backup og meta

ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။

    ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ သေသေချာချာ သိရှိနိုင်စေဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။

    ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ ဆိုတော့ ဆုံပိုင်းပြင်ခြင်း ဆိုတာ ဗိုက်ထဲက သန္ဓေသားလေးကို မူမမှန်ပုံစံကနေ သင့်တော်တဲ့ပုံစံဖြစ်အောင် အပြင်က လှည့်ပေးတာကို ခေါ်ပါတယ်။ ဒီလို လှည့်ပေးလိုက်ခြင်းအားဖြင့် ရိုးရိုးမွေးရတာ ပိုပြီးလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ချောမွေ့စွာ မီးဖွားနိုင်ဖို့အတွက် တင်ပဆုံပိုင်း ဖြစ်နေတဲ့ ဒါမှမဟုတ် ကန့်လန့်ဖြစ်နေတဲ့ သန္ဓေသားလေးကို ပုံမှန်ဖြစ်တဲ့ ခေါင်းပိုင်းဖြစ်သွားအောင် လုပ်ပေးရပါတယ်။

    ဒီလို ဆုံပိုင်းပြင်တာကို နေ့စေ့လစေ့မတိုင်ခင် (အများအားဖြင့် ကိုယ်ဝန်၃၇ပတ်လောက်မှာ) လုပ်လေ့ရှိကြသလို မွေးနေရင်းအချိန်(ရေမြွာမပေါက်ခင်လေးမှာ)မှာလည်း လုပ်တဲ့အခြေအနေတွေ ရှိပါတယ်။ တခုရှိတာက တင်ပဆုံပိုင်းဖြစ်နေလို့ လှည့်လိုက်တဲ့အခါ မအောင်မြင်ဖူးဆိုရင်တော့ ဒီတိုင်းဆုံပိုင်းမွေးရင်မွေး ဒါမှမဟုတ် လိုအပ်ရင် ဗိုက်ခွဲပြီး မွေးရတတ်ပါတယ်။

    ဘာတွေကို စောင့်ကြည့်နေရမလဲ။

    ဆုံပိုင်းပြင်တဲ့အခါ မေမေ့ဗိုက်ထဲက သန္ဓေသားလေးရဲ့ အခြေအနေကို တောက်လျှောက်သတိထားပြီး စောင့်ကြည့်နေရပါမယ်။ ဘာတွေနဲ့ စောင့်ကြည့်နေရမလဲဆိုတော့

    • အယ်ထွာဆောင်းလို့ အရပ်ခေါ် ခေါ်ကြတဲ့ Ultrasound

    Ultrasound ကို သုံးပြီး ဗိုက်ထဲမှာရှိနေတဲ့ သန္ဓေသားလေးရဲ့ နေရာအနေအထား၊ အချင်းရဲ့ တည်နေရာနဲ့ ရေမြွာရည်ပမာဏတွေကို သိနိုင်ပါတယ်။

    • Electronic heart monitoring

    ဆုံပိုင်းမပြင်ခင်၊ ပြင်နေတုန်းနဲ့ ပြင်ပြီးတဲ့အချိန်မှာသန္ဓေသားလေးရဲ့ နှလုံးခုန်နှုန်းကို ဒီစက်ကလေးကို သုံးပြီး သိနိုင်ပါတယ်။ ကလေးရဲ့ နှလုံးခုန်သံက မြန်လာပြီး ကလေးလည်း လှုပ်တယ်ဆိုရင် ဒါပုံမှန်ပါ။ ကလေးက ကျန်းမာတယ်၊ ကောင်းတယ်ပေါ့။ အဲနှလုံးခုန်သံ ပုံမမှန်တော့ဖူးဆိုရင်တော့ ဆုံပိုင်းပြင်နေတာ (လှည့်နေတာ)ကို ချက်ချင်းရပ်ပစ်ရပါမယ်။

    ဘယ်လိုလှည့်မလဲ။

    ဆုံပိုင်းမပြင်ခင် (မလှည့်ခင်)မှာ ကိုယ်ဝန်ဆောင်မေမေကို ဆရာဝန်က ဆေးတမျိုးထိုးပေးပါလိမ့်မယ်။ သားအိမ်ညှစ်တာကို နည်းစေတဲ့၊ သားအိမ်ကြွက်သားတွေကို ပျော့စေတဲ့ ဆေးတမျိုးပါ။ ဒီလိုပေးလိုက်ခြင်းအားဖြင့် သားအိမ်က ညှစ်တာ၊ တင်းတာ မရှိတော့ပါဘူး။

    ဟုတ်ပြီ၊ သားအိမ်ကြွက်သားတွေ ပြေလျော့သွားပြီဆိုရင် ဆရာဝန်က သူ့အလုပ်ကို စပါပြီ။ ဆရာဝန်က သူ့လက်နှစ်ဖက်လုံးကို အမေရဲ့ ဗိုက်ပေါ်တင်လိုက်ပါလိမ့်မယ်။ လက်တဖက်က ကလေးရဲ့ ခေါင်းနေရာ၊ နောက်တဖက်က ကလေးရဲ့ တင်ပဆုံပိုင်းနေရာကိုပေါ့။ ပြီးရင် မိခင်ရဲ့ တင်ပဆုံအရိုးကွင်းဖက်ကို ကလေးရဲ့ခေါင်းလေးလည်သွားစေဖို့ (ပုံမှန်အနေအထားဖြစ်သွားစေဖို့) ကလေးကို တွန်းမယ်၊ လှည့်ပါမယ်။

    ဒီလိုလှည့်နေတဲ့ အချိန်အတောအတွင်းမှာ အမေအနေနဲ့ အနည်းအကျဉ်း နေရထိုင်ရအဆင်မပြေတာ၊ ကသိကအောင့်ဖြစ်တာမျိုးတော့ ရှိမှာပါ။ ဘယ်လောက်ထိကသိကအောင့်ဖြစ်မလဲဆိုတာကတော့ ဆရာဝန်အားဘယ်လောက်သုံးပြီး လှည့်မလဲဆိုတာနဲ့ အမေရဲ့ ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်ပါတယ်။ ဗိုက်အပြင်ကနေ အားနဲ့ လှည့်နေတဲ့အတွက် သားအိမ်က ညှစ်လာပြီဆိုရင်တော့ အမေက နာကျင်မှုကိုပါ ခံစားလာရပါလိမ့်မယ်။

    တကယ်လို့ လှည့်နေချိန်မှာ ဗိုက်ထဲက သန္ဓေသားလေး အနေနဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ (ဥပမာ နှလုံးခုန်နှုန်း နှေးလာတာ) ဖြစ်လာရင်တော့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် လှည့်နေတာကို ချက်ချင်းရပ်ပစ်ရပါမယ်။

    ဆုံပိုင်းလှည့်တာဟာ များသောအားဖြင့် စိတ်ချရပြီး အန္တရာယ်မရှိတဲ့ လုပ်ဆောင်မှုဖြစ်ပေမယ့် ပြဿနာပေါင်းသောင်းခြောက်ထောင် တက်သွားတဲ့ အခြေအနေတွေလည်းရှိပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပဲ လုပ်ရပါမယ်။ လှည့်နေရင်း တခုခု ပြဿနာတက်ရင် ကလေးကို ခွဲမွေးဖို့ လိုကောင်းလိုမှာ ဖြစ်တဲ့အတွက် ဆေးရုံမှာလုပ်တာ အကောင်းဆုံးပါပဲ။

    တခါတည်းနဲ့ လှည့်လို့မအောင်မြင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒီလိုမျိုးဖြစ်ခဲ့ရင် ကျောရိုးထဲ ထုံဆေးထိုးပြီး နောက်တကြိမ် ထပ်ကြိုးစားကြည့်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ ဒီလို ထုံဆေးထိုးလိုက်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ နာကျင်တာကို ပိုခံနိုင်ရည်ရှိသွားပြီး ဆုံပိုင်းလှည့်တာ ပိုပြီးအောင်မြင်နိုင်ခြေ ရှိသွားပါတယ်။

    ဆုံပိုင်းပြင်ပြီးတဲ့အခါ ဘာတွေဆက်လုပ်ပေးရမလဲ။

    ဆုံပိုင်းလှည့်တာ အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီဆိုရင် မိခင်ရော သန္ဓေသားကိုပါ ဆရာဝန်က စောင့်ကြည့်ပါသေးတယ်။ အားလုံးအဆင်ပြေတာ သေချာပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပုံမှန်နိစ္စဓူဝလုပ်နေကြ ကိစ္စတွေကို ပြန်လုပ်နိုင်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement