ဖျားနာနေတဲ့ မိသားစုဝင် ခံစားရတဲ့ လက္ခဏာတွေ သက်သာစေဖို့
အအေးမိ တုပ်ကွေးကြောင့် ဖျားနာတယ်ဆိုရင် ဖျားတာအပြင် နှာစေးနှာပိတ်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့လက္ခဏာအလိုက် ဒီလိုမျိုး ကုသပေးလို့ရပါတယ်။ ခုပြောမယ့် ဆေးတွေက ဆရာဝန်ဆေးစာမလိုတာကြောင့် အိမ်မှာတင် အနားယူပြီးကိုယ်တိုင်ကုသလို့ ရတဲ့နည်းတွေပဲ ဖြစ်ပါတယ်။
- ဖျားတဲ့အခါ − အဖျားသိပ်မကြီးရင် တစ်ကိုယ်လုံးကို ရေပတ်ဝတ်တိုက်တာ၊ ရေကျက်သီးနွေးနဲ့ ရေချိုးတာတွေ လုပ်နိုင်ပါတယ်။ အဖျားကြီးလာရင်၊ ဖျားလို့ နေလို့ထိုင်လို့ မကောင်းရင် ပါရာစီတမောသောက်နိုင်ပါတယ်။ ဆေးပတ်လည်အောင် သောက်ပေးပါ။
- ချောင်းဆိုးတဲ့အခါ − ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေးသောက်ပေးပါ။
- လည်ချောင်းနာတဲ့အခါ − ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ အရည်အေးအေးလေးတွေ သောက်ပေးပါ။ နာကျင်တာ သက်သာအောင် ပါရာစီတမောလည်း သောက်ပေးနိုင်ပါတယ်။
- ခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေအတွက် − ရေနွေးနွေးနဲ့ ရေချိုးပါ။ ပါရာစီတမောသောက်ပေးပါ။
- နှာရည်ယို၊ နှာစေးတာတွေအတွက် − Chlorphenamine Maleate ပါတာတွေ သောက်ပေးနိုင်ပါတယ်။
- နှာပိတ်တာအတွက် − Phenylephrine ပါတာ သောက်ပေးနိုင်ပါတယ်။
ဒီခေတ်မှာတော့ လက္ခဏာတစ်ခုချင်းစီအတွက် ဆေးတစ်မျိုးစီလိုက်သောက်နေစရာ မလိုတော့ဘူး။ အအေးမိတာ၊ တုပ်ကွေးမှာဖြစ်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ဆေးတွေကို ပေါင်းပြီး ထုတ်လာကြပါပြီ။ ဥပမာ ဆေးတစ်လုံးသောက်ရုံနဲ့ အဖျားလည်းကျ၊ နှာစေးလည်းပျောက်၊ ကိုက်တာလည်းသက်သာစေတဲ့ ဆေးတွေပါ။
ဒါကြောင့် တုပ်ကွေးဖြစ်လို့ ဆေးတစ်မျိုးထပ်ပိုသောက်မယ်ဆို ဆေးအညွှန်းကို သေချာဖတ်ပါ။ ဆေးတွေ တူနေရင် မလိုလားအပ်တဲ့ ဆေးလွန်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။
ဒါတွေအပြင် ဖျားနာနေတဲ့ မိသားစုဝင် ကို အာဟာရပြည့်ဝအောင် ကျွေးတာကလည်း မြန်မြန်သက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။ သူနေတဲ့ အခန်း၊ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်ဖု၊ စားသောက်တဲ့ ပန်းကန်တွေကို ပုံမှန်ပိုးသတ်သန့်ရှင်းတာကလည်း တခြားမိသားစုဝင်တွေကို မကူးအောင် ကာကွယ်ပေးနိုင်ပါတယ်။
ဖျားနာနေတဲ့ မိသားစုဝင်မှာ ဒီလက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ ပြသပါ။
တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် အလိုလို သက်သာသွားကြပါတယ်။ ပြင်းထန်တယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် မိသားစုဝင်မှာ
- အသက်ရှူရခက်တာ
- ပိုပိုမောလာတာ
- ရင်ဘတ်အောင့်တာ
- ခေါင်းမူးတာ
- သတိမကောင်းတာ
- သက်သာသလိုရှိပေမယ့် အဖျားပြန်တက်ပြီး ချောင်းတွေဆက်တိုက် ဆိုးလာတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ဒါ့ပြင် အဖျားအများစုက အအေးမိတာ၊ တုပ်ကွေးကြောင့်ဆိုပေမယ့် အမြဲတမ်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် တခြားထူးခြားတဲ့ လက္ခဏာတွေ ခံစားရရင်ဖြစ်ဖြစ်၊ လူနာက ထင်သလောက် မသက်သာရင်ပဲ ဖြစ်ဖြစ် တခြားကြောင့်ဖျားတာလားဆိုတာ သိနိုင်ဖို့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။