ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်

    ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်

    ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုး( ရိုးရိုးမွေးခြင်း၊ ဗိုက်ခွဲ၍မွေးခြင်း) ဖြင့် ကလေး မီးဖွားလေ့ရှိပါသည်။ နည်းလမ်း ၂ မျိုးစလုံးတွင် အားနည်းချက် အားသာချက်ရှိပါသည်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။

    ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်

    ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေကတော့

    ရိုးရိုးမွေးခြင်း

    မည်သည့်ဆေးအကူမှမယူဘဲ သဘာဝမွေးလမ်းကြောင်း အတိုင်းမွေးခြင်းကို ဆိုလိုပါသည်။

    အားသာချက်

    • မိခင်အနေဖြင့် သဘာဝ မွေးလမ်းကြောင်းအတိုင်း မွေးနိုင်သည့်အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု အားတက်မှု ဖြစ်လာခြင်း
    • ကလေးမွေးပြီး ဆေးရုံတွင် ၂၄ နာရီ မှ ၄၈ နာရီအတွင်းသာ နေရခြင်း
    • နေပြန်ကောင်းချိန်မြန်ပြီး မီးတွင်းအနာမြန်မြန်သက်သာခြင်း
    • ကလေးတွင်လည်း အဆုတ်သွေးလွှတ်ကြောများကျဉ်းမြောင်းရာမှ ဖြစ်ပေါ်လာသော ရောဂါ (persistant pulmonary hypertension) နှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (transient tachypnea of the neonate or TTN) ဖြစ်ပွားမှုနှုန်း ကျဆင်းလာခြင်း
    • ကလေးတွင်လည်း ရင်ကျပ်၊ အစာဓါတ်မတည့်ခြင်း၊ လတ်တို့စ် (lactose) မတည့်ခြင်းများ ဖြစ်ပွားမှုနှန်း နည်းပါးလာခြင်း
    • နောက်တစ်ကြိမ် ကလေးမွေးဖွားရာတွင်လည်း မွေးချိန်တိုပြီး မြန်ဆန်ခြင်း
    • မိခင်အနေဖြင့် မိခင်နို့မြန်မြန်နှင့် ထိရောက်စွာ တိုက်ကျွေးနိုင်ခြင်း
    • မိမိကလေးနဲ့ ချက်ချင်းရင်းနှီးမှုရရှိခြင်း
    • မိန်းမကိုယ်မှ သွေး၊သွေးခဲများ ဆင်းခြင်းနှင့် ကိုယ်တွင်းကလီစာများ ထိခိုက်မှု နည်းခြင်း

    အားနည်းချက်

    • မိခင်မှ စိုးရိမ်ပူပန်ရခြင်း
    • သွေးဆင်းနိုင်ခြင်း
    • မိန်းမကိုယ်စုတ်ပြဲနိုင်ခြင်း
    • မီးဖွားစဉ်အတွင်း အချင်းဖိမိခြင်း သို့မဟုတ် အခြားအကြောင်းများကြောင့် ကလေး အောက်စီဂျင်ရရှိမှု နည်းသွားနိုင်ခြင်း
    • ကလေးတွင် ပြင်ပထိခိုက်ဒဏ်ရာကြောင့် ဖူးရောင်ခြင်းနှင့် မွေးဖွားစဉ် အရိုးကျိုးခြင်းများဖြစ်နိုင်ပါသည်။
    • ရိုးရိုးမွေးပြီးချိန်တွင် သားအိမ်လန်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။ သို့သော် အလွန်တွေ့ရနည်းပါသည်။
    • မွေးလမ်းကြောင်းစုတ်ပြဲဒဏ်ရာကြောင့် ကလေးမွေးပြီး ၃ လအတွင်း အမျိုးသားနဲ့အတူနေစဉ်အတွင်း နာကျင်မှုကိုခံစားရနိုင်ပါသည်။
    • တင်ပဆုံရိုးကျဉ်းသော မိခင်များတွင် ကလေးကြီးခြင်းကြောင့် ကလေးမွေးဖွားစဉ်အတွင်း မြီးညောင့်ရိုး ကျိုးသွားနိုင်ပါသည်။
    • ဆီးမထိန်းနိုင်ခြင်း နှင့် တင်ပါးဆုံတွင်း အင်္ဂါများ ကျွံကျခြင်းရောဂါများမိခင်တွင် တွေ့ရှိရမှုနှုန်းများလာခြင်း

    မိန်းမကိုယ်စုတ်ပြဲနိုင်ခြင်း

    ဗိုက်ခွဲမွေးခြင်း

    ဗိုက်ခွဲမွေးခြင်း (C-section (သို့) cesarean section) မွေးခြင်းဆိုသည်မှာ မိခင်၏ ဝမ်းဗိုက်နှင့်သားအိမ် တို့တွင် ခွဲစိတ်ရာပေး၍ ကလေးကိုမွေးထုတ် ခြင်းဖြစ်ပါသည်။

    အားသာချက်

    • မိခင်အနေဖြင့် မည်သည့်နေ့တွင် ကလေးမွေးမည်ကို သိသဖြင့် စိုးရိမ်မှုကင်းခြင်း
    • သတ်မှတ်ရက်ထက် ကျော်လွန်၍ ကလေးမွေးဖွားခြင်းမှ ရှောင်ရှားနိုင်ခြင်း
    • သွေးသွန်ခြင်း၊ မွေးဖွားစဉ်အတွင်း ကလေးထိခိုက်ဒဏ်ရာရခြင်း၊ တင်းပါးဆုံ ကြွက်သားများ ဒဏ်ရာရရှိခြင်း၊ ပိုးဝင်ခြင်း၊ ကိုယ်တွင်း ကလီစာများကို မတော်တဆထိခိုက်ခြင်း၊ ကလေးတွင် စုတ်ပြဲဒဏ်ရာရရှိခြင်းနှင့် မေ့ဆေးနှင့်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ကို ဖြစ်ပွားမှုနှုန်းကျဆင်းသွားခြင်း
    • မိခင်တွင် လိင်မှတဆင့်ကူးဆက်သောရောဂါများ ( ရေယုန်၊ ကြွက်နို့၊ HIV၊ အသည်းရောင်အသားဝါ) ရှိပါက မိခင်မှတဆင့် ကလေးဆီသို့ကူးစက်မှုနှုန်း နည်းခြင်း

    အားနည်းချက်

    • ခေါင်းအရမ်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
    • ဆေးရုံတွင် ကြာရှည်စွာနေရခြင်း၊ နေပြန်ကောင်းရန် အချိန်ကြာခြင်း
    • ခန့်မှန်းမွေးရက် အတွက်မှားခြင်းကြောင့် ကလေးစောစီးစွာ မွေးရနိုင်ခြင်း
    • ခွဲစိတ်ရင်း အူလမ်းကြောင်းနှင့် ဆီးအိမ်ကိုမတော်တဆ ထိခိုက်မိခြင်း
    • သွေးများစွာ ဆုံးရှုံးနိုင်ခြင်း
    • သားအိမ်ကွဲထွက်ခြင်းနှင့် ပုံမှန်အူလမ်းကြောင်းလုပ်ဆောင်ချက်များ ကျဆင်းခြင်း
    • တစ်လအောက် ကလေးသေဆုံးမှု၊ အဆုတ်သွေးလွှတ်ကြော ကျဉ်းမြောင်းရာမှ ဖြစ်ပေါ်လာသော ရောဂါ(persistant pulmonary hypertension) အသက်ရှူလမ်းကြောင်းရောဂါများ (TTN နှင့် respiratory distress syndrome) များဖြစ်ပွားခြင်း
    • နောက်ကိုယ်ဝန်များတွင် အချင်းရှေ့ရောက်ခြင်းနှင့် အချင်းနှင့်သားအိမ်နံရံများစွာ ကပ်တွယ်နေခြင်းများ တွေ့ရနိုင်ပါသည။်
    • ခွဲစိတ်ပြီးတွင် မအီမသာခံစားရခြင်းကြောင့် ကလေးအား မိခင်နို့မတိုက်ကျွေးနိုင်ခြင်း နှင့် မိခင်နှင့်ကလေး ထိတွေ့မှုအားနည်းခြင်း
    • ခွဲစိတ်စဉ် ကလေးအား မတော်တဆ ထိခိုက်မိခြင်း
    • ကျန်းမာရေးစရိတ်ကြီးခြင်း
    • နှလုံးဖောက်နိုင်ခြင်း
    • အနာသွေးစုနာတည်ခြင်း
    • မီးတွင်းအချိန်တွင် သားအိမ်ပိုးဝင်ခြင်း
    • သွေးပြန်ကြောတွင် သွေးခဲများတွေ့ရခြင်း
    • ခွဲစိတ်အနာ ပြန်လည်ပွင့်ထွက်နိုင်ခြင်း
    • ခွဲစိတ်အနာပတ်လည်တွင် နာကျင်ခြင်း

    ထိုနည်းလမ်းနှစ်သွယ်တွင် ကောင်းကျိုး၊ဆိုးကျိုး များစွာ ရှိပါသည်။ မိခင်၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ ဆရာဝန်များမှ သင့်လျှော်သော နည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Vaginal Birth vs. Cesarean Section – Pros and Cons.

    http://www.womenshealthcaretopics.com/VaginalBirthvsCesareanSection.html.

    Access December 13, 2016

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 24/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။