backup og meta

အယ်လ်ကိုဟောကြောင့် ဦးနှောက်ထိခိုက်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်လ်ကိုဟောကြောင့် ဦးနှောက်ထိခိုက်ခြင်း

    အယ်လ်ကိုဟောအဓိက ပါဝင်တဲ့ အရက် ဘီယာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကင်းနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်တံရေးအရပဲဖြစ်စေ၊ စိတ်ပျော်ရွှင်ဖို့ ဖြစ်စေ၊ စိတ်ညစ်စရာများကို အကြောင်းပြရင်းဖြစ်စေ သောက်စားကြပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် အရက်ဘီယာမှ ရရှိလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို သိထားသင့်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ယမကာမှာပါဝင်တဲ့ အယ်လ်ကိုဟောရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

    ရေတို အကျိုးသက်ရောက်မှု

    အယ်လ်ကိုဟောဟာ ဦးနှောက်အာရုံကြောဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သောက်သုံးလိုက်ပြီးတာနဲ့ သွေးထဲကတဆင့် ဦးနှောက်ကို ငါးမိနစ်အတွင်း ရောက်ရှိသွားနိုင်ပါတယ်။ အယ်လ်ကိုဟောရဲ့ အာနိသင်ကို ဆယ်မိနစ်အတွင်း ပြသလာပါတယ်။

    အယ်လ်ကိုဟောရဲ့ စစချင်းအကျိုးသက်ရောက်မှုကတော့ အင်ဒေါ်ဖင်ဟော်မုန်းထွက်လာစေခြင်း ဖြစ်ပါတယ်။ အဆိုပါဟော်မုန်းဟာ နေရထိုင်ရကောင်းစေတာကြောင့် တော်သင့်ရုံသောက်သုံးသူများအနေနဲ့ ရံဖန်ရံခါမှာ ပျော်ရွှင်မှုရအောင်ဖြစ်စေ၊ စိတ်ပြေလက်ပျောက်ဖြစ်စေ သောက်သုံးကြပါတယ်။ အလွန်အကျွံသောက်သုံးသူများအတွက်တော့ ဦးနှောက်အာရုံကြော လမ်းကြောင်းအပေါ် သက်ရောက်မှုရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။

    ရေတိုအကျိုးသက်ရောက်မှုအနေနဲ့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။

    စိတ်နေစိတ်ထားနှင့် အပြုအမူပြောင်းလဲခြင်း

    – အာရုံစိုက်ရခက်ခဲခြင်း

    ကိုယ်နေဟန်ထား ထိန်းသိမ်းရန် ခက်ခဲခြင်း

    – စကားမပီခြင်း

    – စိတ်ရှုပ်ထွေးခြင်း

    အရက်အဆိပ်သင့်ခြင်း

    တိုတောင်းတဲ့ အချိန်ကာလတခုအတွင်းမှာ အယ်လ်ကိုဟောကို အများအပြားသောက်သုံးမိရင် အရက်အဆိပ်သင့်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ အယ်လ်ကိုဟောဓာတ် အများအပြားဟာ ဦးနှောက်ထဲကို ဝင်ရောက်သွားပြီး နေ့စဉ်ဘဝရဲ့ အခြေခံလုပ်ငန်းတာဝန်တွေဖြစ်တဲ့ အသက်ရှူခြင်း၊ ကိုယ်ခန္ဓာအပူချိန်ထိန်းညှိခြင်း၊ နှလုံးခုန်ခြင်း စတာတွေကို အနှောက်အယှက်ပေးပါတယ်။ မကုသဘဲ ထားလိုက်ရင် ဦးနှောက်သေဆုံးသွားခြင်း၊ အသက်ဆုံးရှု့းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ရေရှည်သက်ရောက်မှု

    အရက်သောက်သုံးခြင်းကြောင့် ရေရှည်မှာ ဦးနှောက်ကိုထိခိုက်စေပြီး သိမှတ်မှုလုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဦးနှောက်ကျုံ့ဝင်ခြင်း

    အရက်ကို အလွန်အကျွံသောက်သုံးသူတွေရဲ့ ဦးနှောက်ဟာ သေးပြီးကျုံ့လာတတ်ကြောင်း သုတေသီများကို တွေ့ရှိထားကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် အသင့်အတင့်သောက်သုံးသူတွေမှာတောင် ဦးနှောက်သေးကျုံ့ခြင်း တွေ့ရှိနိုင်ကြောင်း သိရပါတယ်။

    အယ်လ်ကိုဟောကြောင့် ဦးနှောက်ကျုံ့ရာမှာ ဟစ်ပိုကမ်းပတ်ဆိုတဲ့ အစိတ်အပိုင်းကို ကျုံ့သွားစေတာ ဖြစ်ပါတယ်။ အဆိုပါ အစိတ်အပိုင်းဟာ မှတ်ဉာဏ်နဲ့ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ ကိစ္စတွေအတွက် အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဦးနှောက်အသားကျုံ့ခြင်းဟာ တဦးချင်းစီ သောက်သုံးမှုပမာဏအလိုက် ကွာခြားနိုင်ပါတယ်။ တနေ့ကို လေးခွက်သောက်သုံးသူများဟာ မသောက်သူများထက် ဦးနှောက်ကျုံ့နိုငခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ အလယ်အလတ်သောက်သုံးသူများဟာ မသောက်သူများထက် သုံးဆ ပိုမိုကျုံ့နိုင်ခြေ ရှိပါတယ်။

    အာရုံကြောတစ်ရှူးများ ဖွဲ့စည်းဖြစ်ပေါ်ခြင်းတွင် သက်ရောက်ခြင်း

    အယ်လ်ကိုဟောဟာ ဦးနှောက်ဆဲလ်များကို သေကြေပျက်စီးခြင်း မဖြစ်စေရင်တောင် ရေရှည်မှာ ဆိုးကျိုးသက်ရောက်စေပါတယ်။ အထူးသဖြင့် အရက်ကို အလွန်အကျွံသောက်ခြင်းဟာ ဦးနှောက်ဆဲလ်အသစ်များကို ဖြစ်ပေါ်စေတဲ့ အာရုံကြောတစ်ရှူးဖွဲ့စည်းခြင်းကို နှောင့်နှေးစေပါတယ်။

    Wernicke-Korsakoff ရောဂါလက္ခဏာစု

    အရက်ကို လွန်ကဲစွာသောက်သုံးတဲ့အခါ ဗီတာမင် ဘီဝမ်းလို့ လူသိများတဲ့ thiamine ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါ Wernicke-Korsakoff လို့ အမည်ရတဲ့ ရောဂါလက္ခဏာစုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ ရောဂါလက္ခဏာစု ခံစားရချိန်မှာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ပျက်စီးစေပြီး အာရုံရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာကြွက်သားများ ထိန်းညှိလှုပ်ရှားနိုင်မှု မရှိခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။

    သန္ဓေသားအပေါ် သက်ရောက်မှု

    အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အရက်သောက်သုံးရင် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အခြားအရေးကြီး ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေပါတယ်။ အဆိုပါ ပြဿနာကို အယ်လ်ကိုဟောကြောင့် သန္ဓေသားချို့ယွင်းခြင်း (FASD – Fetal Alcohol Spectrum Disorders) လို့ ခေါ်ပါတယ်။ FASD ပြဿနာကြောင့် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ေါ်စေပါတယ်။

    အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်-

    – သင်ယူမှုခက်ခဲခြင်း

    – စကားပြောစွမ်းရည်နှင့် ဘာသာစကားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း

    – အာရုံစိုက်ရန် ခက်ခဲခြင်း

    – မှတ်ဉာဏ်ချို့ယွင်းခြင်း

    ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိန်းညှိလုပ်ဆောင်ရန် ခက်ခဲခြင်း

    – တုံ့ပြန်မှုလွန်ကဲခြင်း

    အထက်ပါ အကြောင်းအရာများကတော့ အရက်သောက်သုံးခြင်းကြောင့် ဦးနှောက်နဲ့ အာရုံကြော အစိတ်အပိုင်းတွေကို ဘယ်လိုထိခိုက်စေသလဲ ဆိုတာပါပဲ။ အယ်လ်ကိုဟောကြောင့် ဦးနှောက်ဆဲလ်များကို တိုက်ရိုက်ပျက်စီးခြင်း ဖြစ်ပေါ်တာ ရှားပါတယ်။ ဒါပေမယ့် ရေတိုရေရှည် အကျိုးသက်ရောက်မှုတွေ ရှိနေကြောင်း သိရှိပြီး လိုအပ်သလို ချိန်ဆနိုင်ဖို့ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement