backup og meta

အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ

    ဝေဒနာတစ်ခုခံစားရတဲ့အခါ တချို့သောလက္ခဏာတွေက ခဏစောင့်ကြည့်လို့ရတယ်။ ဆေးသိပ်ကုစရာမလိုဘဲ သူ့ဟာသူသက်သာသွားတာတွေ ရှိတယ်။ တချို့လက္ခဏာတွေကျတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ပျောက်ကင်းသွားတာရှိတယ်။ တချို့လက္ခဏာတွေကျတော့ မြန်နိုင်သမျှ မြန်မြန်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ နောက်ဆက်တွဲတွေ မခံစားရဘဲ သက်သာလာနိုင်တာတွေ ရှိတယ်။

    ဒီလိုလက္ခဏာတွေက ခန္ဓာကိုယ်ရဲ့ စနစ်တိုင်း စနစ်တိုင်းမှာ ရှိပါတယ်။ အရေးကြီးလက္ခဏာတွေလို့ ခေါ်ပါတယ်။ ခုပြောမှာက အသက်ရှူလမ်းကြောင်းရဲ့ အရေးကြီးလက္ခဏာတွေပါ။ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။

    အသက်ရှူလမ်းကြောင်းစနစ်ရဲ့ အရေးပေါ်လက္ခဏာများ

    ချောင်းဆိုးတာက ရက်ပိုင်းလောက် မဟုတ်ဘဲ လနဲ့ချီနေပြီဆိုရင် ဒါဟာ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပါတယ်။ ၈ပတ်နဲ့အထက် ဆိုးတဲ့ ချောင်းတွေပေါ့။ ဒါဆိုရင်တော့ သလိပ်ပါပါ မပါပါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သင့်အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေပါပြီ။

    လေ့ကျင့်ခန်းလုပ်လို့၊ အထပ်မြင့်တွေ တက်လို့ မောတာက သာမန်ပါပဲ။ ဒီလိုမဟုတ်ဘဲ နေ့စဉ်ပုံမှန်အလုပ်တွေ လုပ်နေရင်းနဲ့မော၊ နည်းနည်းလေး လှုပ်လည်း မော၊ နောက်ဆုံး ငြိမ်ငြိမ်လေးထိုင်နေလည်း မောနေရင် ပုံမှန်မဟုတ်တော့ပါဘူး။ ရက်ပိုင်းလောက်ပဲ ဖြစ်ပါစေ။ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။ အဆုတ်မဟုတ်တောင် နှလုံးရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

  • နာတာရှည်ချွဲထတာ
  • ပိုးတင်တာ၊ ဓာတ်မတည့်တာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ ချွဲသလိပ်တွေ ထုတ်ပေးပါတယ်။ သလိပ်ထွက်တာ တစ်လလောက်ရှိနေပြီ မသက်သာဘူး။ အရောင်တွေလည်း ပါတယ်ဆို သင့်အဆုတ်မှာ ပိုးဝင်နေတဲ့ အဓိပ္ပာယ်ပါ။ ဆရာဝန်နဲ့ ပြသပြီး ထိထိရောက်ရောက် ကုသမှ အဆုတ်မပျက်စီးမှာ ဖြစ်ပါတယ်။

    အသက်ရှူသွင်း ရှူထုတ်လိုက်တဲ့တိုင်းမှာ အသံတွေ ထွက်နေမယ်ဆိုရင် လေပြွန်ကျဉ်းနေတာပါ။ဒါမှမဟုတ် လေပြွန်ကို တစ်ခုခုနဲ့ ပိတ်နေတာပါ။ ဓာတ်မတည့်တဲ့ ပြဿနာ၊ ပန်းနာရင်ကြပ်ရောဂါတွေမှာ အများဆုံးတွေ့ရပါတယ်။ လေပြွန်ကျဉ်းရင် လေကောင်းကောင်း မဝင်ဘဲ အောက်ဆီဂျင် ကျသွားနိုင်လို့ မြန်မြန်လေး ကုသသင့်ပါတယ်။

    သွေးက အဆုတ်ကလည်း ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကနေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကဖြစ်ဖြစ် သွေးပါတာက အရေးကြီးတဲ့အခြေအနေပါ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကုသမှု ခံယူပါ။

  • ရင်ဘတ်အောင့်တာ
  • ရင်ဘတ်က အောင့်တောင့်တောင် ဖြစ်နေတာကြာပြီ။ အသက်ပြင်းပြင်းရှူရင် ပိုအောင့်တယ်။ ချောင်းဆိုးရင်ပိုအောင့်တယ်ဆိုရင်တော့ အဆုတ်ကြောင့် ဖြစ်နိုင်ပါတယ်။ သေသေချာချာ ကုသမှု ခံယူလိုက်ပါ။

  • လက်ချောင်းထိပ်တွေ ဖောင်းနေတာ
  • လက်ချောင်းထိပ်က လက်သည်းရှိတဲ့ နေရာတွေက တင်းပုတ်လို ဖောင်းနေတယ်။ နာလည်း မနာဘူး။ ဒါကို clubbingလို့ ခေါ်ပါတယ်။ အဆုတ်ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။ အဆုတ်ရောဂါမဟုတ်တောင် နှလုံးတို့၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတို့မှာ တွေ့ရတတ်လို့ အမြန်ဆုံး ရောဂါအဖြေရှာသင့်ပါတယ်။

    • ဖြူဖပ်ဖြူရော်ဖြစ်လာတာ

    မောတာအပြင် နှုတ်ခမ်းတွေ၊ လက်သည်းလေးတွေ ဖြူဖပ်ဖြူရော် ဖြစ်လာတာ၊ ပြာလာတာဆိုရင်တော့ သွေးထဲအောက်ဆီဂျင်ကျလာတဲ့သဘောပါ။ အရေးပေါ်ဌာနကို ချက်ချင်းသွားသင့်ပါတယ်။

    အသက်ရှူရတာမဝလို့  ရင်ဘတ်တွေ၊ နံကြားတွေ ချိုင့်အောင် အားသုံးပြီး ရှူနေရပြီ။ ရှေ့ကို ကုန်းကုန်းလေး ထိုင်ပြီး ရှူနေရပြီဆိုရင် မကြာခင် သတိလစ်တော့မယ့် အရိပ်အရောင်ပါ။ ဆေးရုံကို အမြန်ဆုံး ခေါ်သွားသင့်ပါတယ်။

    ဒီလိုလက္ခဏာတွေအပြင် လူနာက ဖျားတယ်။ ဖျားတာလည်း ကြာပြီ။ အားမရှိဘဲ နုံးနေမယ်။ အစားအသောက်လည်း ပျက်မယ်။ ပိန်လည်း ပိန်သွားမယ်ဆိုရင် အိမ်မှာပဲထားတာ၊ အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်တာတွေ မလုပ်သင့်တော့ပါဘူး။

    Takeaways

    ဒါတွေဟာ အရေးပေါ်လက္ခဏာတွေ ဖြစ်လို့ ကြာလာရင် အသက်အန္တရာယ်ရှိပါတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး အမြန်ဆုံး ကုသမှု ခံယူသင့်တယ်လို့ အကြံပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement