောက်ပေးပါ။

၂။ ကိုယ်ခံအားတက်စေဖို့ ဗီတာမင် စီပါဝင်တာတွေ  များများစားပေးပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ပိုစားပေးပါ။

၃။ သက်သာသွားတဲ့တိုင်အောင် ၁ရက် ၂ရက်လောက်ထိ အိမ်မှာပဲ သေချာအနားယူပါ။ အပြင်မထွက်ပါနဲ့။

၄။ ဆားငန်ရည်နဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။

၅။ ပျားရည်ကို ဒီအတိုင်းသောက်တာဖြစ်စေ၊ သံပရာရည်နဲ့ ရောပြီးသောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၆။ အဆီများတဲ့ အစားအစာ၊ အပူအစပ်၊ အကြော်အလှော်တွေ ခဏရှောင်ထားပါ။

၇။ အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။

၈။ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ ငုံဆေးသကြားလုံးတွေ ဝယ်သောက်ဖို့ အဆင်ပြေပါတယ်။

ဘာကြောင့်ပဲ ချောင်းဆိုးဆိုး လက်ကိုင်ပဝါနဲ့ ပါးစပ်ကို အုပ်ဖို့တော့ မမေ့နဲ့နော်။ ကိုယ့်ကြောင့် တခြားသူတွေကိုပါ ဒုက္ခမရောက်စေဖို့ နိုင်ငံကြီးသားပီသတဲ့စိတ်ကလေး မွေးဖို့ ထပ်မံတိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement