backup og meta

လူ့ဘဝသက်တမ်း ရှည်ကြာစေဖို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ


Ye Myo Myat မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူ့ဘဝသက်တမ်း ရှည်ကြာစေဖို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ

    ရခဲလှတဲ့ လူ့ဘဝဆိုတာလည်း တကယ်တမ်းပြန်တွက်ကြည့်ရင် တိုတိုလေးပဲနော်။ လူတော်တော်များများက မွေးကတည်းက သေရမယ့်ရက်ဆိုတာ ပါလာတာချည်းပဲလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းက ကိုယ်နေထိုင်တဲ့ လူ့ဘဝသက်တမ်း ရှည်မလား၊ တိုမလားဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေပေါ် အများကြီးမူတည်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျန်းမာအောင် စားရင် ကျန်းကျန်းမာမာဖြစ်မယ်၊ အာဟာရမဖြစ်တဲ့ အစားအစာတွေပဲ စားနေရင် ရောဂါတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်မယ်၊ မြန်မြန်အသက်တိုနိုင်တယ်ပေါ့။

    လူတိုင်းနီးပါးကတော့ အသက်ရှည်ရှည်နဲ့ နေချင်ကြတာပဲမလား။ ကိုယ်ချစ်တဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း မခွဲချင်ကြဘူး၊ မရောက်ဖူးသေးတဲ့ နေရာတွေကို သွားလည်ချင်တယ်၊ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း စားကြည့်ချင်တယ်၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ တိုင်းပြည်အပေါ်လည်း အများကြီး အကျိုးပြုရဦးမယ် အစရှိသဖြင့်ပေါ့။ ခုဆောင်းပါးမှာတော့ အသက်ရှည်ရှည်နေချင်တဲ့သူတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ၊ အစာအာဟာရတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

    ဘာတွေကို ပြောင်းလဲကြမလဲ။

    နှစ်သစ်ကို ရောက်လာပြီဆိုတော့ အကောင်းဆုံးတကာ့ အကောင်းဆုံးတွေကိုပဲ ဖန်တီးနေဖို့ ကိုယ်တိုင်က ကျန်းမာဖို့ လိုတယ်နော်။ ဒီလိုကျန်းမာဖို့အတွက်ဆိုတဲ့နေရာမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမယ့် အရာမှန်သမျှ မလုပ်ဖို့က အရေးအကြီးဆုံးပါပဲ။

    ၁။ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါးတွေ အကုန်ဖြတ်ပါ။

    နည်းနည်းသုံးသုံး၊ များများသုံးသုံး ကျန်းမာရေးအတွက် ဘယ်နေရာမှ အထောက်အကူလည်း မပေးနိုင်ဘဲ ဘေးဖြစ်စေမယ့် အရာတွေကို ဘာလို့များ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခံပြီး သုံးစွဲနေဦးမှာလဲ။ ဆေးလိပ်ဆိုတာလည်း အသက်ရှူလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုတ်တွေကို ထိခိုက်စေတယ်။ အရက်ဆိုရင်လည်း အသည်းကို ပျက်စီးစေတယ်။ ကွမ်းက ခံတွင်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာတွေကိုပါ ဖြစ်စေတယ်။ မူးယစ်ဆေးဝါးကတော့ လူတစ်ယောက်ရဲ့ ဘဝအနာဂတ်ကိုသာမက မိသားစုဝင်တွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာအသက်ရှည်ချင်တယ်ဆိုရင် ဒါတွေကို လုံးဝဖြတ်ပစ်ဖို့ လိုအပ်ပါတယ်။

    ၂။ ဖြစ်သလို မစားသောက်ပါနဲ့။

    ငါစားချင်တာလျှောက်စားလို့ ကျန်းမာရေးဘာမှ မထိခိုက်ဘူးထင်ရင်တော့ အကြီးအကျယ်မှားသွားပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ ကျန်းမာရေး၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်မှု၊ ဒါတွေအားလုံးက ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ အရမ်းကို ဆက်စပ်နေပါတယ်။ အဆီ၊ အချို၊ အငန်များလွန်းတဲ့အစားအစာတွေ၊ အကြော်အလှော်တွေဆိုတာ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတယ်။ လမ်းဘေးအစားအစာတွေဆိုရင်လည်း မသန့်ရှင်းတော့ ဗိုက်အောင့်ဗိုက်နာဖြစ်ပြီး အစာအိမ်ကို ထိခိုက်စေတယ်။ ပြီးတော့ နောက်တစ်ခုက ကော်ဖီကို အလွန်အကျွံသောက်ခြင်းပါပဲ။ ကော်ဖီ တစ်နေ့ တစ်ခွက်သောက်တာက ပြဿနာမရှိပေမဲ့ တစ်နေ့ထဲနဲ့ ၃ခွက်၊ ၄ခွက်လောက်သောက်တာ၊ နေ့တိုင်းလိုလို ဒီလိုသောက်နေတဲ့အကျင့်ရှိရင် ကျန်းမာရေးအတွက် ရေရှည်မှာ အဆင်မပြေဘူးနော်။ ဒါကြောင့် အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ ငါး၊ နွားနို့၊ အခွံမာသီး၊ အစေ့အဆန်တွေကို များများစားပေးပါ။ အသား၊ နွားနို့တွေကိုလည်း တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းဓာတ်အတွက် စားသုံးပေးပါ။

    ၃။ စားချင်တဲ့အချိန်ကို တစ်သတ်မှတ်ထဲ ထားထားပါ။

    လူတိုင်း တချို့နေ့တွေမှာ အလုပ်များတာ သဘာဝပါ။ ဒါပေမယ့် အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်အစာစားရမယ့်အချိန်မှာ မစားဘဲနေတာကတော့ ရေရှည်မှာ အစာအိမ်ရောဂါတွေကို ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် အစာစားတဲ့အချိန်ကို သေချာသတ်မှတ်ထားပြီး အဲ့ဒီအချိန်တွေမှာ ရှိသမျှအလုပ်တွေအကုန် ဘေးပုံထားပါ။ ပြန်တွက်ကြည့်မယ်ဆိုရင်လည်း အလုပ်ကြိုးစားဖို့၊ အောင်မြင်ဖို့ဆိုတာ လူကိုယ်တိုင်က ကျန်းမာပြီး သွက်လက်နေမှ၊ ရောဂါတွေ ကင်းဝေးနေမှ လုပ်နိုင်မှာလေ။

    ၄။ အားကစား၊ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။

    အားကစားနဲ့ လေ့ကျင့်ခန်းဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ ၂၁ ရာစုမှာ အရင်တုန်းကလိုမဟုတ်ဘဲ အလုပ်ခွင်နေရာတော်တော်များများက ထိုင်ပြီးလုပ်ရတာတွေ များလာပါတယ်။ သက်တောင့်သက်သာဖြစ်ပြီး အဆင်ပြေတယ်၊ မပင်ပန်းတော့ဘူးဆိုပေမဲ့ ကျန်းမာရေးဘက်က ကြည့်တော့ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတာနဲ့အမျှ ထိုင်းမှိုင်းလေးလံလာပြီး ကိုယ်ခန္ဓာအဆီဖုံးလာတယ်၊ အဝလွန်လာတယ်၊ ကိုယ်ခံအားကျဆင်းလာပါတယ်။ ဒါကြောင့် အမြဲတမ်းလှုပ်လှုပ်ရှားရှားနေပေးပါ၊ အားကစားလုပ်ပါ၊ အချိန်ပေးနိုင်ရင် Gym မှာ စနစ်တကျ လေ့ကျင့်ခန်းလုပ်ပါ။

    ၅။ ညနောက်ကျမှ အိပ်တဲ့အကျင့်ကို ဖျောက်ပါ။

    အလုပ်များလို့၊ မအိပ်ချင်လို့ စသဖြင့် အကြောင်းပြချက်တွေနဲ့ ညဆိုနောက်ကျမှ အိပ်တတ်ကြတာ လူငယ်တွေရော လူကြီးတွေပါ လုပ်လာကြတဲ့ အကျင့်တစ်ခုပါပဲ။ တစ်ရက်တလေက ကိစ္စမရှိပေမဲ့ ညတိုင်းလိုလို အိပ်ရေးပျက်တဲ့အခါ ကိုယ်ခံအားနည်းလာမယ်၊ ခေါင်းမူးခေါင်းကိုက်တာ၊ အစာစားချင်စိတ်မရှိတာ၊ မူးဝေအော့အန်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ရောဂါတွေ ဖြစ်လွယ်တာ၊ နောက်ဆုံး ညဘက်တွေမှာ ဘယ်လိုမှအိပ်မပျော်တဲ့ရောဂါ (Insomnia) အထိပါ ဖြစ်လာနိုင်ပြီး လူကို မြန်မြန်အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။ ဒါကြောင့် ညကို နောက်ကျတဲ့အထိ မနေဘဲ စောစောအိပ်ဖို့ ကြိုးစားပါ။ တစ်နေ့အိပ်ချိန်ကို ၇နာရီမှ ၈နာရီထိ အနည်းဆုံးရအောင် အိပ်ပါ။

    ခုပြောပြခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနဲ့ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်မှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့သင့်တာမို့ ကိုယ့်ဘဝကို ပေါ့ပေါ့လေး ဖြစ်သလို မနေကြဖို့ ထပ်မံတိုက်တွန်းရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement