-
အန္တရာယ်ရှိတာလား၊ အန္တရာယ်ဖြစ်နေပြီလား။
ကလေးက စက်ဘီးစီးလို့ မှောက်နိုင်တာက အန္တရာယ်ရှိတာပါ။ မဖြစ်ချင်ဘူးဆို အကာအကွယ်ဝတ်ပေးလိုက်ရင် ရပါတယ်။ စက်ဘီးမစီးနဲ့လို့ တားစရာမလိုပါဘူး။
ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ တားမယ့်အစား ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲလို့ စဉ်းစားပါ။ အပြင်ထွက်လို့ လူဆိုးကြီး ဖမ်းမယ်ဆိုတာထက် ဘယ်သူခေါ်ခေါ်မလိုက်ရဘူးနော်လို့ သင်ထားတာ ပိုမကောင်းဘူးလား။
ကလေးဆိုတာ ဆော့ရင်း ပြုရင်း ခိုက်မိတတ်တာပါပဲ။ မဆော့ပါနဲ့လို့ ပြောထားတာ ခုတော့ ဖြစ်ပြီမလားလို့ မဆူလိုက်ပါနဲ့။ ကလေးထက် မေမေက ပိုနာတာကို သိပါတယ်။ ဒါပေမယ့်လည်း စိတ်လျှော့လိုက်ပါ။ ကလေးက နောက်တစ်ခါ မထိခိုက်အောင် ကာကွယ်တတ်သွားပါပြီ။
ခိုင်းပေးပါဆိုတာ သူတို့အတွက်ပါ။ အနည်းဆုံးတော့ အသက်အလိုက် လုပ်နိုင်တာလေးတွေ လုပ်တတ်ရမယ်လေ။ အိပ်ရာသိမ်းတာ၊ ပန်းကန်ဆေးတာ၊ အိမ်အလုပ်တွေ နိုင်သလောက် ဝိုင်းကူတာကို ခွင့်ပြုလိုက်ပါ။ သူတို့ကို သူတို့ တာဝန်ယူစိတ်ဖြစ်လာပြီး မှီခိုချင်တဲ့စိတ် နည်းသွားပါလိမ့်မယ်။
မြေကြီးတွေမကိုင်နဲ့လေ။ သန်ထိုးတော့မှာပဲလို့ ပြောမယ့်အစား ကစားပြီးရင် လက်သေချာဆေးပေးလိုက်ပါ။ ကလေးတွေကို သဘာဝတရားကြီးနဲ့ များများထိတွေ့ပါစေ။ ဒါမှ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ၊ စိတ်ကူးစိတ်သန်းတွေပိုကောင်းလာမှာပါ။
ကလေး ပထမဆုံး ကျောင်းစတက်တဲ့နေ့ဆို ငါ့ကလေးကို ဘယ်သူများ အနိုင်ကျင့်နေမလဲ၊ ထမင်းရော စားပါ့မလားဆိုပြီး စိုးရိမ်နေတယ်ဟုတ်။ မေမေစိုးရိမ်သလောက်လည်း မဟုတ်သေးပါဘူး။ မေမေ့ကလေးက မေမေထင်ထားတာထက် အများကြီးထက်မြက်တာကြောင့် မေမေစိုးရိမ်တာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
မေမေ့ကလေးတွေက တစ်နေ့ကျရင် လူကြီးတွေ ဖြစ်လာမှာပါ။ သူတို့လူကြီး ဖြစ်လာတဲ့အခါ သတ္တိရှိရှိ ထက်ထက်မြက်မြက် လူကြီးဖြစ်လာမှာလား။ လူကြားထဲမှာ မပြောရဲ မဆိုရဲတဲ့ လူကြီးဖြစ်လာမှာလားဆိုတာ မေမေ့ထိန်းကျောင်းမှုအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် မေမေတို့ အစိုးရိမ်လွန်တာလေးတွေ လျှော့ပြီး ကလေးတွေကို လွတ်လပ်ခွင့်နည်းနည်းပိုပေးလိုက်ပါလား။