backup og meta

ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ

    ဂရိတ်ဖရုဟာ အချဉ်ဓာတ်ကဲတဲ့ သံပုရာမျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အသီးတခုလုံးကို စားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ဂရိတ်ဖရုဟာ အသားအရေကို လှပစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

    ယခုဆောင်းပါးမှာဖော်ပြမှာကတော့ ကျန်းမာရေးအပေါ် ဂရိတ်ဖရုရဲ့ အကျိုးပြုပုံနဲ့ သတိပြုရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။

    အကျိုးကျေးဇူးများ

    ဂရိတ်ဖရုမှာ ကယ်လိုရီနည်းပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် A နဲ့ C များစွာ ပါဝင်ပါတယ်။ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဆီးချို

    ဂရိတ်ဖရုမှာ သကြားဓာတ်ညွှန်ကိန်း (glycemic index) နည်းပါတယ်။ အမျိုးအစား ၂ ဆီးချို ဖြစ်ပွားနိုင်ခြေကို နည်းပါးစေပါတယ်။ ဂရိတ်ဖရုမှာ naringin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပြီး အမျိုးအစား ၂ ဆီးချိုသမားတွေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

    ကိုယ်အလေးချိန်လျှော့ချခြင်း

    ဂရိတ်ဖရုဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုတယ်လို့ သိရပါတယ်။ တချို့ကတော့ ဒီအချက်ဟာ အထောက်အထား မခိုင်မာဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ရေရှည်စားသုံးမယ်ဆိုရင်တော့ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ၊ အဝလွန်ခြင်းကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။

    လေဖြတ်ခြင်း

    အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးရဲ့ အဆိုအရ flavonoid ဓာတ်ကို များများစားပေးခြင်းဟာ အမျိုးသမီးတွေမှာ သွေးကြောပိတ်ဆို့ လေဖြတ်ခြင်းကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။ flavonoid ဟာ လိမ္မော်သီးအပါအဝင် တခြား သံပုရာမျိုးနွယ်ဝင်အပင်တွေမှာလည်း ပါဝင်ပါတယ်။ သံပုရာမျိုးနွယ်ဝင်အသီးတွေကို စားသု့းခြင်းဟာ လေဖြတ်နိုင်ခြေကို ၁၉%ခန့် လျော့နည်းစေတယ်လို့ သိရပါတယ်။

    သွေးတိုးနှင့်နှလုံး

    ဂရိတ်ဖရုမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ကိုလင်း စတာတွေ ပါဝင်ပြီး နှလုံးအတွက် ကောင်းမွန်စေပါတယ်။ နှလုံးကျန်းမာရေးအသင်းကြီးအနေနဲ့ ပိုတက်ဆီယမ်ပါတာတွေ များများစားပြီး ဆားကို လျှော့စားဖို့ အကြံပြုပါတယ်။ အဲဒီအခါ သွေးတိုးခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။

    အလျား ၃.၅ လက်မခန့်ရှိပြီး ၂၀၀ ဂရမ်လေးတဲ့ ဂရိတ်ဖရုသီးမှာ ပိုတက်ဆီယမ် ၂၇၈ မီလီဂရမ် ပါဝင်ကြောင်း သိရပါတယ်၊ အရွယ်ရောက်ပြီးသူများအနေနဲ့ တနေ့ကို ပိုတက်ဆီယမ် ၄၇၀၀ မီလီဂရမ်ခန့် စားသုံးသင့်ကြောင်း ဆိုပါတယ်။ ဂရိတ်ဖရုအသီးခပ်သေးသေးတလုံးဟာ လူတယောက်ရဲ့ တနေ့တာ ပိုတက်ဆီယမ်လိုအပ်ချက်ရဲ့ ၆% ကို ဖြည့်တင်းပေးနိုင်ပါတယ်။

    ကင်ဆာ

    ဂရိတ်ဖရုမှာ ဗီတာမင်စီလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ ဒါဟာ ကင်ဆာဖြစ်ပေါ်ဖို့ အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေးပါတယ်။

    ဂရိတ်ဖရုခပ်သေးသေးတလုံးမှာ ဗီတာမင်စီ ၆၈.၈ မီလီဂရမ် ပါဝင်ပါတယ်။ ဗီတာမင်စီ တနေ့တာ စားသုံးသင့်တဲ့ ပမာဏကတော့ အမျိုးသမီးများအတွက် ၇၅ မီလီဂရမ်ဖြစ်ပြီး အမျိုးသားများအတွက် ၈၀ မီလီဂရမ် ဖြစ်ပါတယ်။

    ဂရိတ်ဖရုသီး ခပ်သေးသေးတလုံးမှာ တခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့ lycopene ဓာတ် ၂၂၇၀ မိုက္ခရိုဂရမ် ပါဝင်ပါတယ်။ Lycopene ဟာ ဆီးကျိတ်ကင်ဆာဖြစ်ပါားနိုငခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။

    အစာခြေစနစ်

    ဂရိတ်ဖရုမှာ ရေနဲ့အမျှင်ဓာတ် မျှတစွာ ပါဝင်ပါတယ်။ တိတိကျကျပြောရရင် ၂၀၀ ဂရမ်လောက် အလေးချိန်ရှိတဲ့ ဂရိတ်ဖရုတလုံးမှာ ရေ ၁၈၂ ဂရမ်နဲပ အမျှင်ဓာတ် ၂.၂ ဂရမ် ပါဝင်ပါတယ်။ ရေနဲ့အမျှင်ဓာတ်နှစ်မျိုးစလုံးဟာ အစာအိမ်အူလမ်းကြောင်း ပုံမှန်လုပ်ဆောင်နိုင်ရေးအတွက် အရေးကြီးပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    အရွယ်ရောက်ပြီးသူတွေအနေနဲ့ တနေ့ကို အမျှင်ဓာတ် ၂၈ ဂရမ်ကနေ ၃၃.၆ ဂရမ်ထိ လိုအပ်ပါတယ်။ အမျှင်ဓာတ်လုံလောက်စွာ စားသုံးခြင်းဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

    အရေပြား

    ဂရိတ်ဖရုမှာပါဝင်တဲ့ ဗီတာမင်စီဟာ ကော်လဂျင်ဖွဲ့စည်းဖြစ်ပေါ်ရာမှာ အဓိကပါဝင်ပါတယ်။ ကော်လဂျင်ဟာ အရေပြားတင်းရင်းစေဖို့ အရေးပါပါတယ်။ ဗီတာမင်စီဟာ နေရောင်ခြည်ဒဏ်နဲ့ အသက်အရွယ်အိုမင်းခြင်းကြောင့် ရင့်ရော်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီကို ဂရိတ်ဖရုအပြင် တခြားသော သံပုရာမျိုးနွယ်ဝင် အသီးတွေကလည်း ရနိုင်ပါတယ်။

    ကိုယ်ခံအားစနစ်

    ဗီတာမင်စီဟာ ကိုယ်ခံအားစနစ်ကို များစွာ အထောက်အကူပြုပါတယ်။ ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းအားဖြင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ တခြားရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းများ၊ နာတာရှည်ရောဂါသည်များ၊ ဆေးလိပ်သောက်သူများဟာ ဗီတာမင်စီကို လိုအပ်ပါတယ်။ ဗီတာမင်စီရဖို့ ဂရိတ်ဖရုသီးကို စားသုံးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement