သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ

    ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ

    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို သူတို့ရဲ့မိဘတွေကပဲဖြစ်ဖြစ်၊ တခြားလူကြီးတွေကပဲဖြစ်ဖြစ် ကြောင်လေးတွေ မမွေးထားဖို့၊ ပွတ်သီးပွတ်သပ် မလုပ်ဖို့ ပြောတတ်ကြပါတယ်။ ဒါက တကယ်ရော မှန်ပါရဲ့လား။ ကြောင်လေးတွေမှာ မိခင်ကိုယ်ဝန်ကို တစ်ခုခုထိခိုက်စေနိုင်တဲ့ ရောဂါမျိုး သယ်ဆောင်ထားလို့လား။ ဆက်ပြီး လေ့လာကြည့်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ

    ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေးထိခိုက်မှာစိုးတဲ့အတွက် ကိုယ်ဝန်ရှိချိန်မှာ အနေအထိုင်၊ အသွားအလာဆင်ခြင်ဖို့ လူကြီးတွေက ဆုံးမကြတာ ဓမ္မတာပါပဲ။ မှန်လည်းမှန်ပါတယ်။ မိခင်ကျန်းမာရေးကောင်းမှ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးမွေးနိုင်မှာကိုး။ ဒါပေမဲ့ တချို့ကိစ္စလေးတွေက နည်းနည်းအစွန်းရောက်သွားတယ်ပြောရမှာပေါ့နော်။ အခု ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်လေးတွေမမွေးခိုင်းတာလည်း အယူအဆလွဲလေးတစ်ခုပါပဲ။

    တကယ်တော့ ကိုယ်ဝန်ရှိလို့ဆိုပြီး အိမ်မှာမွေးထားတဲ့ကြောင်လေးကို သူများပေးပစ်လိုက်ဖို့မလိုပါဘူး။ ကြောင်ကို ပွတ်သပ်ကိုင်တွယ်ရုံနဲ့လည်း ရောဂါမကူးပါဘူး။ အရင်လို ကိုင်တွယ်နိုင်တယ်၊ အစာကျွေးလို့ရတယ်၊ ဆော့ကစားလို့ရပါတယ်။ ဒါပေမဲ့ ကြောင်လေးတွေနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်တွေသိသင့်တာက ကြောင်တွေမှာ toxoplasmosis လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးရှိနိုင်ပါတယ်။

    ကြောင်တိုင်းတော့ မဟုတ်ပေမယ့် တချို့ကြောင်တွေမှာ ဒီကပ်ပါးပိုး ကူးစက်ခံထားရမှာပါ။ ကြောင်တွေက အသားစား သတ္တဝါဖြစ်လို့ မြေအောင်းအကောင်လေးတွေ၊ ငှက်လေးတွေ လျှောက်စားတတ်တယ် မဟုတ်လား။ စားလိုက်တဲ့အခါမှာ ဒီအကောင်တွေ ကိုယ်ထဲက Toxoplasmosis ကပ်ပါးကောင်က ကြောင်ရဲ့ခန္ဓာကိုယ်အထဲ ရောက်သွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တကယ်သတိထားရမှာက အဲ့ဒီ Toxoplasmosis ကပ်ပါးကောင်ပါ။

    Toxoplasmosis ကပ်ပါးကောင် ကူးစက်ခံရတဲ့သူမှာ ပြတဲ့လက္ခဏာတွေက တုပ်ကွေးနဲ့ နည်းနည်း ဆင်တူပါတယ်။ များသောအားဖြင့် ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ဖျားမယ်၊ ခန္ဓာကိုယ်က နုံးလာပါမယ်။ အစကတည်းက ခုခံအား သိပ်မကောင်းတဲ့သူ ဆိုရင်တော့ အသက်ရှူရခက်တာ၊ အမြင်ဝေဝါးတာ၊ ကြွက်သား ကြွက်တက်တာအထိ ခံစားရနိုင်ပါတယ်။

    တစ်ခုရှိတာက ကိုယ်ကအရင်က Toxoplasmosis ကူးစက်ခံရဖူးရင် ခုခံအားစနစ်က ပြင်ဆင်ပြီးသား ဖြစ်သွားတဲ့အတွက် နောက်တစ်ခါ ထပ်ကူးစက်ခံရရင် ပြဿနာ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ အရင်က မကူးစက်ခံရဘူးဘဲ ကိုယ်ဝန်ရှိချိန်မှ ကူးစက်ခံရရင်တော့ အန္တရာယ် ရှိပါတယ်။ မွေးလာတဲ့ ကလေးမှာ အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေ ပါလာနိုင်သလို ဦးနှောက်ဖွံ့ဖြိုးမှု မမှန်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ပျက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ကြောင်လေးရဲ့ ကိုယ်ထဲက Toxoplasmosis ကပ်ပါးကောင်က ကြောင်ရဲ့ အညစ်အကြေးထဲမှာ ပါဝင်နိုင်ပါတယ်။ ကြောင်လေးကို ချစ်လို့ဆိုပြီး အညစ်အကြေးတွေ သိမ်းဆည်းတာမျိုးလုပ်တဲ့အခါ အညစ်အကြေးတွေကို မတော်တဆ ထိမိပြီး ကပ်ပါးပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မှာချင်တာက

    • ကိုယ်ဝန်ရှိနေတုန်း ကြောင်ရဲ့အညစ်အကြေးဗန်းကိုလဲပေးတာမျိုး လုံးဝမလုပ်ပါနဲ့
    • ကြောင်လေးတွေဆက်မွေးထားလို့ရပါတယ်၊ သူများပေးပစ်စရာမလိုပါဘူး
    • Toxoplasmosis ကပ်ပါးကောင်က အသားစိမ်း၊ ငါးစိမ်းတွေမှာပါဝင်တတ်တာမို့ ကြောင်လေးတွေကို သေချာချက်ပြုတ်ထားတဲ့ အသားငါးတွေ၊ ကြောင်စာတွေ ကျွေးပေးပါ၊ ဒီလိုဆို ကြောင်လေးတွေမှာလည်း ရောဂါမကူးစက်ခံရတော့ဘူးပေါ့
    • ဖြစ်နိုင်ရင် ကြောင်လေးတွေကို အိမ်ထဲမှာပဲထားပါ
    • အရင်က ကြောင်တစ်ခါမှ မမွေးဘူးဘဲ ကိုယ်ဝန်ဆောင်ချိန်မှ ကြောင်စမမွေးပါနဲ့။ ရောဂါ တစ်ခုခုရှိနေတဲ့ ကြောင်ဖြစ်နေတာ ဒါမှမဟုတ် ကြောင်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မှာစိုးတဲ့အတွက် ဖြစ်ပါတယ်။
    • အပြင်က ကြောင်ရိုင်းတွေကို အိမ်ထဲအဝင်ခံတာ၊ အိမ်နဲ့ ကြောင်နဲ့ ထိတွေ့စေတာမျိုး ခွင့်မပြုပါနဲ့။

    နောက်ဆုံး တစ်ခုမှာ ချင်တာက Toxoplasmosis ကပ်ပါးကောင်က မြေကြီးထဲမှာလည်း ဥတွေဥချထားတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးတာမျိုး မလုပ်ပါနဲ့။ မတော်တဆ ကိုင်တွယ်မိသွားရင်တောင် လက်ကို ဆပ်ပြာနဲ့ သေသေချာချာ တိုက်ချွတ်ဆေးကြောပေးပါလို့ မျှဝေအကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်နော်။

    ရေးသားသူ – Dr.Htoo Tint

    health-tool-icon

    မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

    ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

    ရာသီစက်ဝန်း ကြာချိန်

    28 ရက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 04/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: