ကလေးမွေးရင်ဖြစ်တတ်တဲ့ ခါးနာခြင်းကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ

    ကလေးမွေးရင်ဖြစ်တတ်တဲ့ ခါးနာခြင်းကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ

    ကလေးမွေးပြီဆိုရင် မိခင်ဟာပြင်းထန်တဲ့ခါးနာကျင်မှုကိုခံစားရတတ်ပါတယ်။ အဲဒီလိုနာကျင်ခြင်းကိုကလေးမွေးခြင်းကြောင့်ဖြစ်တဲ့ နောက်ကျောနာကျင်မှု (back labor) လို့ခေါ်ပါတယ်။ ထိုသို့ ဖြစ်ရခြင်းမှာကလေးမွေးချိန် ကလေးရဲ့ ခေါင်းကမိခင်ခါးကိုဖိအားသက်ရောက်မှု ရှိနေတာကြောင့် ဖြစ်နိုင်သလိုအခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သက်သေမပြနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတစ်ခုကတော့ သားအိမ်နာကျင်မှုကခါးဆီကိုသွားရောက် သက်ရောက်ခြင်းကြောင့် ခါးနာခြင်းပဲ ဖြစ်ပါတယ်။

    အမျိုးသမီးအတော်များများဟာကလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီးပိုခံနိုင်ရည်ရှိအောင်လေ့ကျင့်ခန်းတွေ ပိုပြီးကြိုးစားလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အရာကမှ ဒီကလေးမွေးဖွားခြင်းကြောင့်ဖြစ်တဲ့ ခါးနာခြင်းကိုမရှောင်လွှဲပေးနိုင်ပါဘူး။ မရှောင်လွှဲနိုင်ပေမယ့် အဲဒီအနာကိုသက်သာစေနိုင်တဲ့ နည်းလမ်းအချို့တော့ ရှိပါတယ်။ ၎င်းတို့ကိုအောက်တွင် ဖော်ပြထားပါတယ်။

    • ကျွမ်းကျင်သူတွေပြောပြချက်အရမွေးဖွားစဉ် အချိန်အတွင်းမှာစိတ်ကိုလျှော့ထားဖို့ကအရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နာမှာကိုကြောက်တဲ့အခါ စိတ်ကိုတင်းထားတာမျိုးဖြစ်တတ်ပြီးအနာကိုပိုဆိုးစေနိုင်လို့ပါ။ ခြေ၊လက် လေးချောင်းလုံးထောက်ထားတဲ့ အနေအထားကကလေးရဲ့ ခေါင်းကမိခင်ကျောရိုးအပေါ်သက်ရောက်တဲ့ ဖိအားကိုလျော့နည်းစေနိုင်တဲ့အတွက် အနာသက်သာနိုင်ပါတယ်။
    • လှုပ်လှုပ်ရှားရှားနေပါ။

    လမ်းလျှောက်ခြင်း၊ခါးကိုဘယ်ညာစောင်းပြီးလေ့ကျင့်ခန်းလုပ်ပေးခြင်း၊အနေအထားပြောင်းပေးခြင်း၊နှင့် ယောဂလေ့ကျင့်ခန်းလုပ်ခြင်းစတာတွေကအနာကိုသက်သာစေနိုင်ရုံသာမကကမ္ဘာမြေဆွဲအားစနစ်ကိုကောင်းစွာအသုံးချပြီးမွေးတဲ့အချိန်မှာတင်ပါးဆုံရိုးခွေထဲသို့ကလေးကောင်းစွာဆင်းသက်လာဖို့နဲ့ ကလေးခေါင်း၊ကိုယ် လှည့်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ တင်ပါးဆုံကိုလှည့်ပေးခြင်းဖြင့်လည်းကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားကိုလျော့နည်းစေနိုင်ပါတယ်။

    • မွေးပေးမည့် သူကိုလည်းသားအိမ်ညှစ်တဲ့အချိန်မှာ (သို့) အဲဒီအချိန်ကြားတွေမှာ(သို့) နှစ်ချိန်လုံးမှာသင်ပိုသက်သာတယ်လို့ ခံစားရတဲ့နေရာကိုလက်သီးဆုပ်နဲ့ ဖိပေးဖို့ ပြောပြီးအကူအညီတောင်းနိုင်ပါတယ်။(သို့) တင်းနစ် ဘောလုံးအသုံးပြုပြီး နှိပ်တာမျိုးလုပ်ပေးနိုင်ပါတယ်။
    • ရေနွေးစိမ်တာ၊ရေနွေးနဲ့ ရေချိုးတာမျိုးလုပ်ပေးပါ။(သို့) ခါးနေရာနားကိုရေနွေးအိတ်၊ စတဲ့ ပူနွေးစေမယ့်အရာတွေနဲ့ ဖိကပ်ပေးနိုင်ပါတယ်။ အပူကနာတာတွေကိုသက်သာစေပြီးသင့်ကိုသက်တောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တခြားနည်းလမ်းအနေနဲ့ တစ်ချို့ မိခင်တွေကရေခဲအိတ် စတဲ့ အအေးကပ်ခြင်း (သို့) အပူတစ်လှည့်၊ အအေးတစ်လှည့်ကပ်ခြင်းကအနာပိုသက်သာစေတယ်လို့ ခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် နည်းလမ်းနှစ်မျိုးလုံးသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် အပူပဲကပ်ကပ် အအေးပဲကပ်ကပ် တိုက်ရိုက်မထိအောင် တဘက်(အဝတ်) တစ်ခုခုသုံးပြီးသင့်အရေပြားကိုကာကွယ်ထားဖို့ပဲအရေးကြီးပါတယ်။

    တချို့ မိခင်တွေကတော့ ခါးပတ်လည်နေရာလေးနေရာတွင်sterile water (ပိုးသတ်ထားသောရေ) အနည်းငယ်ကိုအရေပြားအောက်ဆေးထိုးခြင်းကအနာကိုသက်သာစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုထိုးတာကထိုးထိုးချင်းခဏတာနာကျင်နိုင်စေပေမယ့် နောက်ပိုင်းတွင်နာရီအနည်းငယ်မျှ အနာကိုသက်သာစေပါတယ်။ ဘာကြောင့်ဒီလိုသက်သာသွားတယ်ဆိုတာဘယ်သူမှ မသိကြသလိုနေရာတိုင်းမှာလည်းလုပ်လို့မရနိုင်ပါဘူး။

    ကလေးရိုးရိုးမွေးဖို့အတွက်စိတ်ပြင်ဆင်ထားခြင်းမရှိသေးဘူးဆိုရင် ၊နာကျင်မှုတွေကဘယ်လိုမှမသက်သာဘူးဆိုရင် ထုံဆေးထိုးဖို့ စဉ်းစားသင့်ပါတယ်။ အများစုသောမိခင်တွေအတွက်ကတော့ အရှေ့မှာဖော်ပြထားတဲ့ နည်းလမ်းတွေကနောက်ကျော(ခါး)နာခြင်းအပါအဝင် ကလေးမွေးခြင်းကြောင့် ဖြစ်တတ်တဲ့ အနာအားလုံးကိုအပြည့်အ၀ သက်သာမှုပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Back labor. http://www.babycenter.com/0_back-labor_1451580.bc. Accessed September 07, 2016

    စာရေးသူ ဓာတ်ပုံ
    Khine Phoo Ngon မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။