backup og meta

လေပွလေထစေသော အစားအစာများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေပွလေထစေသော အစားအစာများ

    လူ့ကိုယ်ခန္ဓာဟာ ပြင်ပလေကို မျိုချမိရာကနေဖြစ်စေ၊ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာကဖြစ်စေ အူလမ်းကြောင်းထဲမှာ လေပွခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါ လေချဉ်တက်ခြင်း၊ လေပွခြင်း၊ လေလည်ခြင်း စတာတွေဖြစ်ပေါ်ပါတယ်။ ပျမ်းမျှအားဖြင့် လူတယောက်ဟာ တနေ့မှာ အနည်းဆုံး ၁၄ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လူတချို့ကတော့ တခြားသူတွေနဲ့စာရင် လေပွခြင်း လေလည်ခြင်း ဖြစ်တတ်ပါတယ်။

    တကယ်လို့ သင်ဟာ လေပွတတ်သူဆိုရင် သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြောင်းလဲခြင်းအားဖြင့် အထောက်အကူ ပြုနိုင်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ လေပွခြင်းကို အများဆုံးဖြစ်ပေါ်စေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိပြုခြင်းအားဖြင့် လူအများအလယ်မှာ မကြာခဏ လေတက်ခြင်း၊ လေလည်ခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

    ၁။ ပဲအမျိုးမျိုး

    လေပွစေတတ်တဲ့ အစားအစာတွေကို စဉ်းစားရင် ပဲအမျိုးမျိုးဟာ ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ပဲတွေမှာ raffinose ဆိုတဲ့ သကြားတမျိုး ပါဝင်ပါတယ်။ အဲဒီသကြားဟာ ချေဖျက်ရခက်ပါတယ်။ Raffinose သကြားဟာ အူသိမ်ပိုင်းကတဆင့် အူမထဲကို ရောက်သွားပြီး ဘက်တီးရီးယားများနဲ့ ချေဖျက်တဲ့အခါ ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပေါ်လာစေပြီး စအိုမှ ထွက်သွားပါတယ်။

    ပဲများကို ညလုံးပေါက်ရေစိမ်ထားခြင်းဟာလည်း လေပွခြင်းကို သက်သာစေနိုင်ပါတယ်။

    ၂။ နို့ထွက်ပစ္စည်းများ

    လက်တို့စ်ဆိုတဲ့ သကြားတမျိုးကို နွားနို့နဲ့ ဒိန်ခဲ၊ ရေခဲမုန့် စတဲ့နို့ထွက်ပစ္စည်းအများစုမှာ တွေ့နိုင်ပါတယ်။ လက်တေ့စ်ဆိုတဲ့ အင်ဇိုင်းကို ကောင်းကောင်းမထုတ်လုပ်နိုင်သူဆိုရင် လက်တို့စ်ကို ချေဖျက်ရာမှာ အခက်အခဲ ရှိပါတယ်။ ဒီအခြေအနေကို လက်တို့စ်မတည့်ခြင်းလို့ ခေါ်ပါတယ်။

    လေပွခြင်းဟာ လက်တို့စ် မတည့်ခြင်းရဲ့ လက္ခဏာတခုဖြစ်ပါတယ်။ ဒီပြဿနာရှိတယ်လို့ သံသယရှိရင် နွားနို့အစား မက်မွန်နို့၊ ပဲနို့ စတာမျိုးတွေ ပြောင်းလဲသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ် လက်တေ့စ်အင်ဇိုင်းပါတဲ့ ဆေးတွေ သုံးစွဲနိုင်ပါတယ်။

    ၃။ အသီးအရွက်များ

    Brussels sprouts ခေါ် ဂေါ်ဖီထုပ်အသေးစား၊ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ ပန်းဂေါ်ဖီ စတာတွေဟာ လေပွစေတတ်ပါတယ်။ ပဲတွေမှာလိုပဲ ဒီအသီးအရွက်တွေမှာလည်း raffinose သကြား ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးဖြစ်စေတာကြောင့် လုံးဝမစားသုံးဘဲတော့ မနေသင့်ပါဘူး။

    ၄။ ဆိုဒါ

    ဆိုဒါအပါအဝင် ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်တွေဟာ သင့်အူလမ်းကြောင်းထဲကို လေအများအပြား ဝင်ရောက်သွားစေပါတယ်။ အူလမ်းကြောင်းထဲ ဝင်ရောက်သွားတဲ့လေတွေဟာလည်း အပြင်ကို တနည်းနည်းနဲ့ ပြန်ထွက်ပါတယ်။ အဲဒီအခါ လေချဉ်တက်ခြင်း၊ လေပိုတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကာဗွန်ဖြည့်သွင်းမထားတဲ့ ရိုးရိုးအချိုရည်တွေ၊ ဖျော်ရည်တွေ အစားထိုး သောက်သုံးနိုင်ပါတယ်။

    ၅။ အသီးများ

    ပန်းသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ဆီးသီးခြောက် စတာတွေမှာ သဘာဝသကြားယမကာဖြစ်တဲ့ sorbitol ပါဝင်ပါတယ်။ အဆိုပါ sorbitol ဟာ ခန္ဓာကိုယ်ထဲမှာ ချေဖျက်ရခက်ပါတယ်။ အသီးအတော်များများမှာ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် ရှိပါတယ်။ Sorbitol နဲ့ ရေမှာပျော်တဲ့ အမျှင်ဓာတ်တို့ အူမကြီးကို ဖြတ်သန်းချိန်မှာ ဘက်တီးရီးယားများနဲ့ ထိတွေ့ပြီး ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီး လေပွစေပါတယ်။

    ၆။ ချိုချဉ်သကြားလုံးများ

    ကာဗွန်ဖြည့်ထားတဲ့ အဖျော်ယမကာတွေလိုပဲ သကြားလုံးစားခြင်းဟာ အူလမ်းကြောင်းထဲကို လေပိုမိုဝင်ရောက်စေပါတယ်။ သကြားလုံးအများစုမှာ sorbitol ကို အချိုအရသာအဖြစ် ထည့်သွင်းထားပါတယ်။ ဒီနှစ်ချက်ကြောင့် လေပိုပွစေပါတယ်။

    ၇။ ကြက်သွန်နီ

    ကြက်သွန်နီမှာ သဘာဝသကြားတမျိုးဖြစ်တဲ့ fructose ပါဝင်ပါတယ်။ raffinose နဲ့ sorbitol လိုပဲ fructose ဟာလည်း ဘက်တီးရီးယားတွေနဲ့တွေ့ချိန်မှာ ဓာတ်ငွေ့တွေဖြစ်ပေါ်ပြီး လေပွလာစေပါတယ်။

    ၈။ ပီကေများ

    ပီကေဝါးခြင်းဟာ လေပွစေတတ်ပါတယ်။ သကြားမပါတဲ့ ပီကေတွေမှာ သကြားယမကာနဲ့ အချိုဓာတ်ဖန်တီးထားပါတယ်။ ဥပမာ sorbitol, mannitol နဲ့ xylitol စတာတွေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ချေဖျက်ရခက်စေပြီး လေပွလေထလာစေပါတယ်။

    ၉။ အဆင့်ဆင့်ပြုပြင်ထားသော အစားအသောက်များ

    ထုပ်ပိုးပြင်ဆင်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ မုန့်ပဲသရေစာ စတာတွေမှာ fructose နဲ့ lactose ပါဝင်တတ်ပါတယ်။ ဒီနှစ်မျိုးကြောင့် လေပွစေတတ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement