backup og meta

ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

    ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်​မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။

    ပုံမှန်ရှိသင့်တဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်လဲ……..

    ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။

    အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။

    ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

    ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကတော့

    သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ

    ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

    ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။

    ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။

    ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

    အရေပြားပြဿနာဖြစ်မယ် -သွေးတွင်းသကြားဓာတ်မြင့်ပြီး ကိုယ်တွင်းရေဓာတ်နည်းသွားတဲ့အခါ အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာ၊ အရေပြားယားယံတာ၊ အနာမကျက်တာတွေဖြစ်နိုင်ပါတယ်။

    အမြင်အာရုံပြဿနာဖြစ်မယ် -သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ သွေးချိုမြင့်တက်မှုကြောင့် မျက်လုံး အတွင်းပိုင်းကသွေးကြောလေးတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။

    ခြေကုန်လက်ပန်းကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း မြင့်သွားတဲ့အခါ အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူတွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း နည်းသွားပြီး ခြေကုန်လက်ပမ်းကျ သွားနိုင်ပါတယ်။

    အစာမကြေတာမျိုးဖြစ်မယ် -သွေးတွင်း သကြားဓာတ် မြင့်တက်မှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေပြီး အစာ ချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

    သွေးတွင်း သကြားဓာတ် ကျနေတဲ့အခါ

    ခြေကုန် လက်ပမ်း ကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း ကျသွားတဲ့ အခါမျိုးမှာလည်း ခြေကုန်လက်ပမ်းကျ နိုင်ပါတယ်။

    နှလုံးခုန် မမှန် ဖြစ်မယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ နှလုံး ခုန်နှုန်းက နှေးသွားပြီး နှလုံး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

    ကတုန်ကယင်ဖြစ်မယ်ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ခြေလက်တွေ တုန်တာကလည်း သွေးတွင်း သကြားဓာတ် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ။

    ချွေးတွေအရမ်းထွက်နေမယ် -ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။

    ဗိုက်ဆာမယ် – အစား ပြည့်ပြည့်ဝဝ စားထားရက်နဲ့ ဗိုက်ဆာတယ်လို့ ခံစားရတာက သွေးတွင်း သကြားဓာတ် နည်းနေတာကြောင့် ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ တစ်ရပ်ပါ။

    မအီမသာဖြစ်မယ် – ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး မအီမသာ ခံစားနေရတယ် ဆိုရင် ဒါက သွေးတွင်း သကြားဓာတ် နည်းနေတဲ့ လက္ခဏာတစ်ခုပါ။

    မူးဝေမယ် -သွေးတွင်း သကြားဓာတ် နည်းသွားတာကြောင့် ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့ အတွက် ခေါင်းမူးဝေရတာပါ။

    စိတ်ရှုပ်ထွေးမယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ အာရုံ ရှုပ်ထွေးတာတွေ၊ ပလုံးပထွေး စကားပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement