backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား!

နှိပ်နယ်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တယ်ဆိုတာကိုတော့ အားလုံး သိပြီးဖြစ်မှာပါ။ နှိပ်နယ်တာက လေ့ကျင့်ခန်း လုပ်သလိုပဲ ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို အောက်ဆီဂျင်တွေလည်း ရောက်ရှိစေမှာပါ။ ညောင်းညာမှုတွေ ပြေပျောက်စေသလို အိပ်ပျော်စေဖို့ရော စိတ်လက်ပေါ့ပါးစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒီလို အကျိုးကျေးဇူးများတဲ့ နှိပ်နယ်မှုကို ကိုယ်ဝန်ဆောင်ချိန်မှာရော ရယူလို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မေမေတို့ သိချင်နေလောက်မယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရှိမလဲ၊  ဘယ်အချက်တွေကို သတိထားရမလဲဆိုတာကို အခုတစ်ခေါက် ပြောပြပေးသွားဖို့ စီစဉ်ထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား!

ကဲ ….. အတူတူဆက်ကြည့်လိုက်ရအောင်နော် မိခင်လောင်းလေးတို့ရေ …………..

အရာရာ ဂရုစိုက်ရမယ့် ကိုယ်ဝန်ဆောင်ချိန်ကာလ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာက အတော်လေး အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သဘောကျတဲ့ စာအုပ်လေးဖတ်တာ၊ ရုပ်ရှင်လေး ကြည့်တာ၊ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဂရုစိုက်မှု ဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ နှိပ်နယ်ခံတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှု ကင်းဝေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါဆို ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေကို အတူတူ ဆက်ကြည့်လိုက်ဦးစို့နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား!

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံလို့ ရမလား  ဆိုတော့ ရပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကို မနှိပ်ဖို့ရယ် နှိပ်တဲ့အခါ အားမသုံးဘဲ ညင်ညင်သာသာလေး နှိပ်ဖို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံမယ်ဆိုရင် ၁၅မိနစ်ကနေ ၁နာရီထိပဲ အနှိပ်ခံပါ။ ဒီလို နှိပ်နယ်ပေးတာက ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာ ဖြစ်သလို အညောင်းအညာလည်း ပြေစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံမယ်ဆို ဘာတွေသတိထားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံမယ်ဆိုရင်  ပထမ၃လပတ်ကျော် (ကိုယ်ဝန်၁၂ပတ်ကျော်) မှ အနှိပ်ခံသင့်ပါတယ်။ ကိုယ်ဝန် ၄လကျော်လောက်ဆိုရင် မှောက်ပြီး၊ ပက်လက်လှန်ပြီး အနှိပ်ခံတာကို ရှောင်သင့်ပါတယ်။ ဘေးစောင်းအနှိပ်ခံတာက အကောင်းဆုံးပါ။ နှိပ်တဲ့အခါမှာလည်း ဒုတိယ ၃လပတ်မှာဆိုရင် ၂ပတ် ၁ခေါက်လောက် နှိပ်နိုင်ပါတယ်။ လရင့်လာရင်တော့ တစ်ပတ် ၁ခါလောက်ထိ နှိပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ အနှိပ်မခံခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အကြောင်းကတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ပါ။ အထူးသဖြင့် အချင်းပြဿနာ၊ သွေးတိုးတာ၊ ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာတွေ ရှိနေရင်ပါ။ ဒါ့ပြင် နှိပ်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်တွေကို နှိပ်နေကြ ကျွမ်းကျင်ပညာရှင်နဲ့ပဲ နှိပ်သင့်ပါတယ်။

ဒါ့ပြင် ဝမ်းဗိုက်ကို မနှိပ်ရပါဘူး။ နောက်ထပ်သတိထားရမှာက ခြေသလုံးပါ။ ခြေသလုံးကို နှိပ်တဲ့အခါ အားမသုံးဘဲ ငြင်ငြင်သာသာ နှိပ်ရပါမယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ခါတလေမှာ လက္ခဏာမပြဘဲ ခြေထောက်သွေးပြန်ကြောမှာ သွေးခဲနေတတ်ပါတယ်။ ခြေသလုံးကို အားနဲ့ နှိပ်လိုက်တဲ့အခါ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ ပိတ်တဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံပေးခြင်းက ကျန်းမာစေသလား!

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခံခြင်းက ကိုယ်တွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြန်ရည်ကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ ဒီအချက်တွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ နှိပ်နယ်ပေးတာက

  • အိပ်မပျော်တာကို သက်သာစေတယ်
  • အဆစ်နာတာကို သက်သာစေတယ်
  • ဇက်ကြောနဲ့ နောက်ကျောနာကျင်တာတွေကို သက်သာစေနိုင်တယ်
  • ခြေထောက်ကြွက်တက်တာကို သက်သာစေတယ်
  • ပေါင်ရင်း အာရုံကြောတွေနာတာကို သက်သာစေတယ်
  • ခြေထောက်တွေ ရောင်တာကို သက်သာစေတယ်
  • ခေါင်းကိုက်တာကို သက်သာစေတယ်
  • နှာခေါင်းပိတ်တာကို သက်သာစေတယ်
  • လက်ကောက်ဝတ် နာကျင်တာကို သက်သာစေတယ်
  • သွေးစီးဆင်းမှု ကောင်းစေတယ်
  • စိတ်ဖိစီးမှု သက်သာစေတယ်
  • ကြွက်သားတွေ ပြေလျော့စေတယ်
  • ကိုယ်ဝန်ဆိပ်တက်တာကြောင့် မဟုတ်တဲ့ ရောင်ရမ်းမှုတွေကို ကျစေပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဘေးကင်းတဲ့ နှိပ်နယ်မှု ဖြစ်စေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ အနှိပ်ခန်းတွေ မသွားချင်ဘူး။ ဒါမှမဟုတ် စိတ်ချရတဲ့ အနှိပ်ကျွမ်းကျင်တဲ့သူလည်း မရှိဘူးဆိုရင် ခုပြောထားတဲ့ နည်းတွေနဲ့ အိမ်မှာ နှိပ်လို့ရပါတယ်။

