16 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
16 ပတ် မြောက်မှာ ထောပတ်သီးအရွယ် ၁၀၀ ဂရမ် ၁၁.၄၃ စင်တီမီတာ လောက်ရှိလာပါမယ်။
ကျောရိုးနဲ့အနောက်က ကြွက်သားသေးသေးလေးတွေက ပိုသန်မာလာပြီး ခေါင်းကိုမတ်နေအောင် ထိန်းပေးထားမှာပါ။ မျက်နှာက ကြွက်သားတွေလည်း အားတွေရှိလာပြီး မျက်လုံးလှုပ်ရှားဖို့၊ မျက်မှောင်ကျုံ့ဖို့၊ ပြုံးဖို့အတွက် လုပ်ပေးမှာပါ။ ကလေးလေးက ခေါင်းလေးမတ်ပြီး စိုက်ကြည့်တာ၊ မျက်မှောင်ကျုံ့တာတွေနဲ့ စိတ်ခံစားကိုဖော်ပြလို့ရပါပြီ။ ဒါတွေက မေမေ့ဗိုက်ထဲမှာ ဖြစ်နေတာပါ၊၊
သားအိမ်ကို ဖောက်ပြီးမြင်နိုင်ရင် ကလေးလေးရဲ့ အသားရေကြည်လင်နေတာတွေရမှာပါ။ အရေပြားပါးပါးလေးအောက်က သွေးကြောလေးတွေပါ မြင်ရမှာပါ။ ကလေးလေးက အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို ဖွံ့ဖြိုးဖို့လုပ်နေရလို့ အဆီတွေ မဖြစ်နိုင်သေးပါဘူး။
ကလေးလေးရဲ့နားက အပြီးအစီးဖွံ့ဖြိုးပြီးသွားတဲ့အတွက် ဝမ်းသာနေလောက်ရောပေါ့ မေမေတို့ရေ။ ဒီတော့ မေမေတို့အပြင်က စကားပြောတဲ့အခါ ကလေးလေးက ကြားနေမှာပါ။ ဒါက ကလေးနဲ့ဆက်သွယ်ဖို့ အခွင့်ကောင်းပါ။ သီချင်းဆိုပြတာ၊ စကားပြောပေးတွေ လုပ်လို့ရပါပြီ။ ဘာပြောနေမှန်း နားမလည်သေးပေမယ့် အသံကိုတွေကြားနေကြဖြစ်သွားမှာပါ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ဒီအပတ်မှာ ဗိုက်ထဲက လှုပ်ရှားတာကို ခံစားမိလာပါလိမ့်မယ်။ မေမေအသစ်လေးတွေကတော့ အစာခြေလို့ အူလှုပ်တာ၊ လေပွတာလို့ ထင်နိုင်ပေမယ့် အမှန်တော့ ကလေးလေးကန်တာပါ။ ဒီလိုလှုပ်ရှားတာက ကိုယ်ဝန်ရင့်လာလေ ပိုပြီးသိသာလာမှာပါ။
ဗိုက်က အခုဆို ပိုလို့တောင်ကြီးလာမှာပါ။ ဝတ်နေကျအင်္ကျီတွေဆို တော်တော့မှာမဟုတ်ပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ဈေးဝယ်ထွက်လို့ရပါပြီ။ ဗိုက်ဖုံးအင်္ကျီတွေက လုံးဝလိုအပ်တာမျိုးတော့မဟုတ်ပါဘူး။ ချောင်ချောင်ချိချိဝတ်လို့ရရင် အဆင်ပြေပါပြီ။ ဥပမာ- ဘယ်အရွယ်မဆိုဝတ်လို့ရတဲ့ တစ်ဆိုဒ်ထဲလာတဲ့ ဂါဝန်အရှည်လို မျိုးပေါ့။
ဒီလိုအဝတ်အစားတွေဆို မွေးပြီးရင်လည်း ဝတ်လို့ရတာပေါ့။ ဒါပေမယ့် အဝတ်အစားက သက်သောင့်သက်သာရှိပြီး ခန္ဓာကိုယ်ကို စည်းထားတာမျိုးတော့မဖြစ်ရပါဘူး။ အခုခန္ဓာကိုယ်ပုံစံကို လက်ခံလိုက်ပါ။ မွေးပြီးမှ ဝိတ်ချဖို့ကို ပြန်ပြီးစိတ်ပူကြတာပေါ့။
16 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
တစ်ခါတစ်လေ အသက်ရှူကျပ်သလိုမျိုး ဖြစ်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။ များသောအားဖြင့် ဒုတိယ ၃ လပတ်မှာ ပိုအဖြစ်များပါတယ်။
အသက်ရှူမဝတာလည်း ကိုယ်ဝန်ဟော်မုန်းတွေကြောင့်ပါပဲ။ ဒီဟော်မုန်းက ကလေးလေးအတွက်ပါ အောက်ဆီဂျင်များများရှူသွင်းဖို့ ဦးနှောက်ကို သွားလှုံ့ဆော်ပါတယ်။ ဒီဟော်မုန်းက အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ဆံချည်မျှင်သွေးကြောတွေကို ပိုကျယ်လာအောင်လုပ်ပြီး လေပိုရှူသွင်းနိုင်အောင် အဆုတ်ကြွက်သားတွေကို ဖြေလျှော့ပေးတာလည်း လုပ်ပါတယ်။
တခြားအသက်ရှူကျပ်ရတဲ့ အကြောင်းကတော့ ကလေးလေးက မေမေတို့ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခွဲထားတဲ့ ကန့်လန့်ကာကြွက်သားကို သွားဖိမိလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် ကလေးလေးကပိုကြီးထွားလာတဲ့အခါ အသက်ရှူကျပ်တာလည်း ပိုဖြစ်ဦးမှာပါ။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
အချိုတွေ အစားများလာတာမို့ ဆီးစစ်တဲ့အခါကျ သကြားဓာတ်တွေ တက်နေမှာ စိတ်ပူနေလောက်ရောပေါ့။ စိတ်ပူတဲ့အကြောင်းတွေကို ဆရာဝန်ကို ပြောလို့ရပါတယ်။ မိသားစုမှာ ဆီးချိုဖြစ်ဖူးတဲ့သူရှိရင်လည်း ထည့်ပြောဖို့မမေ့နဲ့နော်။ တကယ်လို့ ဆီးချိုဖြစ်နိုင်ခြေမရှိဘူးဆို သိပ်စိတ်ပူဖို့ မလိုပါဘူး။
ခန္ဓာကိုယ်က ကလေးလေး အာဟာရအလုံအလောက် ရမရသိဖို့ သွေးထဲက သကြားဓာတ် အလုံအလောက်ရှိမရှိကို စစ်ဆေးပါတယ်။ ပုံမှန်ဆိုရင် သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းက သကြားဓာတ်ကို ဆဲလ်တွေကသုံးပြီး သွေးထဲမှာ နည်းသွားဖို့ လုပ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာတော့ ကလေးအတွက် လုံလောက်တဲ့ သကြားဓာတ်ကို ထိန်းထားဖို့ အင်ဆူလင်ကိုတားတဲ့ ဟော်မုန်းပြန်ထွက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်များလာပြီး ပိုလျှံတဲ့သကြားဓာတ်ကို ကျောက်ကပ်ကစစ်ထုတ်တော့ ဆီးစစ်တဲ့အခါ များနေတာပါ။ စိတ်မပူပါနဲ့။ နောက်အပတ်တွေကျ ပုံမှန်ပြန်ဖြစ်မှာပါ။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ဒီတစ်ပတ်ကတော့ ကျန်းကျန်းမာမာရှိရဲ့လားသိအောင် သာမန်စစ်ဆေးမှုတွေပဲလုပ်မှာပါ။
- အလေးချိန်
- သွေးပေါင်ချိန်
- ဆီးစစ်ခြင်း
- ကလေးနှလုံးခုန်သံနားထောင်ခြင်း(အပြင်ကပဲနားထောင်မှာပါနော်)
- သားအိမ်အပေါ်ပိုင်းအမြင့်
- ခြေလက်ဖောမဖောစစ်ခြင်း
စစ်ဆေးမှုအဖြေတွေအကြောင်း ဆရာဝန်နဲ့ ဆွေးနွေးကြပါ။ ဒီအချက်တွေက ကိုယ်ဝန်ဆောင်အခြေအနေနဲ့ဆိုင်လို့ အရေးကြီးပါတယ်။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
မေမေတွေနဲ့ ကလေးလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိစရာတွေပါ။
- ရေကူးခြင်း
ရေကူးတာက လှုပ်လှုပ်ရှားရှားရှိဖို့၊ တင်ပါးကကြွက်သားတွေ အကြောဆန့်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဖြည်းဖြည်းခြင်းစပြီးမှ သက်သောင့်သက်သာရှိတဲ့အတိုင်းအတာအထိ ခန္ဓာကိုယ်လက်ခံနိုင်တဲ့ ပမာဏလောက်ပဲလုပ်ပါ။
အရင်ကလည်း ရေကူးဖူးတယ်ဆို အရင်ကထက် အသက်ရှူမဝတာ၊ ပိုမြန်လာတာကို သတိထားမိလာမှာပါ။ ဒါက အရှိန်ပြန်လျှော့ဖို့ ခန္ဓာကိုယ်ကတောင်းဆိုနေတာပါနော်။ အရင်တုန်းက အခြေနေလောက်ထိတော့ ကိုယ့်ကိုကိုယ်မမှန်းထားသင့်တော့ပါဘူး။
အများကူးတဲ့ကန်မှာကူးရင် သတိထားနော်။ ကိုယ်ခံအားနည်းနေတော့ ရောဂါကူးနိုင်ခြေများလို့ပါ။ အထူးသဖြင့် ကန်ထိန်းသိမ်းရေး ပုံမှန်မလုပ်တဲ့နေရာတွေဆို ရှောင်သင့်ပါတယ်၊၊ နေမကောင်းမဖြစ်အောင် သန့်ရှင်းတဲ့ရေကူးကန်မှာ ကူးကြပါနော်။
- ရေကျောက်
ရေကျောက်ပေါက်နေတဲ့ ကလေးအပြင် ကလေးမိဘတွေနဲ့လည်း ဝေးဝေးနေပါ။ ကိုယ်ခံအားက ဒါတွေတိုက်ထုတ်ဖို့အထိ အားမကောင်းသေးပါဘူး။ ရေကျောက်က ကလေးကို မွေးရာပါရောဂါပါလာစေနိုင်ပါတယ်၊၊ ဥပမာ- ခေါင်းသေးတာ၊ ခြေလက်ပုံပျက်တာမျိုးတွေပါ။
ရှင်းရှင်းပြောရရင် ဖျားနေတဲ့ကလေးနားကို မကပ်သင့်ပါဘူး၊၊ ကလေးဖျားရတာက အကြောင်းရင်းမျိုးစုံဖြစ်တတ်ပြီး ရေကျောက်လိုရောဂါမျိုးသာဆိုရင် ကိုယ်ဝန်ဆောင်ကို ကူးပြီး ဗိုက်ထဲက ကလေးကို ထိခိုက်တတ်လို့ပါ၊၊
၁၇ပတ်မြောက်မှာ ထပ်တွေ့မယ်နော်။
[embed-health-tool-pregnancy-weight-gain]