backup og meta

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

    တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊

    သားအိမ်လန် တယ်ဆိုတာ

    အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက ‘ပုံမှန်’ ပဲ ဖြစ်ပါတယ်၊၊

    တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ

    သားအိမ်မှာ အသားလုံး ရှိနေတာ

    -သားအိမ်မှာ သွေးလုံး တစ်နည်း သားအိမ်တစ်ရှူးနေရာမှားပြီး ရှိနေတာ

    -မကြာခဏ မိန်းမကိုယ်ပိုးဝင်တာကြောင့်  အမာရွတ်တွယ်ပြီး သားအိမ်က လန်နေတာမျိုးပါ၊၊ ဒါကလည်း ဒီရောဂါတွေကို ကုလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်၊၊

    သားအိမ်လန် နေရင် ဘာကြောင့် နှိပ်ပြီး ပြင်ကြတာလဲ၊၊

    အဓိက အကြောင်းရင်းကတော့ ခုနပြောသလို ကလေးမရမှာ စိုးတာကြောင့်ပါ၊၊ တချို့ကလည်း ကလေးရဖို့ ကြိုးစားနေတာကြာပြီ၊၊ မရသေးလို့ သားအိမ်လန်နေလို့များလားဆိုပြီး နှိပ်နယ်ပြုပြင်ကြတာပဲ ဖြစ်ပါတယ်၊၊ လက်တွေ့မှာတော့ သားအိမ်လန်တာကို မဖြစ်မနေ နှိပ်ပြီး ပြင်စရာ မလိုပါဘူး၊၊

    ဒါဆိုရင် သားအိမ်လန်တာက ကလေးရဖို့ အခက်အခဲဖြစ်နိုင်သလား၊၊

    သားအိမ်လန်ရုံသက်သက်ကတော့ ကလေးရဖို့ အနှောင့်အယှက်မဖြစ်စေပါဘူး၊၊

    ကလေးရဖို့ဆိုတာက သုက်ကောင်ရဲ့ အရည်အသွေး၊ ဒီသုက်ကောင်လေး ကူးပြီးတက်လာတဲ့အခါ သားဥပြွန်ထဲမှာ မမျိုးဥလေးနဲ့ တွေ့နိုင် မတွေ့နိုင် ဒါနဲ့အဓိက ဆိုင်တာပါ၊၊

    သားဥပြွန်မှာ ကောင်းကောင်းမျိုးအောင်ခဲ့မယ်ဆိုရင် သားအိမ်လန်နေပေမယ့် တခြားလူတွေလိုပဲ သန္ဓေသားလေးက သားအိမ်နံရံမှာ တွယ်ပြီး ကောင်းကောင်းကြီးထွားနိုင်ပါတယ်၊၊ ဒါ့ပြင် ကလေးကြီးလာရင် သားအိမ်ပါ လိုက်ကျယ်ပြီး ဝမ်းခေါင်းထဲ ဝင်သွားမှာဖြစ်လို့ အဲ့ဒီအချိန်ကျရင် သားအိမ်လန်တယ်ဆိုတာလည်း မရှိတော့ပါဘူး၊၊ အများစုကလည်း ပုံမှန်အတိုင်းပဲ ကိုယ်ဝန်ဆောင် မီးဖွားနိုင်ကြပါတယ်၊၊

    သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

    တချို့လူတွေ ကလေးမရလို့ စစ်လိုက်တဲ့အခါ သားအိမ်လန်နေတာကို တွေ့ရတယ်တဲ့၊၊

    မွေးရာပါ သားအိမ်လန် တာ၊ အသက်ကြီးလာလို့ အရွတ်တွေ လျော့ရဲပြီး သားအိမ်လန်တာက ကလေးရဖို့ အနှောင့်အယှက်မဖြစ်စေပါဘူး၊၊

    ဒါပေမယ့် ရောဂါကြောင့် သားအိမ်လန်နေရင်တော့ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကလေးရဖို့ ခက်စေနိုင်ပါတယ်၊၊ ဥပမာ သားအိမ်မှာ အလုံးတည်နေရင်သားအိမ်လည်း လန်နေနိုင်သလို ဒီအလုံးခံနေလို့ သားအိမ်မှာ သန္ဓေသားလည်း တွယ်လို့ ရမှာ မဟုတ်ပါဘူး၊၊

    သားအိမ်မှာ သွေးလုံးရှိနေရင်လည်း ဒီလိုပဲ ကလေးရဖို့ ခက်ပါတယ်၊၊ မျိုးပွားအင်္ဂါတွေ ရောင်ရမ်းပြီး အမာရွတ်တွယ်နေတဲ့အခါ သားအိမ်လန်တာတင် မဟုတ် သားဥပြွန်ပါ အမာရွတ်နဲ့ ပိတ်နေတာကြောင့် မျိုးဥနဲ့ သုက်ကောင်နဲ့ ပေါင်းလို့ ရမှာမဟုတ်ပါဘူး၊၊

    ဒီအဖြစ်အပျက်တွေ အားလုံးမှာ သားအိမ်လန်နေတာကြောင့် မရတာမဟုတ်၊၊ သားအိမ်လန်စေတဲ့ ရောဂါအခံတွေကြောင့်သာ မရတာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် လိုရာ ဆွဲတွေးတဲ့အခါကျ သားအိမ်လန်နေလို့ ကလေးမရဘူးဆိုတာ ဖြစ်သွားပါတယ်၊၊

    သားအိမ်လန်နေရင် ဘာလုပ်ရမလဲ၊၊

    လက္ခဏာကြီးကြီးမားမား ခံစားရတာမျိုး မရှိရင် ဘာမှလုပ်စရာ မလိုပါဘူး၊၊ အထူးသဖြင့် မွေးရာပါ လန်တာနဲ့ အသက်ကြီးလို့ အရွတ်တွေ အားနည်းပြီး ဖြစ်တာက ဘာလက္ခဏာမှ မပြရင် ဒီတိုင်းထားလို့ ရပါတယ်၊၊ တချို့ဆို သားအိမ်လန်လား မလန်လားတောင် မသိဘဲ ကိုယ်ဝန်ဆောင် ကလေးမွေးကြတာတွေ အများကြီး ရှိပါတယ်၊၊

    ဘယ်လိုအခါမျိုးမှာ ကုဖို့ လိုမလဲဆိုတော့

  • သားအိမ်မှာ အသားလုံးတည်တာ
  • သားအိမ်မှာ သွေးလုံးရှိနေတာ
  • မျိုးပွားအင်္ဂါတွေ ရောင်ရမ်းလို့ အမာရွတ်တွယ်တာကြောင့်ဆိုရင်တော့ ကုဖို့လိုပါတယ်၊၊
  • ဒါကလည်း သားအိမ်လန် စေလို့ ကုရတယ်ဆိုတာထက် ဒီလိုရောဂါတွေက နောက်ပိုင်းမှာ ကလေးရဖို့ ခက်တာာအပါအဝင် တခြားကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ ကုရတာ ဖြစ်ပါတယ်၊၊

    ကုတဲ့နေရာမှာလည်း လန်နေတဲ့ သားအိမ်ကို ပြန်တည့်ရုံနဲ့ မရပါဘူး၊၊ ရောဂါကြီးတွေဖြစ်တဲ့ အသားလုံးတွေ၊ သွေးလုံးတွေ၊ အမာရွတ်တွေကို သေချာကုသရတာပါ၊၊ ဒါမှ တကယ်ကျန်းမာပြီး လန်နေတဲ့ သားအိမ်ပါ အနေအထား မှန်လာမှာ ဖြစ်ပါတယ်၊၊

    သားအိမ်လန်တာ နှိပ်ဖို့ လိုသလား

    သားအိမ်လန်ရတဲ့ အကြောင်းရင်းတွေမှာ
    • အများစုက မွေးရာပါနဲ့ အသက်ကြီးလာတာကြောင့်ဖြစ်ပြီး ဒါက ပုံမှန်ပါ၊၊
    • တချို့က သားအိမ်အသားလုံး၊ သွေးလုံးနဲ့ အမာရွတ်တွယ်တာကြောင့် ဖြစ်ပါတယ်၊၊
    • သားအိမ်လန်ရုံသက်သက်က ကလေးရတာနဲ့ ကိုယ်ဝန်ဆောင်တာကို မထိခိုက်စေပါဘူး၊၊
    • ရောဂါကြောင့် သားအိမ်လန်တယ်ဆိုရင်တော့ သားအိမ်ကို နှိပ်ပြီး ပြင်တာထက် ဖြစ်တဲ့ ရောဂါကို သေချာကုသဖို့ လိုပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement