ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထိပ်တန်းသစ်သီးဝလံများ

    ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထိပ်တန်းသစ်သီးဝလံများ

    ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် နေ့စဉ် အစားအသောက်တွင် သစ်သီးဝလံများကို အဓိက အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းစားသုံးခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သစ်သီးများတွင် ဓာတ်တိုးဆန့်ကျင် အာနိသင်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့်ဖြစ်သည်။ သစ်သီးတစ်ခုချင်းစီတိုင်းတွင် သက်ဆိုင်ရာ အကျိုးအာနိသင်ရှိသော်လည်း ကိုယ်ဝန်ဆောင်များအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော သစ်သီးအချို့ရှိပါသည်။ ကိုယ်ဝန်ဆောင် အစားအသောက် အစီအစဉ်တိုင်းတွင် ထည့်သွင်းသင့်သည့် သစ်သီး လေးမျိုးကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။

    ၁။ ဗီတာမင်စီ ဓာတ်ကြွယ်ဝသော သစ်သီးများ

    • ဗီတာမင်စီ (အက်စ်ကောဘစ် အက်ဆစ်) လူတစ်ယောက်အတွက် အရေးကြီးဆုံး အာဟာရတစ်ခုဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ၎င်း၏ ကျန်းမာရေးအကျိုးများတွင် အနာကျက်ခြင်း၊ ဓာတုပစ္စည်းများနှင့် ဓာတ်တိုးပစ္စည်းများမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးပြီး အအေးမိဖျားနာခြင်းကို ကာကွယ်ပေးခြင်းတို့ ပါဝင်ပါသည်။
    • ဗီတာမင်စီသည် သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီးနှင့် ကော်လဂျင်အပါအဝင် အခြားသော ခန္ဓာကိုယ်အတွက် အရေးကြီးသည့် အာဟာရဓာတ်များကို စုပ်ယူခြင်း၊ တည်ဆောက်ခြင်းတို့အတွက် အစားထိုးမရသော ဓာတ်ကူပစ္စည်းတစ်မျိုး ဖြစ်ပါသည်။
    • တိရိစ္ဆာန်များနှင့် မတူညီသော အချက်မှာ လူ့ခန္ဓာကိုယ်သည် ဗီတာမင်စီကို သူ့ဘာသာ မထုတ်လုပ်နိုင်ပါ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များသည် ဗီတာမင်စီကြွယ်ဝသော အစားအသောက်များကို စားသုံးရမည်။ ဥပမာ။

    -ရှောက်အမျိုးအစားဝင် အသီးများ ။ ။ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုဒ်သီး၊ ကျွဲကောသီး

    -ဘယ်ရီသီးများ။ ။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ချယ်ရီ၊ ကီဝီ

    -မာလာကာသီး

    -သခွားမွှေးသီး

    ၂။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသော သစ်သီးများ

    • ပိုတက်ဆီယမ်သည် ခန္ဓာကိုယ်၏ ကြွက်သား စွမ်းအား၊ သတ္တုဓာတ်ပစ္စည်းများ၊ ရေပမာဏတို့ကို ထိန်းသိမ်းပေးသော လုပ်ငန်းများကို အဓိက လုပ်ဆောင်ပေးသော မရှိမဖြစ် သတ္တုဓာတ် (၇) မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး သွေးဖိအားကို ထိန်းညှိပေးကာ အာရုံကြောစနစ်ကို ကြံ့ခိုင်စေဖို့ ကူညီပေးသည်။
    • အမျိုးသမီးတစ်ဦးသည် ပိုတက်ဆီယမ်ဓာတ် အလုံအလောက်စားသုံးပေးခြင်းသည် ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်တက်ခြင်းကို သိသိသာသာ လျော့နည်းစေသည်။
    • ပိုတက်ဆီယမ်ဓာတ်ကို သစ်သီး အမြောက်အမြားတွင် ပေါပေါများများ တွေ့ရှိရပါသည်။ ဥပမာ။ ။

    -အခွံမာစေ့ရှိသည့် သစ်သီးများ ။ ။ မက်မုံသီး၊ ဇီးသီး၊ တရုတ်ဆီးသီး

    -ထောပတ်သီး

    -ငှက်ပျောသီး

    -ကီဝီသီး

    -မာလကာသီး

    ၃။ ဘီတာကယ်ရိုတင်းဓာတ် ကြွယ်ဝသော သစ်သီးများ

    • ဘီတာကယ်ရိုတင်းသည် ဗီတာမင်အေ ရှေ့ပြေးဓာတ်ဖြစ်သည်။ ၎င်းသည် ကောင်းမွန်သော မျက်စိအမြင်၊ ကျန်းမာသော အသားအရေ၊ ကောင်းစွာလုပ်ဆောင်သော အာရုံကြောစနစ်တို့ကို ထိန်းသိမ်းပေးခြင်းနှင့် ခန္ဓာကိုယ်ရှိ ဆဲလ်များ ပွားများမှုကို တိုးမြှင့်ခြင်း တို့ကို လုပ်ဆောင်ပေးသော အရေးကြီးသည့် အာဟာရဓာတ်တစ်မျိုးဖြစ်သည်။
    • ဘီတာကယ်ရိုတင်းသည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေသော ဓာတ်တိုးပစ္စည်းများကို ဆန့်ကျင်ပေးသည့် စွမ်းအားကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
    • ၎င်းကို အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်ရှိသော သစ်သီးများတွင် တွေ့ရှိရပါသည်။ ဥပမာ။

    -သရက်သီး

    -တရုတ်ဆီးသီး

    -သင်္ဘောသီး

    -သခွားမွှေးသီး

    -တည်သီး

    ၄။ ဖောလိတ်ဓာတ်ကြွယ်ဝသော သစ်သီးများ

    • ဖောလိတ် (ဖောလစ်အက်ဆစ်)သည် ဗီတာမင် ဘီ အုပ်စုဝင်ဖြစ်ပြီး မျိုးရိုးဗီဇ DNA မျိုးပွားခြင်း၊ ပြုပြင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ ၎င်းသည် စိတ်ဓာတ်ကျခြင်းအတွက် စိတ်ချရသော သဘာဝအိမ်တွင်း ဆေးတစ်လက်လည်းဖြစ်ပြီ ဆီးချိုသွေးချိုရောဂါကိုလည်း ကာကွယ်ပေးပါသည်။
    • ဖောလိတ်သည် အထူးသဖြင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် အရေးကြီးပါသည်။ ဖောလိတ်ဓါတ်ချို့တဲ့ပါက ကလေးတွင် မွေးရာပါ ဦးနှောက်နှင့် အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် neural tube defect ဖြစ်ပွားမှုနှင့် အခိုင်အမာ ဆက်နွယ်နေပါသည်။ ဖောလိတ်ဓာတ်ချို့တဲ့ခြင်းသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ကလေးတွင် နှလုံးရောဂါနှင့် အမေတွင် ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအခြေအနေများကို ဖြစ်ပေါ်စေပါသည်။
    • ဖောလစ်အက်ဆစ်ကို အောက်ပါ သစ်သီးများမှ ရရှိပါသည်။

    -ရှောက်အမျိုးအစားသစ်သီးများ ။ ။ လိမ္မော်သီး ၊ ဂရိတ်ဖရုဒ်သီး

    -သင်္ဘောသီး

    -စပျစ်သီး

    -စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး

    -ငှက်ပျောသီး ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Reference:
    – The Benefits of Vitamin C http://www.webmd.com/diet/features/the-benefits-of-vitamin-c#1 Accessed December 20, 2016
    – Potassium: Health Benefits, Recommended Intake http://www.medicalnewstoday.com/articles/287212.php Accessed December 20, 2016
    – Vitamin A: Health Benefits, Best Foods, and More http://www.globalhealingcenter.com/natural-health/health-benefits-of-vitamin-a/ Accessed December 20, 2016
    – Folic acid: Why you need it before and during pregnancy http://www.babycenter.com/0_folic-acid-why-you-need-it-before-and-during-pregnancy_476.bc?showAll=true Accessed December 20, 2016
    – Fruits and vegetables in your pregnancy diet http://www.babycenter.com/0_fruits-and-vegetables-in-your-pregnancy-diet_1695.bc Accessed December 20, 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 19/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။