backup og meta

40 ပတ်

40 ပတ်

40 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

40 ပတ် မှာ ကလေးလေးက ဖရဲသီးလောက်ရှိပြီး မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အလေးချိန်က ၃.၄ ကီလို ခေါင်းအစ ခြေအဆုံး ၅၁ စင်တီမီတာ ရှိပါပြီ။

မကြာမီအချိန်အတွင်းမှာ သားသားမီးမီးတွေကို တွေ့ရပါတော့မယ်။ မေမေတွေရဲ့ ၅% လောက်ကပဲ ရက်ချိန်းအတိုင်း အတိအကျ မွေးတာပါ။ ပထမဆုံးမွေးမယ့် မေမေတွေ အများစုကတော့ ရက်ချိန်းကျော်မှ မွေးပါတယ်။

ကလေးလေးကို လှလှပပလေးမွေးလာမယ့်လို့ မမျှော်လင့်ထားပါနဲ့နော်။ မွေးကင်းစလေးတွေက ခေါင်းကမဝိုင်းဘဲ ပုံပျက်နေတာ အရေပြားအရောင်မညီတာ အရေပြားမှာကွက်ပြီး ခြောက်နေတာ၊ ယောင်ပြီး နီနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပျောက်သွားမှာပါ။

မေမေ့မှာရှိတဲ့ ဟော်မုန်းတွေက ကလေးရဲ့ လိင်အင်္ဂါတွေ ကြီးလာအောင် ကူညီပေးပါတယ်။ သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် မွေးလာရင် ပထမတစ်ရက်၊ နှစ်ရက်မှာ နို့သီးခေါင်းတွေက နို့ထွက်ပါလိမ့်မယ်။ ဒါကပုံမှန်ပါပဲ။

မွေးမွေးချင်းမှာ ဆရာဝန်က ကလေးလေးရဲ့ ပါးစပ်၊ နှာခေါင်းကနေ အချွဲတွေ စုပ်ထုတ်အပြီးမှာ မေမေတို့ ပထမဆုံးကြားချင်နေတဲ့ ငိုသံလေး ကြားရပါပြီ။ အဲဒီနောက်မှာ ကလေးလေးကို မေမေ့ဗိုက်ပေါ်တင်ပြီး အချင်းဖြတ်ပါတယ်။ တကယ်လို့ ဖေဖေကအမှတ်တရ ဖြတ်ချင်တယ်ဆိုလည်း ရပါတယ်။ ကလေးလေးတုံ့ပြန်ပုံ၊ အရေးကြီးတဲ့အချက်တွေကို စစ်ဆေးပြီးရင် ပေါင်ချိန်တိုင်းပါတယ်။

တကယ်လို့ ကိုယ်ဝန်က အန္တရာယ်ရှိနိုင်ရင်၊ ဗိုက်ခွဲမွေးရရင် ကလေးအထူးကုပါ မွေးခန်းထဲလာစောင့်ပါတယ်။ ကလေးကို ချက်ချင်းဂရုစိုက်ပေးဖို့ပါ။ ပြီးရင်တော့ မေမေ့လက်မောင်းမှာ ချီလို့ရပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကလေးမွေးချိန်တန်ပေမယ့် မမွေးသေးတဲ့အခါ ရေမြွာအိတ်ဖောက်တာ၊ ဗိုက်နာအောင် ဆေးသွင်းတာနဲ့ တခြားကုသမှုတွေ ခံယူရပါတယ်။ မွေးဖို့ အခက်အခဲရှိနေရင်၊ တခြား ကျန်းမာရေးပြဿနာလေးတွေရှိနေရင် ခွဲမွေးရပါတယ်။

ခွဲမွေးရင် လိုချင်တဲ့ ရက်မှာရွေးပြီး မွေးလို့ရပါတယ်။ ရက်ရွေးဖို့ ခွဲမွေးမယ်ဆို စိတ်ရောကိုယ်ပါ ကြံ့ခိုင်အောင် ပြင်ဆင်ထားပါ။ ရိုးရိုးမမွေးရလို့ သောကရောက်နေမှာစိုးလို့ပါ။ မပြင်ဆင်ထားဘဲနဲ့ ရုတ်တရက် ခွဲမွေးရတယ်ဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။

ဘယ်နည်းနဲ့ မွေးမလဲဆိုတာ မျှော်လင့်ထားသလို မဖြစ်နေနိုင်ပေမယ့် မေမေတို့ရဲ့ သားသားမီးမီးလေးက လောကထဲကို ကျန်းကျန်းမာမာနဲ့ ရောက်လာဖို့ ဆရာဝန်တွေက ကြိုးစားပေးမှာပါ။

40 ပတ် မှာ သိသင့်သိထိုက်တာလေးတွေ

ဒီအပတ်မှာတော့ မေမေတို့ စောင့်ကြိုနေတဲ့ သားသားမီးမီးလေးက မီးဖွားပြီး တွေ့ရတော့မှာပါ။ မမွေးခင် ကိုယ်ဝန်ဆောင်သင်တန်းမှာ မွေးဖွားဖို့ အဆင့် ၃ ဆင့် သင့်ခဲ့မှာပေါ့နော်။ ပထမအဆင့်မှာ သားအိမ်က မှန်မှန်လေးကျုံ့ပြီးတော့ သားအိမ်ခေါင်းကို ပါးအောင်ဆွဲဆန့်လိုက်ပါတယ်။ ဒုတိယအဆင့်ကတော့ ညှစ်ပြီးကလေးကို အပြင်ထွက်အောင်လုပ်တဲ့ အဆင့်ပါ။ တတိယကတော့ အချင်းထွက်လာတာပါ။

မွေးတာက သူဘာသူမထွက်လာရင် နည်းစနစ် အကူအညီတွေလိုပါတယ်။ သားအိမ်ခေါင်း ပျော့ပြီးကျယ်လာအောင် ဆေးတွေကူရပါတယ်။ ဆရာဝန်က ရေမြွာရည်တွေကျအောင် ရေမြွာအိတ်ဖောက်ဖို့ လိုနိုင်ပါတယ်။ ဒါက မနာပါဘူးနော်။ ရေပူဖောင်းကို ဖောက်သလိုပါပဲ။ ပေါက်သွားရင် အရည်နွေးနွေးလေး စီးကျသွားတာခံစားမိမှာပါ။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

သားအိမ်ကျုံ့အောင် ဆေးသောက်ဖို့၊ ထိုးဖို့ လိုနိုင်လားဆိုတာ ဆရာဝန်ကို မေးပါ။ ကျုံ့ဖို့ အကြိမ်ရေကိုလိုက်ပြီး ဆေးပမာဏလည်း အပြောင်းအလဲရှိပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

မွေးဖို့ ရက်ချိန်းတစ်ပတ်ကျော်လို့မှ မမွေးရင် ဆရာဝန်က ကလေးအောက်ဆီဂျင် အလုံအလောက်ရမရ၊ အာရုံကြောကောင်းကောင်းအလုပ်လုပ်မလုပ် သိဖို့ ကလေးရဲ့ နှလုံးခုန်နှုန်းလှုပ်ရှားမှုတွေ စစ်ဆေးခိုင်းပါလိမ့်မယ်။ အဖြေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ သေချာဆွေးနွေးပါ။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

၃၆ပတ်မတိုင်ခင်ဆိုရင်တော့ ခရီးတိုတွေအတွက် လေယာဉ်စီးလို့ ရပါသေးတယ်။ ခရီးသွားဖို့ အစီအစဉ်ကိုတော့ ဆရာဝန်ကို သေချာပြောပြပါ။ ကိုယ့်မှာအန္တရာယ်ရှိနိုင်ရင် ဆရာဝန်က အိမ်မှာပဲ နားနားနေနေနေဖို့ ပြောမှာပါ။

ဒီအချက်တွေရှိရင် ခရီးမထွက်တာ ပိုကောင်းပါတယ်။

  • အမြွာကိုယ်ဝန်
  • သွေးတိုးဆီးချိုရှိရင်
  • အချင်းပုံမှန်မဟုတ်ဘူး။ သွေးဆင်းနေမယ်။
  • လမစေ့ဘဲ မွေးနိုင်ရင်
  • သွေးခဲဖူးတဲ့ မှတ်တမ်းရှိရင်

နောက်ဆုံးလမှာက မွေးဖို့ ဖြစ်နိုင်ခြေရှိလို့ တတ်နိုင်ရင် လေယာဉ် မစီးသင့်ပါဘူး။

ဆေးရုံသွားဖို့ အိတ်ပြင်ထားပါ။ ကလေးလေးက အချိန်မရွေးမွေးနိုင်လို့ပါ။ အပြောင်းအလဲတစ်ခုခု ဖြစ်တာနဲ့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

ပထမတစ်နှစ်မှာ အကူအညီပေးနိုင်ဖို့ စောင့်နေမယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Poppy seed to pumkin: How big is your baby? http://www.babycenter.com/slideshow-baby-sizeAccessed date: 06/06/2015.

Your pregnancy – 40 weeks http://www.babycenter.com/6_your-pregnancy- 40-weeks_1080.bcAccessed date 06/06/2015.

Pregnancy Calendar – week 40
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week40.html
Accessed date 06/06/2015.”

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement