ကလေး အသေမွေးခြင်း

    ကလေး အသေမွေးခြင်း

    ကလေးအသေမွေးခြင်း(stillbirth) ဆိုတဲ့ စကားလုံးကို ကိုယ်ဝန်ဆောင်စဉ် ရက်သတ္တပတ် ၂၀ကို ကျော်လွန်ပြီး အောင်မြင်စွာမမွေးဖွားနိုင်မီ စပ်ကြား ကိုယ်ဝန်ပျက်ကျရာမှာ သုံးကြပါတယ်။

    အသေမွေးခြင်း ကို အမျိုးအစား၃မျိုးခွဲလို့ရပါတယ်။

    သန္ဓေသားသေဆုံးရဲ့အချိန်ကာလတွေပေါ်မူတည်ပြီး ရက်သတ္တပတ် ၂၀မှ ၂၇ပတ်အတွင်း ကို အစောပိုင်း ၊

    ရက်သတ္တပတ် ၂၈မှ ၃၆ပတ်အတွင်း ကို နှောင်းပိုင်း၊၃၇ပတ်နောက်ပိုင်း ကို နေ့စေ့ အသေးမွေးခြင်း စသဖြင့် ၃မျိုးခွဲခြားထားပါတယ်။

    ကလေးအသေမွေးနိုင်ချေကိုလျှော့ချနိုင်ဖို့အတွက် မိဘတွေဟာ ဒီအခြေအနေကိုကောင်းမွန်စွာနားလည်ထားနိုင်တဲ့ ဗဟုသုတရှိရပါလိမ့်မယ်။

    ကလေးအသေမွေးခြင်း နဲ့ပတ်သက်ပြီး သင်သိကိုသိရမယ့် အချက်၃ချက်ကိုဖော်ပြထားပါတယ်။

    ၁။ ကလေးအသေမွေးဖွားခြင်းဟာ ဘယ်လောက်များများဖြစ်တတ်သလဲ။

    ကလေးအသေမွေးဖွားခြင်းဟာ ဖြစ်ခဲတဲ့ရောဂါတစ်ခုမဟုတ်သလို လူတိုင်းနေရာတိုင်းမှာ လူမျိုးမရွေး၊ လူမှုအဆင့်အတန်းမရွေးဖြစ်တတ်ကြပါတယ်။ အမေရိကမှာ နှစ်တိုင်း ကလေးငယ်၂၅၀၀၀ လောက်ဟာ အသက်မပါဘဲမွေးလာကြပြီး ဒါဟာတစ်ရက်ကို ကလေးအသေမွေးလာတဲ့ပြဿနာ ၇၀ နီးနီးလောက်ရှိတာနဲ့ ညီမျှပါတယ်။

    ကလေးအသေမွေးနိုင်ချေကိုတွက်ရရင် ကလေး ၁၆၀ မွေးတိုင်းမှာ ၁ ယောက်က အသေမွေးလာတယ်လို့ဆိုပါတယ်။ ဒါဟာ ရုတ်တရက် တစ်နှစ်အောက်ကလေးသေဆုံးခြင်း (SIDS) အခြေအနေတွေထက် ၁၀ဆ နီးနီးမြင့်မားပါတယ်။

    ကလေးအသေမွေးခြင်း အခြေအနေတွေရဲ့၈၀ ရာခိုင်နှုန်း နဲ့အထက်ဟာ အစောပိုင်း နဲ့ နှောင်းပိုင်း အသေမွေးခြင်း တွေဖြစ်ကြပါတယ်။ နေ့စေ့ အသေမွေးခြင်း ကတော့ ဖြစ်နိုင်ချေနည်းပါတယ်။

    ၆၅ ရာခိုင်နှုန်း နဲ့အထက်သော ကလေးအသေမွေးဖွားမှုတွေဟာ မြောက်များစွာသော ရင်ခွဲစစ်ဆေးမှုတွေလုပ်ပြီးတာတောင် ရှင်းလင်းတိကျတဲ့ အကြောင်းရင်းမရှိဘဲဖြစ်ပွားရတာပါ။

    ၂။ ကလေးအသေမွေးဖွားခြင်းရဲ့ တကယ့်အကြောင်းရင်းများ

    အဖြစ်များဆုံးအကြောင်းရင်း ၃ခုကတော့ မွေးရာပါချွတ်ယွင်းချက်၊ အချင်းပြဿနာ ဥပမာ အချင်းကွာကျခြင်း သို့မဟုတ် သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ (Intrauterine Growth Restriction လို့လည်းသိကြပါတယ်။) စတာတွေကြောင့်ဖြစ်ရတာပါ။ အခြားရှားပါးတဲ့အခြေအနေတွေမှာတော့ ချက်ကြိုးနေရာအနေအထားပုံမှန်မဟုတ်ခြင်းက ကလေးကိုအောက်ဆီဂျင်မရစေဘဲ သေဆုံးစေနိုင်ပါတယ်။

    ဒါပေမယ့် ဒီအသိအမှတ်ပြုထားတဲ့အကြောင်းရင်းတွေဟာ ၃၅ ရာခိုင်နှုန်းသောကလေးအသေမွေးခြင်းတွေကိုသာ ဖြေရှင်းနိုင်ပြီး ကျန်တာကတော့ ခုချိန်ထိ ပဟေဠိဖြစ်နေရဆဲပါ။

    ၃။ ကလေးအသေမွေးဖွားမှုနှုန်းမြင့်လာစေတဲ့ ထိပ်ဆုံးအချက်များ

    • ကလေးအသေမွေးဖွားခြင်းအတွက် တိကျတဲ့ဖြေရှင်းမှုတွေကို ရှာမတွေ့နိုင်သေးပေမယ့် မမွေးဖွားရသေးတဲ့ကလေးတွေ သေဆုံးနေမှုအတွက် အချို့သောသိပ္ပံနည်းကျဖြေရှင်းမှုတွေရှိနေပါသေးတယ်။
    • မိခင်ဟာ ကာလရှည်ကြာစွာ စိတ်ကျရောဂါခံစားနေရခြင်း၊အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်း
    • မူးယစ်ဆေးစွဲခြင်း၊ဆီးချို၊အဝလွန်ခြင်း၊ပိုးဝင်ခြင်း (ရေယုန်၊ ဂျိုက်သိုးရောဂါ) သို့မဟုတ် အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာများ မိခင်မှာရှိနေခြင်း။ အသေမွေးလာတဲ့ကလေး ၁၀ယောက်မှာ ၁ ယောက်က မိခင်ဆီမှပိုးကူးစက်တာကြောင့်သေဆုံးရတာပါ။
    • မိခင်ရဲ့အသက် ၃၅နှစ်ကျော်နေခြင်း သို့မဟုတ် အသက်၂၀ အောက်ဖြစ်ခြင်း
    • အမြွှာကိုယ်ဝန်ဆောင်ရခြင်း
    • လမစေ့ဘဲမွေးခြင်း သို့မဟုတ် နောက်ကျမှမွေးခြင်း
    • အခြားသောလူဖြူမိခင်တွေနဲ့ယှဉ်ရင် မိခင်က အမေရိကန် အာဖရိကန် လူမျိုးစုထဲပါနေတဲ့အခါမှာ ကလေးအသေမွေးနိုင်ချေ၂ဆမြင့်သွားပါတယ်။

    ၄။ ကလေးအသေမွေးခြင်းကို ကာကွယ်နိုင်ဖွယ် ထင်ရသော လုပ်ဆောင်ချက်များ

    • ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ပါ။ ဆိုလိုတာက အရက်သောက်တာ၊ ဆေးသုံးတာ(ဆရာဝန်ညွှန်ကြားချက်မှလွဲပြီး)၊စိတ်ဖိစီးမှုတွေနဲ့ အာဟာရမပြည့်ဝသော သရေစာ တွေကိုတတ်နိုင်သမျှရှောင်ပါ။
    • အခါအားလျော်စွာ အာထရာဆောင်း စစ်ဆေးခြင်းအားဖြင့်ကလေးငယ်ရဲ့နှလုံးခုန်သံကို သေချာစောင့်ကြည့်ပါ။
    • ကလေးလှုပ်ရှားတာ ကန်တာတွေကို ရေတွက်ပါ။ သူဟာ ၂ နာရီအတွင်း ၈ချက်ခန့် သို့မဟုတ် ၈ ချက်ထက်ပိုပြီး ကန်သင့် လှုပ်ရှားသင့်ပါတယ်။
    • ငါးကြီးဆီနဲ့ ဗီတာမင်တွေ အထူးသဖြင့် ဗီတာမင် အေ အလွန်အကျွံစားသုံးခြင်းကိုရှောင်ပါ။

    နောက်ဆုံးပေမယ့် အရေးကြီးတာကတော့ သင်ဟာ ဗိုက်နာတာသို့မဟုတ် မိန်းမကိုယ်မှ အရည်တွေဆင်းလာတာမျိုး ဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းဆက်သွယ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 25/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။