backup og meta

အတန်းထဲမှာ ကိုယ့်ကလေးပဲ ပိန်ညှက်မနေအောင် ဒီလိုဂရုစိုက်ကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတန်းထဲမှာ ကိုယ့်ကလေးပဲ ပိန်ညှက်မနေအောင် ဒီလိုဂရုစိုက်ကြမယ်

    ခုခေတ်ကလေး တော်တော်များများကို ကြည့်လိုက်ရင် ပိန်ပိန်သေးသေးလေးနဲ့ အားမရှိသလို ပုံလေးတွေ ဖြစ်နေတာ သတိထားမိမယ်ထင်တယ်နော်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကလေးရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတွေ မရတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းလွန်းတာ၊ စာမှ စာ စာကိုပဲ ဂရုစိုက်ရင်း ထိုင်ခုံမှာပဲ တစ်နေ့တာ ကုန်ဆုံးနေရတာ၊ ကလေးက ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာချူချာတော့ ပိန်ချုံးလာတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပါပဲ။

    ကလေးထွားစေဖို့ ဘယ်လိုအာဟာရတွေကို အဓိကကျွေးကြမလဲ။

    တခြားကလေးတွေနဲ့ ယှဉ်လိုက်တိုင်း ကိုယ်ကလေးက ပိန်ပြီး ညှက်နေတာမျိုး မဖြစ်စေချင်ဘူးဆိုရင် မေမေတို့အနေနဲ့ ငယ်ငယ်ကတည်းက ပရိုတင်းဓာတ်ကို ပြည့်ဝစုံလင်စွာ ကျွေးထားဖို့ လိုပါတယ်။

    ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်က ကိုယ်ခန္ဓာမှာရှိနေတဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အလွယ်တကူ ဖျားနာခြင်းမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး စာလိုက်နိုင်စေတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်းပေးလို့ လန်းဆန်းတက်ကြွပြီး အားအင်ပြည့်လန်းနေစေပါတယ်။

    ပရိုတင်းဓာတ်အပြင် ကလေးတွေကို ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ဇင့်ဓာတ်စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ကျွေးပေးဖို့လည်း လိုပါတယ်။ ဒီအာဟာရဓာတ်တွေက ကိုယ်တွင်းကလီစာတွေကို ကောင်းစွာ အလုပ်လုပ်စေပြီး ကျန်းမာထက်မြက်စေတယ်။ ကျန်းမာကြံ့ခိုင်နေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေမှာ ဒီလိုအာဟာရဓာတ်တွေ စုံလင်စွာ ရရှိပါမှ ပိန်လွန်းနေတာ၊ ဝလွန်းနေတာမျိုး မရှိဘဲ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့် ရှိနေတော့မှာပေါ့။

    အဲ့တော့ ကလေးကို ဘာတွေများများကျွေးသင့်လဲဆိုရင် အဓိက ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲတွေကို ကျွေးသင့်ပါတယ်။ မနက်တစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် နွားနို့တစ်ခွက် တိုက်ပေးပါ။ ဟင်းသီးဟင်းရွက်၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်တွေ၊ အသီးအနှံတွေ၊ အခွံမာသီး စတာတွေကိုလည်း နေ့တိုင်းစုံစုံလင်လင် ကျွေးပေးရပါမယ်။

    နောက်ထပ် ဘာတွေ ဂရုစိုက်ပေးဖို့လိုလဲ။

    ၁။ ကလေးကို တစ်နေ့အိပ်ချိန် ၈နာရီ ရအောင်ပေးအိပ်ပါ။ စာမရရင် မအိပ်ရဘူးဆိုပြီး ဒဏ်ပေးတာမျိုး မလုပ်ပါနဲ့။

    ၂။ ကလေးရဲ့ တစ်နေ့တာ အချိန်ဇယားကို ကျောင်းတက်ချိန်၊ အစာစားချိန်၊ စာလုပ်ချိန်၊ ကစားချိန်၊ အနားယူချိန် စသဖြင့် အချိန်သတ်မှတ်ပြီး ခွဲပေးထားပါ။

    ၃။ ကလေးက သူ့ရွယ်တူသူငယ်ချင်းတွေနဲ့ ပြေးလွှားကစားချင်တယ်၊ ဒါမှမဟုတ် ကျောင်းမှာ အားကစားတစ်ခုခု လိုက်စားချင်တယ်ပြောလာတဲ့အခါ မကန့်ကွက်ပါနဲ့။ ဒီလို လှုပ်ရှားပေးနေမှပဲ ကလေးတစ်ယောက်က ပိန်ညှက်မနေဘဲ ကြီးထွားဖွံ့ဖြိုးလာနိုင်မှာပါ။

    ၄။ ကလေးကို မဖျားနာစေဖို့ သေချာဂရုစိုက်ပေးပါ။ အစာမစားခင်၊ အစာစားပြီး၊ အိမ်သာထွက်ပြီး၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးဖို့ အလေ့အကျင့်လုပ်ပေးပါ။ လူများတဲ့နေရာ သိပ်မခေါ်သွားပါနဲ့။

    ၅။ ကလေးကို ၆လတစ်ကြိမ် သန်ချပေးပါ။

    ၆။ ကလေးကို တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးတာမျိုး လုပ်ပေးပါ။ အာဟာရချို့တဲ့နေတယ်လို့ သံသယရှိရင် အထူးကုနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဗီတာမင်အားဆေး၊ ဖြည့်စွက်စာတွေကို တိုက်ကျွေးပါ။

    ၇။ ကြေးများတတ်တဲ့ ကလေးကို သေချာချော့ပြီးကျွေးပါ။ ဥပမာ ဟင်းသီးဟင်းရွက် မကြိုက်တဲ့ကလေးကို အပြစ်တင်နေမယ့်အစား သူတို့ကြိုက်တတ်တဲ့ ဟင်းတွေထဲ နည်းနည်းစီဖြစ်ဖြစ် ရောထည့်ပြီး ချက်ကျွေးကြည့်ပါ။

    ၈။ ကလေးကြိုက်ရင်ပြီးရောဆိုပြီး စားချင်တာတွေ လျှောက်မစားခိုင်းပါနဲ့။ အထူးသဖြင့် အဆီ၊ အချို၊ အငန်ဓာတ်များတဲ့ အစားအစာတွေကို လျှော့ကျွေးပါ။

    ဒါဆို ဖေဖေ၊ မေမေတို့လည်း ခုပြောပြပေးခဲ့တဲ့ အချက်တွေကို သေချာလိုက်နာပြီး ကိုယ့်ကလေး ပိန်ပြီးညှက်မနေအောင် ဂရုစိုက်ပေးဖို့ ခုကတည်းက စလိုက်ကြရအောင်နော်။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ နေထိုင်စားသောက်မှုပုံစံဟာ အဓိက အထောက်အကူပေးနိုင်တဲ့ အရာဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဖြစ်သလို သဘောမထားသင့်ပါဘူးလို့ ထပ်မံ အကြံပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်နော်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement