backup og meta

ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

    ပထမဆုံး ကျောင်းစတက်ရတဲ့အချိန်ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကလေးတွေအတွက်ရော မေမေတို့အတွက်ပါ ဘဝရဲ့ ပထမဆုံးအမှတ်တရ ကျောက်တိုင်တစ်ခုပါပဲ။ ကလေးတွေကျတော့လည်း မိဘရိပ်အောက်ကနေ ခဏတာထွက်လာပြီး တကယ့်လူ့လောကအလယ်မှာ သူစိမ်းတွေနဲ့ စတင်ထိတွေ့ဆက်ဆံရတဲ့အချိန်မို့ စိတ်ထဲက စိုးရိမ်ထိတ်လန့်ရတယ်။ မေမေတွေကလည်း ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ငိုနေမလား၊ ဗိုက်ဆာနေမလား၊ ၅နှစ်လုံးလုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ ကိုယ်တိုင်ပဲ ထိန်းကျောင်းလာခဲ့ရတာဆိုတော့ အိမ်မှာ ကလေးမရှိတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီတော့ မေမေတို့ရဲ့ သောကတွေ ပြေစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

    ၁။ ကလေးမရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ။

    ကလေးတစ်ခုခုများဖြစ်မလားဆိုပြီး စိတ်နဲ့လူနဲ့ မကပ် ပူလောင်နေတာထက် သူမရှိတဲ့အချိန် အိမ်မှာလုပ်လို့ရတာတွေ ရှိပါတယ်။ ဥပမာ – ထမင်း၊ ဟင်းချက်ပြုတ်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဒါမှမဟုတ်လည်း ကိုယ့်မိဘဆွေမျိုးတွေဆီ အလည်သွားတာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်း ငြိမ်ငြိမ်ထိုင်ပြီး လျှောက်တွေးနေတာထက်တော့ အဆင်ပြေမှာပါ။

    ၂။ စိုးရိမ်စိတ်ဖြစ်တယ်ဆိုတာ သဘာဝပါ။

    မိဘရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးအတွက် မှဲ့တစ်ပေါက်တောင် အစွန်းအထင်းမဖြစ်စေချင်တာ သဘာဝမို့ ကိုယ့်မျက်စိအောက်မှာ သိပ်ချစ်ရတဲ့ကလေးမရှိတဲ့အချိန်တွေဆိုတာ စိုးရိမ်ပူလောင်စရာ ဖြစ်နေနိုင်ပါတယ်။ ဒါက အပြစ်မဟုတ်ပေမဲ့ အချိန်တိုင်းဒီလိုပူလောင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ့်စိတ်ကို တတ်နိုင်သလောက် အေးချမ်းအောင်ထားပါ။ ကိုယ့်ကလေးက ကျောင်းမှာ အကောင်းဆုံးကြိုးစားနိုင်လိမ့်မယ်၊ အဆင်ပြေနေမယ်လို့ ယုံကြည်ထားပါ။

    ၃။ ကလေးကို ကျောင်းမသွားခင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးပါ။

    ကလေးက ကျောင်းစတက်ပြီဆိုရင် သူ့အနေနဲ့ သဟဇာတဖြစ်အောင် မေမေတွေအနေနဲ့ လုပ်ပေးရမှာတွေ၊ လေ့ကျင့်ပေးရမှာတွေ အများကြီးပါပဲ။ မနက်ကို စောစောထတတ်အောင်၊ ကျောင်းနောက်မကျအောင် ထဖို့ အကျင့်လုပ်ပေးရမယ်၊ ကလေးအတွက် အရသာရှိပြီး တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ မနက်စာကောင်းကောင်းပြင်ဆင်ရမယ်၊ ကလေးကိုလည်း ကျောင်းကို လိုက်ပို့ပေးရမယ် အစရှိသဖြင့်ပေါ့။ ဒါတွေကို ကလေးနဲ့အတူ မနက်တိုင်း ပုံမှန်လုပ်ပေးပါ။ ကြာလာတဲ့အခါ မေမေတွေလည်း ဒီလိုလုပ်ရတာကို အကျင့်ရသွားသလို ကလေးအတွက်လည်း ကျောင်းသွားရတာ အစိမ်းသက်သက် မဖြစ်တော့ပါဘူး။

    ၄။ ကလေးတွေကို ကျောင်းနေဘဝမှာ အဆင်ပြေအောင် ကူညီပံ့ပိုးပေးပါ။

    ကျောင်းကပြန်ရောက်လာတဲ့အခါ ကလေးမျက်နှာမှ ကောင်းရဲ့လား၊ ကျောင်းမှာ ဒီနေ့ဘာစာတွေ သင်ခဲ့လဲ၊ ဘယ်ကလေးတွေနဲ့ အတူကစားခဲ့လဲ၊ ဆရာမ စာသင်ပေးတာ ကောင်းကောင်းလိုက်နိုင်ရဲ့လားဆိုတာမျိုးတွေ မေးပေးပါ။ လိုအပ်ရင် ကိုယ့်ဘက်က ကူညီပေးနိုင်တဲ့အရာတွေ ရှိမလားဆိုတာ သေချာပြန်စဉ်းစားကြည့်ပါ။

    ၅။ လိုအပ်လာရင် ဆရာ၊ ဆရာမတွေကို အကူအညီတောင်းပါ။

    ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလားဆိုပြီး အရမ်းကို စိတ်ပူနေမိရင်တော့ ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမဖုန်းနံပါတ်ဖြစ်ဖြစ် တောင်းထားလိုက်ပါ။ ကိုယ့်သားသမီးကိုလည်း သေချာလေး ဂရုစိုက်ပေးဖို့ ပြောပေးပါ။ ပုံမှန်ကတော့ လုပ်ဖို့မလိုအပ်ပေမဲ့ မိဘတွေရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ စိုးရိမ်မှုတွေကို အနည်းငယ်ပေါ့သွားစေဖို့ပဲ ဖြစ်ပါတယ်။

    ကလေးမရှိတဲ့အချိန်မျိုးမှာ ညစာအတွက်ကို ပြင်ထားပါ။ ဒီနေ့ ကလေးကို သွားကြိုပြီးရင် ကျောင်းစာတွေလုပ်ဖို့၊ ကလေးကို ပေးကစားဖို့၊ မိဘတွေနဲ့အတူ အိမ်အလုပ်တွေ ကူလုပ်ခိုင်းဖို့ ကိုယ်က ကြိုစဉ်းစားထားပါ။ ကလေးကို သတိရလို့ ဝမ်းနည်းတယ်ဆိုရင် မိသားစုဝင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ဖုန်းဆက်ပြီး ရင်ဖွင့်ပါ။ မိဘကိုယ်တိုင် စိတ်ကြံ့ကြံ့ခိုင်ထားမယ်ဆိုရင် ကလေးအတွက်လည်း ကျောင်းတက်ရတယ်ဆိုတာ သိပ်ပြီး ထိတ်လန့်စရာ ကောင်းနေတော့မှာ မဟုတ်ပါဘူးနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement