ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

    ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးငယ်ကို ကိုယ်ခံအားကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အပြည့်အဝရရှိအောင် ကျွေးမွေးစောင့်ရှောက်ဖို့က လိုအပ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း အစားအသောက်ရွေးတဲ့ ကလေးငယ်တွေရှိသလို သရေစာကိုမှကြိုက်နှစ်သက်တဲ့ ကလေးငယ်တွေလည်းရှိကြပါတယ်။ ကလေးငယ်တွေစားသုံးတဲ့ အစားအသောက်တွေထဲမှာ အာဟာရဓါတ်တွေပြည့်စုံပြီး ပမာဏလုံလုံလောက်လောက်ပါဝင်မှသာ ကလေးငယ်ရဲ့ ဦးနှောက်ကိုရော ခန္ဓါကိုယ်ကိုပါ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။

    ကလေးငယ်ကို ကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ အဆီနည်းတဲ့ ပရိုတင်းဓါတ်တွေ၊ အစေ့အဆန်တွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီအနည်းငယ်ပါဝင်နေတဲ့ အာဟာရမျှတတဲ့ အစားအသောက်ဖြစ်ဖို့ကအရေးကြီးပါတယ်။ ညီညွတ်မျှတတဲ့ အစားအသောက်တွေက ကလေးငယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

    ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေမယ့် အာဟာရဓါတ်တွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

    ပရိုတင်း

    ကြွက်သားတွေနဲ့ ကလေးငယ်တွေရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၃အောင်စ ကနေ ၈အောင်စအထိစားသုံးပေးဖို့ လိုအပ်ပါတယ်။ ၁၀ နှစ် ကနေ ၁၄ နှစ်အရွယ်ကလေးတွေနေနဲ့ကတော့ တစ်နေ့ကို ပရိုတင်းပမာဏ ၁၀အောင်စ ကနေ ၁၄အောင်စ အထိစားသုံးဖို့လိုအပ်ပါတယ်။

    ငါးတွေ၊ကြက်သား၊ကြက်ဆင်သား၊ အဆီမပါတဲ့ အသား၊ အခွံမာသီးတွေ၊ဥအမျိုးမျိုး၊နို့၊ဒိန်ချဉ်၊ဒိန်ခဲ နဲ့မြေပဲထောပတ်တွေကနေ ပရိုတင်းဓါတ်ကိုရရှိနိုင်ပါတယ်။

    သံဓါတ်

    သံဓါတ်က ခန္ဓါကိုယ်တွင်းမှာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့ သွေးနီဥတွေဖြစ်ပေါ်အောင် အထောက်အကူပြုပါတယ်။ ကလေးငယ်တွေကြီးထွားဖွံ့ဖြိုးအောင်လည်း အထောက်အကူပြုပါတယ်။ သံဓါတ်မရရှိဘူးဆိုရင်သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ သံဓါတ်ချို့တဲ့မှုနဲ့သွေးအားနည်းခြင်းကရောဂါပိုးတွေကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအားစနစ်ကို ချိနဲ့စေနိုင်တဲ့အတွက် ကိုယ်ခံအားကောင်းနေဖို့ သံဓါတ်လိုအပ်ပါတယ်။

    အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအနေနနဲ့ တစ်နေ့ကို သံဓါတ်ပမာဏ ၁၀ မီလီဂရမ်ဝန်းကျင် ရရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ ၈ နှစ်အထက် ကလးငယ်တွေအနေနဲ့ကတော့ တစ်နေ့ကို သံဓါတ်ပမာဏ ၈ မီလီဂရမ်လောက်ရရှိဖို့လိုအပ်မှာဖြစ်ပါတယ်။

    အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။ တူနာငါး၊ဥအမျိုးမျိုး၊ သံဓါတ်ပါဝင်တဲ့ကွေကာအုပ်လိုမျိုး အစားအစာတွေကနေ သံဓါတ်ကိုရရှိနိုင်ပါတယ်။

    ဗီတာမင် ဒီ

    ကလေးတွေရဲ့ အရိုးတွေနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ကလေးငယ်တွေအနေနဲ့ ဗီတာမင် ဒီကိုနေ့စဉ်ရရှိဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူရာမှာ အထောက်အကူပြုပေးပြီး အရိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

    ဗီတာမင် ဒီက အစားအသောက်တွေထဲမှာ ပါဝင်တာနည်းပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေနဲ့ကွေကာအုတ်တွေမှာတော့ ပါလေ့ရှိပါတယ်။ ကလေးငယ်တွေအနေနဲ့ နေရောင်ခြည်ကနေ ဗီတာမင် ဒီ ကိုရရှိနိုင်တယ်ဆိုပေမယ့်နေရောင်ခြည်နဲ့ အချိန်အများကြီး ထိတွေ့တာက အရေပြားကင်ဆာဖြစ်နိုင်ခြေကို တိုးစေပါတယ်။

    ကယ်လ်ဆီယမ်

    အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

    အသက် ၄နှစ်ကနေ ၈ နှစ်အရွယ်ကလေးငယ်တွေအနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁,၀၀၀ မီလီဂရမ်လောက်လိုအပ်ပါတယ်။ အသက် ၉နှစ်ကနေ ၁၃ နှစ်အရွယ် ကလေးငယ်တွေအနေနဲ့ကတော့ တစ်နေ့ကို ကယ်လ်ဆီယမ် ပမာဏ ၁,၃၀၀ မီလီဂရမ်လောက်ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

