အအေးမိဖျားနာတာကိုဖြစ်စေတဲ့ အဓိက တရားခံ
ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အရာတွေထဲမှာ ရာသီဥတုအေးတာတစ်ခုအပါအဝင်ဆိုပေမယ့် ရာသီဥတုအေးတာကြောင့်တစ်ခုတည်းနဲ့တော့ မဖျားနာနိုင်ပါဘူး။ သင့်အနေနဲ့rhinoviruses ကူးစက်ခံရတဲ့အခါ အအေးမိနိုင်ပြီး တုပ်ကွေးဖြစ်စေတဲ့ influenza ဗိုင်းရပ်စ်နဲ့ထိတွေ့မိတဲ့အခါမှာတော့ တုပ်ကွေးရောဂါခံစားရနိုင်ပါတယ်။ ဒါက ဖျားနာခြင်းရဲ့ အဓိက တရားခံတွေပါပဲ။
Rhinoviruses ကူးစက်ပြန့်ပွားမှုနှုန်းဟာနွေဦးရာသီနဲ့ဆောင်းဦးရာသီတွေမှာ အမြင့်ဆုံးပါ။ တုပ်ကွေးရောဂါပိုးကတော့ဆောင်းရာသီမှာပြန့်ပွားမှုနှုန်းအမြင့်ဆုံးပါ။ ဒီလိုမျိုးအေးမြတဲ့ ရာသီဥတုအနေအထားမှာ ဗိုင်းရပ်စ်တွေအကောင်းဆုံးရှင်သန်နိုင်မှုက ရာသီဥတုအေးတဲ့အခါ ဖျားနာမှုတွေကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆကိုဖြစ်ပေါ်စေခဲ့တာပါ။ တကယ်တော့ ဖျားနာမှုကိုဖြစ်စေတာက ပတ်ဝန်းကျင်မှာပြန့်နှံ့နေတဲ့ရောဂါပိုးတွေပါ။
ဘယ်လိုအခြေအနေတွေကဖျားနာတာကိုဖြစ်စေနိုင်တာလဲ
မဖျားဘူးတဲ့သူရယ်လို့တော့မရှိပါဘူး။ လူတိုင်းရဲ့ခန္ဓာကိုယ်က အသွေးအသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့် ဖျားနာမှုကိုခံစားရနိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက ဖျားနာစေတာလဲဆိုတာကို သိထားမယ်ဆိုရင် အလွယ်တကူဖျားနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာတော့ အသေအချာပါ။
ရောဂါပိုးကူးစက်ခံထားရသူက နှာချေတာ၊ ချောင်းဆိုးတာ နှပ်ညှစ်တာတွေကနေတဆင့် ဗိုင်းရပ်စ်တွေကလေထုထဲမှာပြန့်နှံ့သွားပြီး အခြားသူတွေဆီကို ကူးစက်စေတာပါ။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တွေက အရာဝတ္ထုတွေအပေါ်မှာ ၂ ရက် ၄၈ နာရီကြာရှင်သန်နေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဗိုင်းရပ်စ်တွေရှိနေတဲ့ အရာတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့မိပြီး နှာခေါင်း၊ မျက်လုံး နဲ့ ပါးစပ်တွေကိုထိတွေ့မိတဲ့အခါ ဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။
အအေးမိဖျားနာကင်းဝေးစေဖို့
ခန္ဓာကိုယ်ကိုပြည့်ဝစွာအနားယူပေးပါ – တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ထားတဲ့ ခန္ဓာကိုယ်ကို ညဘက်အိပ်ရေးပျက်ခံစေတာမျိုးမလုပ်ပါနဲ့။ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပေးပါ။ ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အခါ အဖျားဝင်လွယ်စေတာကြောင့်ပါ။
စိတ်ဖိစီးမှုကိုဖြေဖျောက်ပါ – စိတ်ကလည်း ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် အလုပ်တွေအရမ်းလုပ်တာ၊ စိတ်မကောင်းဖြစ်စရာတွေကိုတွေးတာ၊ဒေါသဖြစ်တာမျိုးတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုနှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီးချင်းအေးအေးလေးတွေနားထောင်တာတွေလုပ်ပေးပြီး စိတ်ဖိစီးမှုကိုပြေလျော့အောင်လုပ်ဆောင်ပါ။
ရေများများသောက်ပေးပါ – ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကရေဓါတ်နဲ့ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကောင်းမွန်စွာ လုပ်ကိုင်နိုင်စေဖို့ဆိုရင် ရေများများသောက်ပေးဖို့လိုပါမယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့အတွက်ရေများများသောက်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ခန္ဓာကိုယ်ကသွေးလှည့်ပတ်မှုကောင်းမွန်ပြီး ကိုယ်ခံအားလည်း တက်လာမှာအသေအချာပါ။ တစ်နေ့ကို အချိန်မရရင်တောင်မှ ၁၅ မိနစ်လောက်ပုံမှန်လမ်းလျှောက်ပေးတာ၊ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာမျိုးလုပ်ပေးပါ။
အခုလောက်ဆိုရင်အအေးမိဖျားနာဖြစ်စေတာက ရာသီဥတုအေးတာကြောင့် မဟုတ်ဘူးလို့ ဘာကြောင့်ပြောရလဲဆိုတာကိုသိလောက်ပြီ ထင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။