backup og meta

ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

    ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ များသောအားဖြင့် ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို မကြာခဏကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

    တစ်နေ့တည်းနဲ့ သုံးလေးကြိမ်လောက် ဝမ်းသွားနေမယ်၊ အရည်တွေပဲ သွားမယ်ဆိုရင်တော့ ဝမ်းပျက်ခြင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ အူလမ်းကြောင်း ကပ်ပါးကောင်များကြောင့် ဝမ်းပျက်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းနဲ့ ဆေးဝါးတချို့ သောက်သုံးရာကနေလည်း ဝမ်းပျက်နိုင်ပါတယ်။

    ဒါတွေအပြင် IBS လို့ခေါ်တဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ၊ ခရွမ်းရောဂါ (Crohn’s disease) ၊ စီးလိယတ်ရောဂါ (Celiac disease) ၊ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်း စတဲ့ ပြဿနာရှိသူတွေမှာ ဝမ်းပျက်တတ်ပါတယ်။

    ကိုယ်ဝန်နဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • စားသောက်မှုပုံစံ ပြောင်းလဲခြင်း

    ကိုယ်ဝန်ရှိနေချိန်မှာ အမျိုးသမီးများဟာ အစားအသောက် ပြောင်းလာပါတယ်။ အစားအသောက်များ ပြောင်းလဲခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို သက်ရောက်မှုရှိပြီး ဝမ်းပျက်နိုင်ခြေ ပိုများပါတယ်။

    • အစားအစာသစ်နဲ့ မတည့်ခြင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ပြောင်းလာပြီး စားသောက်မှုပုံစံသစ်ဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ မိမိစားသုံးနေကြမဟုတ်တဲ့ အစားအစာတွေ စားသုံးရာကနေ လေပွလေထခြင်း၊ အစာအိမ်အောင့်ခြင်းများ ဖြစ်စေပြီး ဝမ်းလည်းပျက်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဗီတာမင် အားဆေးများ
  • ကိုယ်ဝန်ဆောင်အားဆေးများဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ ကျန်းမာရေး ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အဆိုပါဗီတာမင်တွေကြောင့် အစာအိမ် အူလမ်းကြောင်း အပြောင်းအလဲဖြစ်ပြီး ဝမ်းပျက်နိုင်ပါသေးတယ်။

    • ဟော်မုန်းပြောင်းလဲခြင်း

    ဟော်မုန်းပြောင်းလဲခြင်းဟာ အူလမ်းကြောင်းကို သက်ရောက်မှု ရှိပါတယ်။ အစာခြေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ဝမ်းပျက်ခြင်းကို ဖြစ်စေပါတယ်။

    မွေးဖွားခါနီးလေ ဝမ်းပျက်ခြင်းကို ပိုမိုကြုံလာရတတ်ပါတယ်။ ကိုယ်ခန္ဓာကနေ မွေးဖွားဖို့အတွက် သဘာဝအလျောက် ပြင်ဆင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းစီပေါ်လည်း မူတည်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေ သုံးစွဲဖို့ စိုးရိမ်စိတ်ရှိရင် တခြားရွေးချယ်စရာ နည်းလမ်းတချို့တော့ ရှိနေပါတယ်။ များသောအားဖြင့် ရောဂါကြောင့် မဟုတ်တဲ့ သာမန်ဝမ်းပျက်ခြင်းဟာ ကုသစရာမလိုဘဲ သူ့ဖာသာလည်း ပျောက်တတ်ပါတယ်။

    အိမ်တွင်းကုထုံးအနေနဲ့ ရွေးချယ်စရာနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • အချိန်ပေးပါ။

    ဝမ်းပျက်ခြင်းအများစုဟာ ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဝမ်းပျက်နေချိန်အတွင်းမှာတော့ ရေဓာတ်ကို ဖြည်တင်းထားဖို့ လိုအပ်ပါတယ်။

    • အရည်များများသောက်ပါ။

    ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ အရည်ဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာကနေ အရည်ဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ လျင်မြန်ပြီး ဆိုးရွားတတ်တာမို့ သတိပြုဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အစာအိမ်အူလမ်းကြောင်း ပြဿနာမကြုံနေဘူးဆိုရင်တောင် ပုံမှန်လူတွေထက် ရေကိုပိုမိုလိုအပ်ပါတယ်။

    ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ဖြည့်တင်းနိုင်ဖို့ ရေကိုလိုအပ်ပါတယ်။ ဖျော်ရည်၊ စွပ်ပြုတ်သောက်ခြင်းအားဖြင့် ဓာတ်ဆား၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

    ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းပျက်ခြင်းဖြစ်တတ်ပါတယ်။ အများစုက ဆေးရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။ ဆေးရပ်ဖို့၊ ဆေးပြောင်းဖို့အတွက် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖို့ လိုပါတယ်။

    • အစားအသောက်ကို ဂရုစိုက်ပါ။

    အစားအစာတချို့ဟာ ဝမ်းပျက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အဆီများလွန်းတဲ့အစာတွေ၊ အပူအစပ်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ် များလွန်းတဲ့ စားစရာတွေဟာ ဝမ်းပျက်ခြင်းဖြစ်ဖို့ အားပေးပါတယ်။

    ဒါ့ပြင် အစားအသောက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ ပိုးသတ်မထားတဲ့ အစားအသောက်တွေကို မစားပါနဲ့။ မစားခင်မှာ အစားအစာတွေကို ဂရုတစိုက်ဆေးကြောပါ၊ ချက်ပြုတ်ပါ။ ညစ်ပတ်တဲ့အစားအသောက်တွေဟာ ဘက်တီးရီးယား ပိုးမွှားတွေပါနိုင်ပြီး ဝမ်းလျှောစေနိုင်ပါတယ်။

    ဘယ်အချိန်မှာ ကုသမှုခံယူသင့်သလဲ

    ဝမ်းပျက်ခြင်းဟာ ၂ရက်၃ရက်ကြာပြီးတဲ့ထိ မရပ်ဘူးဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ မိမိဖာသာ ပိုးသတ်ဆေးများ၊ ဝမ်းပိတ်ဆေးများ သောက်သုံးခြင်း မပြုရပါဘူး။ ဆေးဝါတွေကြောင့် ဝမ်းပျက်ခြင်း ပိုဆိုးလာတတ်ပါတယ်။ ဆရာဝန်ဟာ လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

    ဝမ်းပျက်တာ ကြာလာရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နှစ်ရက်သုံးရက်ထက် ကျော်လွန်ပြီး ဝမ်းပျက်နေမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ရေဓာတ် ဆိုးဆိုးရွားရွား ခမ်းခြောက်ခြင်းဟာ ကိုယ်ဝန်ကို ဒုက္ခပေးတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် ပေါ်လာတဲ့လက္ခဏာတွေကတော့

    • ဆီးအရောင်ဝါပြီးရင့်ခြင်း
    • အာခေါင်ခြောက်ခြင်း၊ စေးထန်းခြင်း
    • ရေငတ်ခြင်း
    • ဆီးနည်းခြင်း
    • ခေါင်းကိုက်ခြင်း
    • မူးဝေခြင်း
    • သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement