backup og meta

ရေမြွှာပေါက်ရင်ဘာလုပ်ရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေမြွှာပေါက်ရင်ဘာလုပ်ရမလဲ။

    သင့်ကလေးကို မွေးဖွားဖို့အဆင်သင့်ဖြစ်ပြီဆိုရင် ရေမြွာပေါက်ပါလိမ့်မယ်။ သင်ရေမြွှာပေါက်ပြီဆိုရင် ဘာတွေဖြစ်လာမယ်လို့ တွေးထားပါသလဲ။ တကယ်လို့ သင်ဈေးဝယ်ထွက်နေတဲ့အချိန်မှာ ရေမြွှာပေါက်ရင် ဘယ်လိုလုပ်မလဲ။ စိတ်မပူပါနဲ့။ ဒါဟာ သင်ကြည့်နေကျ ရုပ်ရှင်တွေထဲကလို ဇာတ်လမ်းမဆန်လှပါဘူး။

    ရေမြွှာပေါက်ရင် ဘာတွေဖြစ်လာနိုင်သလဲ။

    သင့်ရဲ့ကလေးငယ်ကို ရေမြွှာရည်တွေပြည့်နေတဲ့ အမြှေးပါးအိတ်နဲ့ ကာကွယ်ထားတာပါ။ ဒီအမြှေးပါးပေါက်သွားပြီဆိုရင် သင့်ရဲ့မိန်းမကိုယ်နဲ့သားအိမ်ခေါင်းကနေ အရည်တွေစိမ့်ထွက်လာပါလိမ့်မယ်။ သင့်ရဲ့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် လက္ခဏာတစ်ရပ်ဖြစ်နိုင်သော်လည်း မွေးမယ့်နေ့မရောက်ခင်ကတည်းက ရေမြွှာပေါက်တာလည်းဖြစ်နိုင်ပါတယ်။

    ဘယ်လို ခံစားရမလဲ။

    ခံစားရတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အဲ့ဒါက ဖောက်ဆို ပေါက်သွားတဲ့ခံစားမှုမျိုးလား။ အရည်တွေက ဝေါကနဲဆင်းလာမှာလား ။ ဒါမှမဟုတ် ဖြည်းဖြည်းချင်းစိမ့်ထွက်လာမှာလား။ ပြောရမယ်ဆိုရင်တော့ အထက်ပါအချက်တွေအားလုံး ခံစားရနိုင်ပါတယ်။ အချို့အတွက်ကတော့ ဒါဟာ အပေါ့စွန့်နေသလို ခံစားချက်မျိုး တဖြည်းဖြည်းချင်း စီးကျနေသလိုထွက်လာတာပါပဲ။ အချို့အတွက်ကတော့ ပိုပြီး ဒရာမာဆန်သွားပါပြီ။ ဒါပေမယ့် များသောအားဖြင့် ရေမြွှာအိတ်ပေါက်ပြီဆိုရင် လူတွေဟာ ဖိအားကိုအရင်ခံစားရမယ်။ ပြီးရင်တော့ ဖောက်ကနဲပေါက်သွားတဲ့ခံစားမှုအပြီး ဝေါခနဲဖြစ်သွားတဲ့ခံစားမှုက လိုက်လာပါလိမ့်မယ်။

    ဒီလို စိမ့်ထွက်လာတဲ့အရည်တွေဟာ အနံ့မရှိဘူးဆိုရင် ဆီးရည်မဟုတ်ဘဲ ရေမြွှာရည် တွေဖြစ်ကြောင်းတော့ သေချာအောင်ပြန်စစ်ပါ။ အချို့သောအမျိုးသမီးတွေကတော့ ဒီအရည်တွေဟာ ကလိုရင်း သို့မဟုတ် သုက်ရည်လို အနံ့မျိုးရှိတယ်လို့တောင်ပြောကြပါတယ်။ ထွက်လာတဲ့အရည်ဟာ ကြည်လင်နေတတ်သလို သွေးစအနည်းငယ် ရောပါနေတာမျိုးလည်းဖြစ်တတ်ပါတယ်။

    ရေမြွှာ ဘယ်အချိန်ပေါက်နိုင်သလဲ။

    ရေမြွှာပေါက်တယ်ဆိုတာ ကလေးမွေးဖွားတဲ့ပထမအဆင့်မှာဖြစ်ပြီး ညှစ်ခြင်းစတဲ့အချိန်မှာပေါက်တာပါ။ ဒါပေမယ့်အမျိုးသမီးတိုင်းဟာ ရေမြွှာပေါက်ချိန်ချင်းမတူကြပါဘူး။ အမျိုးသမီး၁၀ယောက်မှာ ၁ယောက်က မမွေးဖွားမီ ရေမြွာပေါက်တတ်ပါတယ်။ ဒါကိုတော့ ကလေးမမွေးမီ ရေမြွာပေါက်ခြင်း (PROM)လို့ခေါ်ပါတယ်။ ပိုပြီးရှားပါးတဲ့ဖြစ်စဉ်တွေမှာဆိုရင် အမျိုးသမီး၁၀၀မှာ ၃ယောက်က ကိုယ်ဝန်ဆောင်ကာလ ၃၇ပတ်မရောက်ခင်မှာတောင် ရေမြွှာစောပြီးပေါက်တတ်ပါသေးတယ်။ ဒါကိုတော့ နေ့မစေ့မီရေမြွှာပေါက်ခြင်း preterm pre-labor rupture of membranes (PPROM)လို့ခေါ်ပါတယ်။ တကယ်လို့ သင်ကရေမြွှာပေါက်တာစောနေရင် စောစောမွေးဖွားဖို့ လိုအပ်ပါလိမ့်မယ်။

    ရေမြွှာပေါက်ပြီဆိုရင် ဘာလုပ်သင့်သလဲ။

    ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဆေးရုံကိုဖုန်းခေါ်ပါ။ မီးဖွားခါနီးမှာ အရည်တွေက ၈၀၀ မီလီလီတာလောက် ရှိနေနိုင်ပါတယ်။ ထွက်လာတဲ့အရည်တွေနဲ့ ညစ်ပတ်မနေအောင်ဂရုစိုက်ပါ။ အဝတ်တွေမပေအောင် လစဉ်သုံးဂွမ်းထုပ်ကို သုံးစွဲနိုင်ပါတယ်။ တကယ်လု့ိ ထွက်လာတဲ့အရည်တွေ အရမ်းများနေခဲ့ရင် သန့်ရှင်းတဲ့တဘက်ကို သင့်အောက်မှာခံထားဖို့လိုပါလိမ့်မယ်။ ဆေးရုံကိုသွားတဲ့အခါ ထိုင်ခုံကို ပလတ်စတစ်အခင်းနဲ့ သန့်ရှင်းတဲ့တဘက်နဲ့ ခံထားလို့ရပါတယ်။

    တကယ်လို့ မွေးဖွားရက်မတိုင်မီ ရေမြွှာပေါက်တယ်ဆိုရင်ရော။

    PROM (မမွေးမီရေမြွှာပေါက်ခြင်း)အခြေအနေတွေမှာ ရေမြွှာပေါက်ပြီး ၂၄နာရီအတွင်း ကလေးကိုစပြီးညှစ်တာကို စောင့်ရပါလိမ့်မယ်။ ဒီအချိန်အတွင်းမှာ ရေချိုးလို့ရပါတယ်။ ဒါပေမယ့် လိင်ကိစ္စကိုတော့ ရှောင်ကြဉ်ပါ။ ဒီကိစ္စက ကလေးကို ပိုးဝင်သွားစေနိုင်ချေများလို့ပါ။ တကယ်လို့ ရေမြွှာပေါက်ပြီး ၂၄နာရီကျော်သွားတာတောင် သားအိမ်ကစပြီးညှစ်တာကို မခံစားရသေးဘူးဆိုရင် ဆရာဝန်ခေါ်ပါ။

    PPROM (နေ့မစေ့မီရေမြွာပေါက်ခြင်း)အခြေအနေဆိုရင် ဆိုလိုတာက ကိုယ်ဝန်ဆောင်ကာလ ၃၇ပတ်တောင်မပြည့်သေးဘဲ ရေမြွှာပေါက်တယ်ဆိုရင် သင့်ရဲ့ မီးယပ်သားဖွားဆရာမ ကိုခေါ်သင့်ပြီး ဆေးရုံကိုချက်ချင်းသွားသင့်ပါတယ်။ ဆေးရုံကိုသွားနေစဉ်အတွင်းမှာ ရေမြွှာရည် တွေကို ဂရုစိုက်ပါ။ အရည်တွေဆုံးရှုံးသွားတာက သင့်ကလေးအတွက်စိုးရိမ်ရပြီး အရည်ရဲ့အရောင်ကနေတစ်ဆင့် ကလေးအခြေအနေကိုပြောပြပါလိမ့်မယ်။ အရည်ကြည်တွေအစား သွေးတွေအများကြီးပါလာခြင်း ဒါမှမဟုတ် အစိမ်းပုပ်ရောင် သို့မဟုတ် အရောင်ရင့်ရင့်တွေပါလာပြီး အနံ့ဆိုးတာမျိုးဖြစ်နိုင်ပါတယ်။

    ရေမြွှာပေါက်ပြီဆိုတာနဲ့ ရေမြွှာရည် ကို ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် ရေမြွှာပေါက်တာက မွေးဖွားမယ့်ရက်မတိုင်ခင်ပေါက်တယ်ဆိုရင်ပေါ့။ မမွေးဖွားခင် ရေမြွှာမပေါက်တဲ့ ကလေးအယောက်၂၀၀မှာ ၁ယောက်နဲ့ယှဉ်ရင် ဒီဖြစ်စဉ်ဖြစ်တဲ့ ကလေး၁၀၀ထဲမှာ ၁ယောက်လောက်က ရောဂါပိုးဝင်နိုင်ချေပိုများပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement