backup og meta

ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

    ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ် …. ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    မိုးရာသီ အစမှာ ကျောင်းတွေလည်းဖွင့်တော့မယ်ဆိုတော့ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ အဝတ်အစားအသစ်၊ ထီး၊ ဖိနပ်နဲ့ ထမင်းဘူး၊ရေဘူးတွေ ဝယ်ပေးတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်ရတော့မယ်ဆိုတော့ ကလေး တွေစိတ်အလှုပ်ရှားဆုံးအချိန်ပေါ့။ အိမ်ကနေ ခွဲခွာပြီးကျောင်းတက်ရတော့မှာဖြစ်လို့ ငိုယိုနေတဲ့ အိမ်ပျော်လေးတွေလည်း ရှိသေးတယ်။

    ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

    ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ် ဆိုတဲ့နေရာမှာ အခုမှကျောင်းစတက်မယ့် ကလေးတွေအတွက်စီစဉ်ရင်းနဲ့ ဖေဖေမေမေ တို့လည်း အလုပ်တွေရှုပ်နေမှာပါ။ ဒါပေမယ့် တခြားအရာတွေထက် အလေးထားသင့်တဲ့ တကယ်အရေးကြီးတဲ့အချက်ရှိနေသေးတာကို မမေ့လိုက်ပါနဲ့နော်။ အဲဒါကတော့ ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အစာအာဟာရ ပေးနိုင်ဖို့ပါ။

    အိမ်မှာရှိနေတုန်းတော့ အရိပ်တကြည့်ကြည့်နဲ့ ကျွေးလို့မွေးလို့ရနိုင်ပေမယ့် မိဘနဲ့ခွဲပြီးကျောင်းစတက်ရမယ့်ကလေးဟာ အရင်လောက် အာဟာရပြည့်ဝအောင် အစားဝင်နိုင်ပါ့မလား။ ထမင်းခွံ့မယ့်အမေ မပါတော့ မစားဖြစ်ရင် ဘယ်လိုလုပ်ပါ့မလဲတွေးပူကြပါလိမ့်မယ်။ သရေစာကြိုက်တဲ့ကလေးက မုန့်စားဆင်းချိန်မှာဘေးကင်းမကင်း မသိရတဲ့မုန့်တွေ ဝယ်စားရင်ရော။ ဒီလိုတွေတွေးပူမနေရဖို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေပြောပြမယ်နော်။

    အာဟာရပြည့်တဲ့ မနက်စာကျွေးပါ။

    မနက်စာကောင်းကောင်းစားတဲ့ ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်းပြီး ခွန်အားပြည့်ဝတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခွန်အားပြည့်ဝမှုအတွက် ကွေကာ၊ နို့၊ ကြက်ဥ၊ အသားနဲ့ငါး၊ပဲနို့တို့လို ပရိုတင်းဓာတ်ပါဝင်မှုများတဲ့မနက်စာပြင်ဆင်ပေးသင့်ပါတယ်။ ဥပမာ – ဆီမများတဲ့ ထမင်းကြော်၊ ကြာဇံကြော် ဒါမှမဟုတ်ပေါင်မုန့်ကြက်ဥကြော်၊ အာဟာရ၊ အသားညှပ်ပေါင်မုန့်နဲ့ နို့ ။

    ကျန်းမာရေးနဲ့ညီတဲ့ သရေစာမုန့်တွေ စီစဉ်ပေးလိုက်ပါ။

    ဆီမသန့်တဲ့ အာလူးကြော်တွေ၊ စံမမီတဲ့ မုန့်ပဲသရေစာတွေဝယ်စားမိတာမျိုး မဖြစ်စေဖို့ အသီးအနှံ လေးတွေကို ချစ်စဖွယ်ပုံဖော်လှီးဖြတ်ပေးလိုက်တာ၊ ကိုယ်တိုင်လုပ်ပေးတဲ့ မုန့်(ပူတင်း၊ ကိတ်မုန့်၊ စတာတွေ) နဲ့ အိုဗာတင်း/မိုင်လို တို့လို အာဟာရဖြစ်မယ့်သောက်စရာတစ်ခုခု သို့မဟုတ် အသီးဖျော်ရည် ဖျော်ပြီးထည့်ပေးလိုက်တာတွေ လုပ်ပေးသင့်ပါတယ်။

    ဒါပြီး ဒါပဲ အမြဲကျွေးမနေပါနဲ့။

    ကလေးအများစုက သူတို့ကြိုက်တဲ့အစားအစာဆို များများစားတတ်ပြီး မစားဖူးသေးတဲ့အရာတွေကိုခေါင်းခါတတ်ပါတယ်။ သိပ်မစားတော့မှာစိုးတာနဲ့ပဲ ဒီအချိန်ဆို အမြဲဒါပဲကျွေးတာမျိုးလုပ်ဖို့မလိုပါဘူး။ အပြောင်းအလဲလေးတွေ၊ အဆန်းအပြားလေးတွေ လုပ်ကျွေးပါ။ ဥပမာ အသားပေါင်းကြိုက်တဲ့ကလေးအတွက် မုန်လာဥနီထည့်ပြီးအသားပေါင်းပေးတာမျိုး အသီးအရွက် လေးတွေ မသိမသာထည့်ကျွေးပါ။ မုန့်ဆိုလည်း အိမ်သုံးမုန့်လုပ်နည်းလေးတွေကိုလေ့လာပြီး ကိုယ်တိုင်လုပ်ကျွေးပါ။ သူကြိုက်တတ်တဲ့မုန့်ထဲမှာ အာဟာရပြည့်မယ့်အရာတွေပြုပြင်ပေါင်းထည့်လို့ရတာပေါ့။

    အချိုရည်ဘူးတွေ တံဆိပ်မျိုးစုံ ဝယ်မတိုက်ပါနဲ့။

    ကလေးကြိုက်တတ်တဲ့ အချိုရည် တွေကို ကတ်လိုက်ဝယ်ထားပြီး တစ်နေ့တစ်ဗူးကျောင်းထည့်ပေးလိုက်တာမျိုးမလုပ်သင့်ပါဘူး။ တစ်ခါတလေက ကိစ္စမရှိပေမယ့်နေ့တိုင်းဆိုရင်ကောင်းကျိုးမရှိနိုင်ပါဘူး။ နေ့တိုင်းအတွက်ဆိုရင်တော့ ဒါတွေတိုက်မယ့်အစား အသီးအနှံတွေဝယ်ထားပြီး ကိုယ်တိုင် ကြိတ်ဖျော်တဲ့ဖျော်ရည်ထည့်ပေးတာမျိုး၊ အသီးဖျော်ရည်ဝယ်ပြီး အချိုပေါ့ပေါ့ ကိုယ်တိုင်ဖျော်ပေးလိုက်တာမျိုးက ပိုကောင်းပါတယ်။

    အချိုလုံးဝမစားနဲ့ဆိုတာမျိုး မပိတ်ပင်ပါနဲ့။

    မစားရဘူးဆို ပိုစားချင်တာမျိုးက ကလေးသဘာဝမို့ အတင်းမပိတ်ပင်ပါနဲ့။ သကြားဓာတ်က မလွန်ကဲဘူးဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်ပဲဆိုတော့ ကလေးစားမယ့်အစားအစာထဲမှာ အချိုမလွန်ကဲဘဲ ထိုက်သင့်သလောက်သာ ပါစေဖို့က မိဘတာဝန်ပါ။ ဆေးသကြားနဲ့ ဆိုးဆေးမပါတဲ့ သကြားလုံးလေးတွေ စည်းနဲ့ကမ်းနဲ့ကျွေးပါ။ သူကြိုက်တတ်တဲ့အစားအသောက်လေးတွေကျောင်းကိုထည့်ပေးလိုက်ပါ။ ကြိုက်တာလေးတွေစားရလို့ ကျေနပ်နေတဲ့ကလေးက အိမ်ကမုန့်တွေနဲ့ တူနေတဲ့ အပြင်စာကိုတောင့်တနေတော့မှာမဟုတ်ပါဘူး။

    ဆီကြော်အစားအစာတွေ၊ အချိုပွဲတွေ၊ အချိုရည်ဘူးတွေ၊ ပြုပြင်စီမံထားတဲ့အစားအသောက်တွေက ကလေးတွေမှာ စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ခြေတိုးစေပါတယ်။ တစ်နေ့ကို အချိုရည်လေးကြိမ်သောက်တဲ့ကလေးက စိတ်ကျရောဂါဖြစ်နိုင်ခြေများစေတယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖင်းကလည်း ဒီအတိုင်းပါပဲ။

    ကလေးရဲ့ ကျောင်းသားဘဝ စစချင်းမှာ ဘေးကင်းကျန်းမာအောင် အခုလိုကြိုးစားစီစဉ်ပေးမယ်ဆိုရင် ရောဂါဘယကင်းဝေးပြီး စာတော်ထက်မြက်တဲ့ သားသမီးရတနာလေးတွေအဖြစ် ကြီးပြင်းလာမှာသေချာပါတယ်။ အလေ့အကျင့်ကောင်း တွေ ရသွားပြီဆိုရင်နောင်အသက်ကြီးလာတဲ့အခါလည်း ကျန်းမာရေးနဲ့ညီအောင် စားသောက်နေထိုင်နိုင်ကြမှာပါ။ ဒါ့ကြောင့် ဖယောင်းရုပ်လေးတွေကို ဉာဏ်ရှိရှိနဲ့ ပုံသွင်းပေးရမှာ မေမေတို့တာဝန်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement