backup og meta

1

မျှဝေပါ။

17 ပတ်

17 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

17 ပတ် ကလေးလေးက ကြီးထွားနှုန်းမြန်လာတာနဲ့အမျှ အခုဆို သလဲသီးအရွယ်  ၁၂ စင်တီမီတာကျော်ကျော်လောက် ရှိနေပါပြီ။

17 ပတ်

ကလေးလေးက အခုဆို အဆီလေးတွေလည်း စပေါ်လာပါပြီ။ သူလေးရဲ့အဆီတွေက ဆက်တိုက်ပိုတိုးလာမှာဖြစ်သလို မွေးတဲ့အခါကျ တစ်ကိုယ်လုံး အလေးချိန်ရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိလာမှာပါ။ ကလေးကို နွေးနွေးထွေးထွေးရှိစေဖို့ အဆီတွေက အရေးကြီးပါတယ်။

နှလုံးလေးက ခုန်တာပိုမြန်လာပြီးတော့ တစ်မိနစ်ကို ၁၄၀-၁၅၀ ကြိမ်လောက်ရှိနေပါပြီ။ မေမေတွေရဲ့ ၂ဆလောက် ရှိတယ်နော်။ ဒါက ကလေးလေးကြီးထွားတာ အားကောင်းလာပြီး အာဟာရတွေ အောက်ဆီဂျင်တွေ ပိုလိုလာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ အချင်းက ကလေးလေးကို လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ မြန်မြန်လေးဖွံ့ဖြိုးလာပါတယ်။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

မေမေတို့ရဲ့ ရင်သားက ပိုပြီးကြီးထွားလာမှာမို့ နေရခက်လာမှာပါနော်။ ဟော်မုန်းတွေက ရင်သားဆီ သွေးပိုစီးအောင် လှုံ့ဆော်ပြီး နို့ထွက်ဖို့အတွက် ပြင်နေပါပြီ။ ဒါကြောင့်လည်း ရင်သားမှာ သွေးကြောတွေကို မြင်လာရနိုင်ပါတယ်။ ရင်သားကြီးလာတာမို့ ဘရာဇီယာကို ဆိုဒ်ပိုကြီးတာ ဝယ်ကြပါနော်။

အစားစားချင်စိတ်လည်း ပိုဖြစ်လာတာကို သတိထားမိမှာပါ။ ဒီ ဒုတိယ ၃ လပတ်မှာ မူးဝေတာတော့ လုံးဝမဖြစ်တော့ပါဘူး။ ဒီတော့ အစာလည်း ကောင်းကောင်းစားလို့ရပြီ။ ကလေးကိုလည်း လိုအပ်တဲ့အာဟာရတွေ အပြည့်အဝကျွေးလို့ရပြီပေါ့။

အချိုတွေ၊ အဆီအဆိမ့်တွေကိုတော့ ရှောင်ရမယ်နော်။ အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကလေးလေးကြီးထွားဖို့ အာဟာရတွေ၊ ဗီတာမင်တွေကို လုံလောက်တဲ့ ပမာဏရအောင် စားပေးပါ။ အများကတော့ နှစ်ယောက်စာလောက် စားရမယ်လို့ပြောပေမယ့် ဒါက တကယ်မဟုတ်ဘူးနော်၊၊ ဝိတ်တက်လာမယ်ဆိုတာကို မမေ့ပါနဲ့။ အစားအစာကို စည်းစနစ်ကျကျစားပြီး အသီးအရွက်တွေကို ပိုစားပေးပါ။

17 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်အပူချိန်မြင့်လာပြီး ချွေးထွက်လွယ်လာတာကို စိတ်ပူနေလောက်ရောပေါ့။ ဒါက ဘာမှတော့မဖြစ်ပေမယ့် နေရထိုင်ရခက်တာပေါ့နော်။ အေးအေးလေးဖြစ်အောင် သက်သောင့်သက်သာရှိတဲ့ အဝတ်ချောင်ချောင်ချိချိတွေ ဝတ်ပါ။ ရေအေးအေးလေးနဲ့ ချိုးပါ။ ပန်ကာသေးသေးလေးတွေ ဆောင်ထားပါ။

သွေးက ပမာဏများလာတဲ့အပြင် သွေးလည်ပတ်တာလည်း ပိုမြန်လာပါတယ်။ ဒါကြောင့်မို့ ပိုပူလာတာပါ။ အေးအေးလေးနဲ့ ခြောက်ခြောက်သွေ့သွေ့နေဖို့ အရေးကြီးပါတယ်။ ချွေးအလွန်အကျွံထွက်ရင် ရေဓာတ်ဆုံးရှုံးတာဖြစ်နိုင်ပါတယ်။ ရေများများသောက်ဖို့ မမေ့ပါနဲ့။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

တစ်ခါတစ်လေ ခေါင်းတွေအရမ်းမူးလွန်းလို့ စိတ်ပူနေပါသလား။ တစ်ခါတလေဆိုရင်တော့ ဒါက ဘေးမဖြစ်နိုင်ပါဘူး။ ဒါက ကိုယ်ဝန်ရှိရင်ဖြစ်တတ်တာလေးပါ။ ခေါင်းမူးနေရင် ဘယ်ဘက်စောင်းအိပ်ပြီး ခြေထောက်ကို ခပ်မြင့်မြင့် မြှောက်ထားလိုက်ပါ။ ဒါမှမဟုတ်ရင် ထိုင်ချပြီးတော့ ဒူးခေါင်း ၂ ခုကြား ခေါင်းကိုညှပ်ထားပါ။

အသက်ဝဝရှူပြီး အဝတ်အစားကျပ်နေရင် လျော့လျော့ရဲရဲဖြစ်အောင် ဖြည်ချလိုက်ပါ။ ကောင်းသွားတာနဲ့ အစာနည်းနည်းစားလိုက်ပါ။ နောက်တစ်ခါ ဆရာဝန်ဆီ သွားပြတာနဲ့ ခေါင်းမူးတဲ့အကြောင်းပြောပြပါ။ သတိလစ်သွားရင်တော့ ချက်ချင်း ဆရာဝန်နဲ့သွားပြလိုက်ပါ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်

ဒီလမှာ ဆရာဝန်ဆီ မသွားရသေးဘူးဆို ဒီအပတ်သွားရင် အောက်ကစစ်ဆေးမှုတွေ လုပ်မှာပါ။

  • အလေးချိန်၊ သွေးပေါင်တိုင်းခြင်း
  • သကြားနဲ့ ပရိုတင်းကို ဆီးကနေစစ်ခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်းတိုင်းခြင်း
  • သားအိမ်အရွယ်အစားကို အပြင်ကတိုင်းခြင်း
  • ခြေလက်တွေ ရောင်မရောင်၊ ခြေထောက်သွေးပြန်ကြောတွေဖောင်းမဖောင်းစစ်ခြင်း

အဆင်မပြေတဲ့ လက္ခဏာတွေရှိနေရင် ဆရာဝန်ကို ပြောပြပါ။ မသွားခင် မေးခွန်းလေးတွေ စာရင်းလုပ်သွားတာကောင်းပါတယ်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကျန်းမာဘေးကင်းဖို့ သိသင့်တာလေးတွေပါ။

လေ့ကျင့်ခန်း လုပ်ခြင်း

သာမန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်တွေက လေ့ကျင့်ခန်း လုပ်လို့ရပါတယ်၊၊ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေက ကိုယ်ဝန်ဆောင်တွေကို ကျန်းမာစေပါတယ်၊၊

လတ်တလောမှာ ပျက်ကျနိုင်ခြေရှိတာ၊ လမစေ့ဘဲ မွေးနိုင်ခြေ ရှိတာ၊ သွေးဆင်းနေတာတွေ ရှိရင်တော့ လေ့ကျင့်ခန်း လုပ်တာကို ခဏနားထားနိုင်ပါတယ်၊၊ ဒါတောင် အိပ်ရာထဲမှာပဲ လှဲနေရမှာ မဟုတ်ဘဲ လမ်းလျှောက်တာလောက်တော့ လုပ်နိုင်ပါသေးတယ်၊၊

၁၈ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size . Accessed June 8, 2016.

Pregnancy calendar week 17.

http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week17.html.
Accessed June 8, 2016.

Your pregnancy: 17 weeks. http://www.babycenter.com/6_your-pregnancy- 17-weeks_1101.bc. Accessed June 8, 2016.

17 weeks pregnant. http://www.whattoexpect.com/pregnancy/week-by- week/week-17.aspx Accessed June 8, 2016.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement