ကိုယ်ဝန်ဆောင်မေမေတို့ စားသင့်တဲ့အစားအစာတွေကိုတော်တော်များများသိထားကြပြီးဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရတစ်မျိုးအကြောင်းလေ့လာတွေ့ရှိမှုတစ်ခုကို မျှဝေပေးချင်တယ်။ ကိုယ်ဝန်လနုစဉ်အတွင်း အစေ့အဆန်တွေစားသုံးရင်မွေးလာတဲ့ကလေး ဉာဏ်ပိုကောင်းတယ်လို့ သုတေသီကပြောလာပါတယ်။
ဒီမိခင်တွေကနေမွေးလာတဲ့ကလေးတွေက မှတ်ဉာဏ်ပိုကောင်းတယ်၊ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းတယ်၊တွေးတောနိုင်စွမ်းပိုကောင်းတယ်လို့တွေ့ရှိရပါတယ်။
ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တစ်ပတ်ကို လက်သုံးဆုပ်စာ (၉၀ ဂရမ်)လောက်စားမယ်ဆို အကောင်းဆုံးပါပဲတဲ့။
သစ်ကြားသီး၊ ဗာဒံစေ့၊မြေပဲ၊ ဖရုံစေ့ တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးအတွက်အကျိုးပြုအဆီဓါတ်fatty acidsတွေပါရှိပါတယ်။
ဒီသုတေသနကိုBarcelona Institute for Global Health မှ ပညာရှင်တွေက မိခင်နဲ့ကလေး အယောက် ၂၂၀၀ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။
ပါဝင်သူအမျိုးသမီးတွေကို စားသောက်ပုံအလေ့အထနဲ့ပတ်သက်ပြီးမေးခွန်းတွေဖြေစေခဲ့ပြီး ကလေးတွေကိုလည်း စစ်ဆေးမှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်။
ကလေးတွေရဲ့အသက် ၁၈ လ၊ ၅ နှစ်နဲ့ ၈ နှစ်အရွယ်တွေမှာတွေးခေါ်နိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကို စစ်ဆေးခဲ့တာပါ။
စစ်ဆေးမှုရလဒ်တွေမှာတော့ ကိုယ်ဝန်လနုစဉ် အစေ့အဆန်အများဆုံးစားခဲ့တဲ့ မိခင်တွေရဲ့ကလေးတွေက အမှတ်အမြင့်ဆုံးဖြစ်နေတာတွေ့ရပါတယ်။
“ ကိုယ်ဝန်ဆောင်ချိန်အစေ့အဆန်စားခြင်းက ကလေးရဲ့ဦးနှောက်အာရုံကြောအတွက် ရေရှည်အကျိုးကျေးဇူးကို တွေ့ရှိတာ ပထမဆုံးပါ။ အဓိကတော့ ကိုယ်ဝန်ကာလအတွင်းမှာ ဦးနှောက်က ဖြစ်စဉ်တွေအမျိုးစုံလုပ်ဆောင်နေတာဖြစ်တယ်၊ မိခင်စားသုံးတဲ့အာဟာရက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ သက်ရောက်မှုအရေးပါတယ်ဆိုတာပါပဲ။” လို့ ဦးဆောင်သုတေသီFlorence Gignac ကပြောပါတယ်။
ဒီသုတေသနရဲ့အဓိကအချက်ကတော့ ဒီအစေ့အဆန်တွေမှာဖောလစ်အက်စစ်ပါဝင်မှုများတယ်၊ အထူးသဖြင့် omega-3 နဲ့omega-6 တို့လို အကျိုးပြုအဆီဓါတ်တွေပါဝင်တယ်ဆိုတော့ အကျိုးကျေးဇူးပိုကောင်းတာပါလို့ သူကဆိုပါတယ်။
ဒီဓါတ်တွေက အာရုံကြောတစ်ရှူးအတွင်း၊ အထူးသဖြင့် မှတ်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းလုပ်ဆောင်ချက်တွေနဲ့ဆိုင်တဲ့ ဦးနှောက်အရှေ့ခြမ်းမှာ အကျိုးပြုတာဖြစ်ပါတယ်။
သုတေသနမှာ ကိုယ်ဝန်ပထမသုံးလနောက်ပိုင်း အစေ့အဆန်စားသုံးမှုကိုလည်းလေ့လာခဲ့ပေမယ့် အကျိုးရလဒ်နည်းတာကိုတွေ့ရပါတယ်။
အစေ့အဆန်နဲ့အခွံမာသီးတွေဟာသွေးတိုးနဲ့ဆီးချိုအန္တရာယ်နည်းပါးစေပြီး အသက်ကြီးသူတွေမှာ စိတ်ခွန်အားလျော့ကျခြင်းကိုကာကွယ်နိုင်တယ်ဆိုတာသိထားကြပြီးသားဖြစ်ပါတယ်။
အစေ့အဆန်တွေက အမျှင်ဓါတ်များပါတယ်။ အရသာမဖြည့်စွက်ထား၊ပြုပြင်စီမံမထားတဲ့ အစေ့အဆန်တွေက ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီဓါတ်တော့ကြွယ်ဝတာကြောင့် ထိုက်သင့်တဲ့ပမာဏထက် မလွန်ကဲအောင် ချင့်ချိန်စားဖို့တော့ လိုပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။