  • ခြေဖဝါးလေးကို ခပ်ဖွဖွလေး နှိပ်နယ်ပါ

လက်မှာ အဆီတစ်ခုခု လိမ်းကျံပြီး ခြေခုံလေးရော ခြေဖဝါးလေးကိုပါ ပွတ်လိမ်းပေးရင်း ခြေမဆီကနေ ခြေချင်းဝတ်ဆီကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ခြေဖဝါးလေးကို လက်မလေးတွေ သုံးရင်း စက်ဝိုင်းပုံလေး နှိပ်နယ်ပေးပါ။ ခြေမနဲ့ ခြေညှိုးကြားထဲကိုလည်း မကျန်ခဲ့ပါစေနဲ့။

## …… ခြေထောက်လေးတွေကို နှိပ်ပေးတဲ့အခါ ခြေဖနောင့် နဲ့ ခြေချင်းဝတ်ကြားက အကြောလေးတွေကို သွားပြီး ဖိမိတာ နှိပ်မိတာမျိုး မဖြစ်စေဖို့ သတိထားပေးပါ။

  • ကျောကို ခပ်ဖွဖွလေး ပွတ်ပေးပါ

မေမေက ခပ်မတ်မတ်လေး ထိုင်လို့ရသလို ဘေးစောင်းအနေအထားနဲ့ အနှိပ်ခံလို့ ရပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ နှိပ်နယ်ပေးမယ့်သူက လက်မှာ အဆီတစ်ခုခု လိမ်းပြီး ကျောပြင်ကို အပေါ်ကနေ အောက်ဖက်ကို နှိပ်ပေးပါ။ လက်မလေးတွေကို သုံးပြီး ကျောရိုးလေး ဘေးတစ်ဖက်စီကို အပေါ်ဖက်ကနေ အောက်ဖက်ရောက်အောင် နှိပ်ပေးပါ။

## …… အားမသုံးမိပါစေနဲ့။ ဖွဖွလေး နှိပ်ပေးပါ။

  • ပခုံးလေးကို ခပ်ဖွဖွလေး နှိပ်ပေးပါ

ပခုံးကို လည်တိုင်နားကနေ ဆန့်ကျင်ဖက်ကို နှိပ်ပေးပါ။ လက်ချောင်းထိပ်လေးတွေကို သုံးပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ဦးခေါင်းခွံ အောက်ဖက်နားကနေ ပခုံးကို ဆန့်ကျင်ဖက်ကို ဆင်းပြီး နှိပ်ပေးပါ။

## …… အားမသုံးမိပါစေနဲ့။ ဖွဖွလေး နှိပ်ပေးပါ။

  • ဦးရေပြားကို နှိပ်ပေးပါ

လက်နှစ်ဖက်လုံးက လက်ချောင်းထိပ်လေးတွေ သုံးပြီး ဦးရေပြားကို ဆံစပ်ကနေ အလယ်ဖက်ဆီထိ ဖြည်းဖြည်းချင်း နှိပ်ပေးပါ။ စက်ဝိုင်းပုံလေးအတိုင်း နှိပ်နယ်ပေးပါ။ မျက်နှာ ကြွက်သားလေးတွေကိုလည်း ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒီလို နှိပ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

  • ဗိုက်ကို မနှိပ်ပါနဲ့

ဗိုက်ကို ဗီတာမင် E လေးသုံးပြီး ဗိုက်လေးကို လိမ်းပေးပါ။ မနှိပ်ပါနဲ့။ ဒီလို လိမ်းကျံပေးတာက အကြောပြတ်ရာတွေကို သက်သာစေမှာပါ။

ကဲ …… ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အခုလိုလေး နှိပ်နယ်ပေးလို့ ရပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Prenatal massage therapy https://americanpregnancy.org/healthy-pregnancy/is-it-safe/prenatal-massage/ Accessed Date 31 January 2023

Can I get a massage while pregnant?  acog.org/womens-health/experts-and-stories/ask-acog/can-i-get-a-massage-while-pregnant Accessed Date 31 January 2023

American Massage Therapy Association, Massage and Pregnancy: A Powerful Combination, https://www.amtamassage.org/articles/3/MTJ/detail/3852/massage-and-pregnancy-a-powerful-combination Accessed Date 31 January 2023

Prenatal Massage Benefits and Safety https://health.clevelandclinic.org/prenatal-massage/ Accessed Date 31 January 2023

Prenatal Massage https://www.whattoexpect.com/pregnancy/pregnancy-health/prenatal-massage/ Accessed Date 31 January 2023

ယခုပုံစံ

21/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ဆားအများကြီး မစားပါနဲ့

ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