    နို့လိုမျိုး နို့ထွက်ပစ္စည်းအမျိုးမျိုး၊ပဲနို့၊ပဲပြား၊ကွေကာအုတ်တို့မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးငယ်တွေကို တစ်နေ့ကို နို့ ၂ ခွက်လောက်တိုက်ပေးသင့်ပါတယ်။ဖော့စဖောရတ်အက်စစ် ပါဝင်နေတဲ့ ဆိုဒါလိုအရာမျိုးတွေကိုတော့ ကလေးငယ်တွေကို မတိုက်ပါနဲ့။ အဆိုပါသောက်စရာတွေက ကလေးငယ်တွေရဲ့ အရိုးတွေက ကယ်လ်ဆီယမ်စုပ်ယူမှုကို ခက်ခဲစေနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်နှစ်မျိုးစလုံးက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများ

    အဆီတိုင်းက ခန္ဓါကိုယ်အတွက် ကောင်းကျိုးမပြုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေက ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်စ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက ကျန်းမာတဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို အထောက်အကူပြုပေးသလိုသွေးမခဲအောင်လည်းလုပ်ဆောင်ပေးတဲ့အပြင် ခန္ဓါကိုယ်က ဗီတာမင်တွေကို စုပ်ယူနိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ ဒီလိုဗီတာမင်တွေစုပ်ယူနိုင်မှသာ ကိုယ်ခံအားကိုမြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ကလေးငယ်တွေစားသုံးမယ့် အစားအသောက်တွေထဲမှာ ၃၀ ရာခိုင်နှုန်းလောက်က အဆီဖြစ်ဖို့လိုအပ်ပါတယ်။

    မွေးကင်းစ ကလေးငယ်တွေအတွက် အဆီရရှိစေနိုင်မယ့် အကောင်းဆုံးသောအစားအစာက မိခင်နို့ပါ။ အသက် ၂ နှစ်အတွက် ကလေးငယ်တွေကိုတော့ သံလွင်ဆီ၊ပြောင်းဆီ၊ ပဲပိစပ်ဆီလိုမျိုး ဟင်းသီးဟင်းရွက်အဆီတွေ၊ ငါးတွေ၊ကြက်သားတွေမှာပါတဲ့ ပရိုတင်းတွေကနေ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့ဆီ၊ သစ်ကြားသီးတွေကနေရရှိတဲ့ fatty acidတွေက ကလေးတွေကိုကျန်းမာစေနိုင်ပါတယ်။

    ဗီတာမင် စီ

    ဗီတာမင် စီက ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်တွေကို တည်ဆောက်ရာမှာ အထောက်အကူပြုပေးပါတယ်။ အနာကျက်မြန်စေသလို ခန္ဓါကိုယ်က သံဓါတ်ကို စုပ်ယူနိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတွေအနေနဲ့ တစ်နေ့ကို ဗီတာမင် စီပမာဏ ၂၅ မီလီဂရမ်ရရှိဖို့လိုအပ်ပါတယ်။ လိမ္မော်သီးတွေ၊စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ကီဝီသီး၊ဂေါ်ဖီထုပ် နဲ့ ငရုတ်ပွ တို့လိုမျိုး လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကနေ ဗီတာမင် စီကိုရရှိနိုင်စေပါတယ်။

    ဗီတာမင်အေ

    မျက်စိအမြင် အာရုံကိုကောင်းမွန်စေဖို့အတွက် အဓိကျတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကူးစက်ရောဂါတွေ တိုက်ထုတ်နိုင်စွမ်းကိုလည်းမြှင့်တင်ပေးပါတယ်။

    ကလေးငယ်စားသုံးမယ့် အစားအသောက်တွေထဲမှာ မုန်လာဥနီ နဲ့ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေ ထည့်သွင်းကျွေးမွေးပေးသင့်ပါတယ်။ နွားနို့တိုက်ပေးဖို့လည်းလိုအပ်ပါတယ်။

    ဇင့်

    ဇင့်က ကလေးငယ်တွေရဲ့ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်တွေနဲ့ အခြားရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပြုပေးပြီး ကလေးငယ်ကို မဖျားနာအောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း ဇင့်ကိုလိုအပ်ပါတယ်။ ကြက်သား၊ ပဲအမျိုးမျိုးနဲ့ကွေကာအုတ်တွေမှာ ဇင့်ဓါတ်ပါဝင်ပါတယ်။

    ကိုလင်း

    ကိုလင်းက ဗီတာမင် တစ်ရပ်မဟုတ်ပေမယ့်လို့ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါပါတယ်။ ဆဲလ်တွေပုံစံကို ထိန်းသိမ်းနိုင်ဖို့ ကိုလင်း ကိုလိုအပ်သလို ခန္ဓါကိုယ်တစ်ခုလုံးမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို ဦးနှောက်ထံကို သတင်းပေးပို့နိုင်စေဖို့အတွက်လည် အာရုံကြောစနစ်က ကိုလင်းကိုလိုအပ်ပါတယ်။ ခန္ဓါကိုယ်က ကိုလင်းကိုမထုတ်လုပ်နိုင်တာကြောင့် ဥအမျိုးမျိုး၊ ငါး၊ အမဲသား၊ကြက်သား နဲ့ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အစားအသောက်တွေကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် ကလေးတွေကို လိုအပ်တဲ့ကိုလင်းဓါတ်ကိုရရှိအောင်လုပ်ဆောင်ပေးဖို့အပ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement