backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ချောင်းတွေဆိုးပြီး လည်ချောင်းကလည်းနာ နှာရည်တွေလည်းယိုတဲ့အခြေအနေမျိုးများဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဖျားတော့မှာပါလို့ ပြောပါရစေ။ တစ်ပတ်လောက်ကြာတဲ့အထိ နှာလေးတရှုံ့ရှုံ့က မပျောက်ဘဲဖြစ်နေရင်တော့ အအေးမိဖျားနာတာ ရဲ့ အခြေအနေက ပိုဆိုးလာတဲ့သဘောပါ။

သာမန် အအေးမိဖျားနာတာ ဆေးသောက်စရာမလို၊ ဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးလေးတွေလုပ်ပေးရုံနဲ့ သက်သာသွားနိုင်ပေမယ့် အခန့်မသင့်တဲ့အခါမျိုးမှာတော့ ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ အအေးမိဖျားနာတာကြောင့် နောက်ဆက်တွဲဝေဒနာတွေ အဖြစ်များပါတယ်။

တကယ်လို့ သင့်အနေနဲ့ အအေးမိဖျားနာ ဝေဒနာက ၁၀ ရက်ကျော်တဲ့အထိမသက်သာဘူးဆိုရင်တော့ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာ သိထားဖို့လိုပါမယ်။ ဒီအခြေအနေက နောက်ဆက်တွဲဝေဒနာတွေကို ဖြစ်စေနိုင်မယ့်အခြေအနေတစ်ရပ်ပါ။ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူသင့်ပါတယ်။

ဒီလက္ခဏာတွေရှိနေပြီဆိုရင် အအေးမိဖျားနာ ဖြစ်နေပါပြီ

အအေးမိဖျားနာတဲ့လက္ခဏာကိုတော့ တော်တော်များများက ကောင်းကောင်းသိထားပြီးပါပြီ။ အအေးမိဖျားနာတဲ့ လက္ခဏာဆိုတာက ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။ အအေးမိဖျားနာရင် ဘာလက္ခဏာတွေဖြစ်နိုင်မလဲ

  • လည်ပင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်မယ်
  • လည်ချောင်းနာမယ်
  • ချောင်းဆိုးမယ်
  • ကိုယ်အပူချိန်တက်မယ်
  • နှာစေးမယ်
  • အသံဝင်မယ်
  • နှာခေါင်းပိတ်မယ်
  • ခေါင်းကိုက်မယ်
  • ကြွက်သားတွေ နာကျင်မယ်
  • မျက်လုံးတွေနီမယ်
  • အားအင်တွေမရှိသလိုဖြစ်ပြီး ခြေကုန်လက်ပန်းကျမယ်
  • အစားစားချင်စိတ် နည်းလာမယ်

ကိုယ်ခံအားစနစ်က လူတစ်ယောက်နဲ့ တစ်ယောက်နဲ့မှာမတူတာကြောင့် အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံခြင်းကလည်း မတူနိုင်ပါဘူး။

အအေးမိဖျားနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်မလဲ။

လူတိုင်းဖျားနာတတ်တယ်ဆိုပေမယ့် အလွယ်တကူကို မကြာခဏ ဖျားနာတတ်တဲ့သူတွေလည်းရှိပါတယ်။

  • အသက် ၆ နှစ်အောက်ကလေးငယ်တွေ
  • သက်ကြီးရွယ်အိုတွေ
  • ကိုယ်ခံအားနည်းတဲ့သူတွေ
  • ဆေးလိပ်သောက်တတ်သူတွေပါ။

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

အအေးမိဖျားနာတာကြောင့် ရောဂါပိုးကူးစက်ခံရတဲ့အခါနောက်ဆက်တွဲဆိုးရွားတဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ကတော့

အဆုတ်ရောင်ရောဂါ

အအေးမိတာရှည်လာတဲ့အခါ အဆုတ်တွေထဲက လေအိတ်လေးတွေထဲမှာ အရည်တွေပြည့်လာတာကြောင့် ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။အဆုတ်ရောင်ရောဂါက ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ။ သာမန် အအေးမိဖျားနာ ဖြစ်စေနိုင်တဲ့ ရောဂါပိုးက အဆုတ်ရောင်ရောဂါကို မဖြစ်စေနိုင်ပါဘူး။

တကယ်လို့ အအေးမိဖျားနာတာရဲ့နောက်ဆက်တွဲဝေဒနာအနေနဲ့ အဆုတ်ရောင်ရောဂါဖြစ်လာပြီဆိုရင်တော့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာသေချာသလောက်ရှိတဲ့အတွက် ဆရာဝန်နဲ့ပြသပြီး ပဋိဇီဝဆေးတစ်ခုခုသောက်သုံးဖို့လိုအပ်ပါမယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –

  • ရင်ဘတ်အောင့်တာ
  • ချောင်းဆိုးတာ
  • အဖျားတက်တာ နဲ့
  • အသက်ရှုရခက်တာတွေဖြစ်နိုင်ပါတယ်။

နားတွင်းပိုးဝင်ကူးစက်ခြင်း

အဖျားကြောင့် နားစည်အနောက်ဘက်ပိုင်းမှာ အရည်တွေစုတာနဲ့ နှာခေါင်းပိတ်တာတွေဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယား ဒါမှမဟုတ် အအေးမိဖျားနာဝေဒနာကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက နားစည်နောက်ပိုင်းကနေရာထဲကို ဝင်ရောက်သွားတဲ့အခါမှာတော့ပြင်းထန်တဲ့ နားတွင်းပိုးဝင်ကူးစက်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မခံမရပ်နိုင်အောင် နားကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာတော့ အအေးမိဖျားနာမှုရဲ့နောက်ဆက်တွဲအနေနဲ့ နားတွင်းပိုးဝင်ကူးစက်တာကိုမကြာခဏခံစားရလေ့ရှိပါတယ်။

ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်

အအေးမိတာက ပန်းနာရင်ကျပ်ဝေဒနာကိုအဖြစ်စေနိုင်ဆုံးသော အရင်းခံတွေထဲကတစ်ခုပါ။ များသောအားဖြင့်ကလေးငယ်တွေမှာ အအေးမိတဲ့အခါ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေက လူကြီးတွေထက်ပိုများပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေက အခြားသူတွေထက် အဖျားတာရှည်တတ်ပါတယ်။ ရာသီဥတုအေးတဲ့အခါတွေမှာ ပန်းနာရင်ကျပ်ဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ပန်းနာရင်ကျပ်ဝေဒနာခံစားရတဲ့အခါကောင်းကောင်းအနားယူပြီးရေများများသောက်ဖို့လိုအပ်ပါမယ်။

လည်ချောင်းနာခြင်း

အအေးမိဖျားနာသူတွေမှာ လည်ချောင်းနာတာက အတူတွဲဖြစ်လေ့ရှိသလို နောက်ဆက်တွဲရောဂါတစ်ခုအနေနဲ့လည်း ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာဝေဒနာက အသက် ၅နှစ်ကနေ ၁၅ နှစ်အရွယ်ကြားကလေးတွေမှာ အဖြစ်များသလို အရွယ်ရောက်ပြီးသူတွေမှာလည်းတော်တော်လေးဖြစ်တတ်ပါတယ်။

အအေးမိပြီးနောက်မှာဖြစ်တတ်တဲ့ လည်ချောင်းနာတာကstreptococcal ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ရောဂါပိုးရှိတဲ့သူနဲ့ရောပိုးတွေရှိနေတဲ့နေရာတွေကို ထိတွေ့မိတာကြောင့်ဖြစ်နိုင်သလိုရောဂါပိုးကူးစက်နေသူရဲ့ချောင်းဆိုးတာနဲ့နှာချေတာမှာပါလာတဲ့အမှုန်တွေနဲ့ထိတွေ့မိတာ၊ရောဂါပိုးကူးစက်ခံထားရသူနဲ့ အသုံးအဆောင်တွေအတူတူသုံးမိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

လေပြွန်ရောင်ရမ်းခြင်း

ဒီဝေဒနာက အဆုတ်အတွင်းကလေပြွန်လေးတွေရဲ့ အတွင်းပိုင်းအမြှေးပါးလေးတွေရောင်ရမ်းတာကြောင့်ဖြစ်ရတာပါ။ လက္ခဏာတွေအနေနဲ့ကတော့ –

  • ချောင်းဆိုးမယ် (ချွဲထွက်တဲ့အခါလည်းရှိမယ်)
  • ရင်ဘတ်ထဲမှာ ကျပ်နေမယ်
  • ခြေလက်တွေမသယ်ချင်ဖြစ်မယ်
  • အဖျားရှိနေမယ်

ဒီလိုလက္ခဏာတွေရှိနေရင်တော့လေပြွန်ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသဖို့လိုမှာလဲ

အခုလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ အအေးမိတာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နေပြီလို့ ယူဆနိုင်တဲ့အတွက် ဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။

  • နားကိုက်မယ်
  • တစ်ပတ်ကျော်တဲ့အထိ မျက်လုံးနဲ့နှာခေါင်းတဝိုက်က နာကျင်နေမယ်
  • အဖျားက ၃၈ ဒီဂရီဆဲစီးယက်စ်အထက်ဖြစ်နေမယ်
  • ချောင်းဆိုးတဲ့အခါသွေးပါနေမယ်
  • အသက်ရှူတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်။ အသက်ရှူမဝဖြစ်နေမယ်။
  • လက်ရှိခံစားနေရတဲ့ဝေဒနာတွေပိုပြီးဆိုးလာမယ်။
  • ၃ ပတ်ကြာတဲ့အထိ မသက်သာ မပျောက်ကင်းဖြစ်နေမယ်။

ဒီလိုဝေဒနာတွေမခံစားရချင်ဘူးဆိုရင်တော့ အအေးမိဖျားနာဖြစ်တဲ့အချိန်မှာ လိုအပ်တဲ့ဆေးဝါးသောက်သုံးမှုတွေ၊ ကုသမှုတွေနဲ့ အနားယူမှုတွေလုပ်ဖို့လိုမှာပါ။ အအေးမိဖျားနာတာက လူတိုင်းလိုလိုဖြစ်နိုင်တဲ့ဝေဒနာဖြစ်တာကြောင့် အိမ်တိုင်းမှာ သာမန်ဖျားနာတာကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ဆေးဝါးတွေကိုဆောင်ထားသင့်ပါတယ်။

အအေးမိဖျားနာတာ နဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်ပါ

အအေးမိဖျားနာ ကင်းချင်ရင်လိုက်နာရမယ့်အချက်တွေက –

  • လက်ဆေးပါ။ အအေးမိတာကိုဖြစ်စေနိုင်တဲ့ရောဂါပိုးတွေပြန့်နှံ့မှုကို နည်းစေပါတယ်၊
  • ဖျားနေတဲ့သူနဲ့ နီးနီးကပ်ကပ်နေတာမျိုးမလုပ်ပါနဲ့၊ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာမျိုးပါ၊
  • ဗီတာမင် C ပါတဲ့ အသီးအနှံတွေနဲ့ သစ်သီးတွေများများစားသုံးပေးပါ၊
  • ချောင်းဆိုး၊နှာချေတဲ့အခါ လက်ကိုင်ပဝါနဲ့ အုပ်ထားပါ၊
  • နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ၊
  • မျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကို လက်နဲ့ ခဏခဏမကိုင်ပါနဲ့၊
  • ရေများများသောက်ပါ၊
  • ဇင့်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပါ၊
  • တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။

တကယ်လို့ ဖြစ်လာတဲ့အချိန်မှာလည်း အအေးမိဖျားနာကြောင့် နောက်ဆက်တွဲဝေဒနာတွေမဖြစ်စေဖို့အတွက် ပရမ်းပတာနေထိုင်ပြီး အဖျားမမွေးဘဲ ထိရောက်တဲ့ ကုသစောင့်ရှောက်မှုတွေကို ခံယူကြဖို့တိုက်တွန်းလိုက်ပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement