backup og meta

ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့

    ရာသီဥတု အကူးအပြောင်းတွေမှာ အအေးမိ နဲ့ တုပ်ကွေး အဖြစ်များကြပါတယ်။ ဒါပေမယ့် ထစ်ခနဲဆို ဆေးခန်းပြေးဖို့ မလွယ်တဲ့ အနေအထားတွေ၊ ဆေးခန်းမသွားချင်သူတွေ အတွက် ကံကောင်းတဲ့အချက်က အအေးမိဗိုင်းရပ်စ်ဟာ သူ့အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ ပြန်လည်ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ။ မြန်မြန်သက်သာဖို့ကတော့ ဒီအတောအတွင်းမှာ ကိုယ်ခံအားနဲ့ ဘယ်လောက် ခုခံနိုင်မလဲဆိုတာကို မူတည်နေပါတယ်။

    နေပြန်ကောင်းတယ် ဆိုတာ အအေးမိ တုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓာကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။

    ဒါ့ကြောင့် ကိုယ်ခံအား နဲ့ ခုခံမယ်ဆိုရင် –

    အနားယူပါ

    နေမကောင်း ဖြစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓာကိုယ်ကပင်ပန်းနေမှာဖြစ်လို့ ပုံမှန်ထက် ပိုပြီးအားကုန်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲနေမကောင်းဖြစ်ဖြစ် အနားယူဖို့ တတ်နိုင်သလောက်ဦးစားပေးပါ။ကျောင်းတွေ၊အလုပ်တွေကိုဖြစ်နိုင်ရင် ခွင့်ယူလိုက်တာက ကိုယ့်အတွက်အနားယူဖြစ်တဲ့အပြင် လူအများကြားမှာ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့တစ်နေ့တာအလုပ်တွေကို ပမာဏလျှော့လုပ်ပြီး ခန္ဓာကိုယ်ကိုနားချိန်ပေးပါ။

    အိပ်ရေးဝအောင် အိပ်ပါ

    နားနေတယ် ဆိုလည်း တီဗီရှေ့တော့ ညဉ့်မနက်စေနဲ့ပေါ့။ အိပ်ရေးပျက်တာက ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ခက်သွားစေပါတယ်။ အိပ်ရာစောစောဝင်ပါ၊ နေ့ဘက်မှာလည်း တစ်ရေးအိပ်ပေးပါ။

    ခံစားနေရတဲ့ ရောဂါလက္ခဏာတွေက ညဘက်ဆို ပိုဆိုးနေလို့ အိပ်မရဘူးလား။ ခေါင်းအုံးနည်းနည်းမြှင့်ထားလိုက်ရင် နှာစေးနှာပိတ်နဲ့ချောင်းဆိုးရင်ကျပ်တာတွေသက်သာပြီး အသက်ရှူရပိုကောင်းပါလိမ့်မယ်။

    ရေဓာတ် ဖြည့်ပါ

    ရေ သို့မဟုတ် အရည်များများ သောက်မှ ချွဲသလိပ်တွေ ကျဲပြီး ပိတ်ဆို့ခြင်း(နှာပိတ်၊ ချွဲကျပ်) သက်သာပါလိမ့်မယ်။ ရေဓာတ်ဖြည့်တင်းခြင်းက ခေါင်းကိုက်ခြင်း နဲ့ မောပန်းနွမ်းနယ်ခြင်း မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ နေမကောင်းရင် ရေ သို့မဟုတ် ရေကျက်အေး၊ ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည် တို့ကို မကြာမကြာ သောက်ပေးပါ။

    ဆားရည် နဲ့ ပလုတ်ကျင်းပါ

    လည်ချောင်းနာ သက်သာစေဖို့က ဆားရည် ငုံပြီး ပလုတ်ကျင်းလို့ရပါတယ်။ ခံတွင်းသန့်ဆေးရည် အသုံးပြုပေးလို့လည်း ရပါတယ်။ ခံတွင်းသန့်ဆေးရည်ကို ခွက်ထဲ ထည့်ပြီး ငုံ၊ ခေါင်းကို မော့ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်း၊ ပြီးမှ ထွေးထုတ်လိုက်ပါ။ ဒါမှမဟုတ် ဆေးရည် တစ်ဆ ရေနှစ်ဆ ထည့်ပြီး ပလုတ်ကျင်းလို့ ရပါတယ်။

    ပူပူလေး သောက်ပါ

    ရေနွေးကြမ်း ပူပူလေးသောက်တာကလည်း လည်ချောင်းထဲ နေရခက်တာကို သက်သာစေပြီး အအေးမိဝေဒနာကို လျော့ပါးစေပါတယ်။ ဥပမာ စံပယ်လက်ဖက်ရည်ကြမ်း၊ လီမွန်တီး၊ သို့မဟုတ် စွပ်ပြုတ်ရည် ပူပူလေး သောက်တာမျိုး။

    ပျားရည် သောက်ပါ

    ချိုတာစားရင် ချောင်းပိုဆိုးမယ်လို့ ထင်ကြပါလိမ့်မယ်။ ပျားရည်ကတော့ လည်ချောင်းထဲက ဝေဒနာတွေသက်သာစေပြီး ချောင်းဆိုးကိုပါ သက်သာစေနိုင်စွမ်းရှိပါတယ်။ ညအိပ်ခါနီး ပျားရည်စစ်စစ် တစ်ဇွန်းလောက် သောက်သုံးသူတွေက နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်ပြီး ချောင်းလည်း သိပ်မဆိုးတော့ဘူးလို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်နော်။ ပျားရည်က စစ်ဖို့တော့ လိုပါလိမ့်မယ်။ ရေနွေးထဲကို ပျားရည်တစ်ဇွန်း ထည့်ပြီး တစ်ခွက် သောက်ပေးပါ။

    ရေချိုးပါ

    နေမကောင်း ဖြစ်နေတဲ့အချိန်မှာ ရေမချိုးရဘူးဆိုတာ မရှိပါဘူး။ ခံနိုင်သလောက် ရေနွေးလေးစပ်ချိုးလို့ ရပါတယ်။ ရေနွေး နဲ့ ချိုးတဲ့အခါ ခြောက်သွေ့ယားစပ်နေတဲ့ လည်ချောင်း နဲ့ နှာခေါင်းလမ်းကြောင်းကို အစိုဓာတ် ရစေပြီး နှာစေးနှာပိတ်၊ ချွဲကျပ်ခြင်းကို လျော့ပါးစေပါတယ်။ နောက်တစ်ချက်က ကြွက်သားနာကျင်ကိုက်ခဲမှု တွေကိုလည်း ရေနွေးနွေးကြောင့် သက်သာလျော့ပါးစေနိုင်ပါသေးတယ်။

    လိုအပ်တဲ့ ဆေးတွေ သောက်ပါ

    နေရသက်သာစေဖို့ အသုံးများကြတာက အဖျားကျဆေး(အကိုက်အခဲပျောက်ဆေး)၊ အအေးမိသက်သာဆေးတွေ၊ ငုံဆေး၊ ချွဲပျော်ဆေးတွေ စတဲ့ ဆရာဝန်ဆေးညွှန်း မလိုတဲ့ ဆေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဘာမှန်းမသိတဲ့ ဆေးမျိုးစုံ ပါဝင်တဲ့ စပ်ဆေးတွေကိုတော့ မသောက်ပါနဲ့။

     ကြက်စွပ်ပြုတ် သောက်ပါ

    အာဟာရ ပြည့်အောင် အစားစားဖို့လည်း အရေးကြီးပါတယ်။ နေမကောင်းရင် ခံတွင်းပျက်တတ်တယ်၊ အစားနည်းတတ်တယ်၊ အစားလည်း ရှောင်ရင် ရှောင်မိတတ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်တဲ့ အခါ လိုအပ်နေတဲ့ အာဟာရကို ဖြည့်နိုင်ဖို့ ကြက်စွပ်ပြုတ် သောက်ပေးပါ။ အပူသောက်ဖို့ နဲ့ အားပြည့်ဖို့ အပြင် အအေးမိ လက္ခဏာတွေကို သက်သာစေတယ် ဆိုတဲ့ ကြက်စွပ်ပြုတ်က တကယ်ကို တစ်ချက်ခုတ် လေးငါးချက်ပြတ်တဲ့ ဆေးတစ်ခွက်လည်း ဖြစ်နေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement