backup og meta

သင့်မှာရော ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်းတွေ ရှိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာရော ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်းတွေ ရှိနေပြီလား

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကဲခြင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

    သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။

    စိုးရိမ်ပူပန်လွန်ကဲခြင်းရဲ့ ရောဂါလက္ခဏာများ

    ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့

    ၁။ လိုတာထက်ပိုပြီး စိတ်ပူပန်သောကရောက်မယ်။

    ကိုယ့်စိတ်ကို ထိခိုက်စေမယ့် ကိစ္စတစ်ခု၊ စိတ်ညစ်စရာတစ်ခု ရှိတယ်ဆိုကြပါစို့။ ဘာမှမဟုတ်တဲ့ ကိစ္စလောက်လေးကြောင့် အနည်းငယ်လောက်ပဲ စိုးရိမ်နေရမယ့်အချိန်မှာ ကိုယ်က အရမ်းတွေ ပူလောင်နေရပြီ။ အတွေးထဲမှာလည်း စိုးရိမ်စိတ်တွေ ပြည့်နှက်နေပြီး ဖြစ်မလာသေးတဲ့ အနာဂတ်တစ်ခုကို ပုံကြီးချဲ့တွေးနေတတ်တဲ့ လက္ခဏာမျိုးကို တွေ့ရပါတယ်။

    ၂။ ထိန်းမရအောင် စိတ်လှုပ်ရှားနေမယ်။

    စိတ်ပူပန်နေပြီဆိုရင် ကိုယ့်နှလုံးခုန်သံ အရမ်းမြန်နေတာကို တော်တော်များများ သိကြမှာပါ။ အဲ့လိုပါပဲ၊ ဒီလိုမျိုး စိတ်က စိုးရိမ်ပူပန်လွန်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်ကို မောင်းတင်အလုပ်လုပ်ခိုင်းသလို ဖြစ်သွားပြီး နှလုံးခုန်နှုန်းမြန်တာ၊ လက်ဖဝါး ချွေးစေးပြန်တာ၊ ကိုယ်လက်တွေ တုန်လာတာ၊ သွေးတွေဆူပွက်လာတာ၊ ခံတွင်းခြောက်လာတာ၊ လက်ရှိရောက်နေတဲ့ နေရာကနေ တစ်နေရာကို ပြေးထွက်သွားချင်တာ စတဲ့ လက္ခဏာတွေ ချက်ချင်းဆိုသလို တစ်ခုပြီးတစ်ခု ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အကြား၊ အမြင်၊ အထိအတွေ့ ခံစားသိဖို့ အရမ်းလွယ်ကူသွားနိုင်ပါတယ်။

    ၃။ အိပ်စက်အနားယူလို့ မရတော့တာ။

    လူက စိုးရိမ်နေတဲ့အချိန် ဦးနှောက်က ဆက်တိုက်ဆိုသလို အလုပ်လုပ်နေပြီး ခန္ဓါကိုယ်ကို နိုးကြားတက်ကြွစေဖို့ ဟော်မုန်းတွေ အဆက်မပြတ်ထုတ်လွှတ်နေပါတယ်။ ဒီအခါ ဦးနှောက်ထဲမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး မျက်လုံးက အိပ်စက်အနားယူချင်စိတ် ပျောက်နေတဲ့အထိ အတွေးတွေ များနေနိုင်ပါတယ်။ ဒါ့အပြင် မတော်တဆ အိပ်ပျော်သွားခဲ့ရင်တောင် မသိစိတ်ထဲထိ စိုးရိမ်ပူပန်စိတ်တွေ ဝင်လာပြီး အိပ်နေရင်း လန့်နိုးတာ၊ အိပ်မက်ဆိုးမက်တာ၊ ချွေးစေးပြန်တာ စတာတွေပါ ဖြစ်နိုင်ပါတယ်။

    ၄။ မောပန်းလွယ်ခြင်း

    မကြာခဏ စိုးရိမ်ပူပန်နေတတ်တဲ့သူတွေကို အပြင်ပန်းက ကြည့်လိုက်ရင် မောပန်းနွမ်းနယ်နေတဲ့ပုံပေါက်သလို သူတို့ကိုယ်တိုင် စိတ်ထဲမှာလည်း အမြဲလိုလို ပင်ပန်းနေတတ်ပါတယ်။ ပြောရမယ်ဆိုရင် ရင်ထဲမှာရှိနေတဲ့ အပူလုံးက မကျမချင်း စိုးရိမ်ပူပန်နေရတဲ့ စိတ်က လူကို တောက်လျှောက်ဒုက္ခပေးနေတာပါ။

    ၅။ ဘာကိုမှ အာရုံစူးစိုက်လို့မရတော့တာ

    ကိုယ့်မှာ စိတ်ညစ်စရာကိစ္စတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ဦးနှောက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာရယ်၊ သူ့ရဲ့နောက်ဆက်တွဲအရာတွေကို ကြိုတွေးပြီး စိတ်ပူရတာရယ်၊ တခြားစိတ်ညစ်စရာတွေကိုပါ လျှောက်တွေးရင်းနဲ့ တစ်ယောက်တည်း ဗျာများနေတော့ တခြားလုပ်နေကျအရာတွေပေါ် အာရုံစူးစိုက်လို့မရတဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

    ၆။ ဒေါသထွက်လွယ်ခြင်း

    ကိုယ့်စိတ်မှာ သောကအပူနဲ့ လောင်နေတဲ့အချိန် ဘေးမှဖြစ်နေတဲ့ကိစ္စအားလုံးကို စိတ်လည်း မဝင်စားတော့သလို စိတ်တိုစိတ်ဆတ်လည်း လွယ်လာပါတယ်။ ဥပမာ ကောင်းကောင်းပြောရုံနဲ့ ပြေလည်သွားနိုင်လောက်တဲ့ ကိစ္စတစ်ခုမှာ ကိုယ့်စိတ်နဲ့ကိုယ် ညစ်နေတာမို့ ဒေါသစိတ်တွေက ပိုဝင်လာပြီး သေးတဲ့အမှုကြီးအောင် လုပ်လိုက်မိသလို ဖြစ်သွားတတ်ပါတယ်။

    ၇။ ကြွက်သားတွေ ကိုက်ခဲနာကျင်နေမယ်။

    လက္ခဏာတော်တော်များများက စိုးရိမ်ပူပန်တဲ့စိတ် ဝင်လာပြီဆိုတာနဲ့ တစ်ခုပြီး တစ်ခုဆက်စပ်ရင်းဝင်လာတတ်တာ သဘာဝပါပဲ။ စိတ်ကလည်း ညစ်နေတယ်၊ ဦးနှောက်ကလည်း ခါတိုင်းထက် ပိုအလုပ်လုပ်နေတယ်၊ နှလုံးကလည်း တဒုတ်ဒုတ်နဲ့ အချိန်ပြည့်ခုန်နေတော့ ကိုယ်ခန္ဓါမှာရှိတဲ့ ကြွက်သားတွေက ညောင်းကိုက်နေတော့မှာပါ။

    ၈။ အသိစိတ်လွတ်ထွက်သွားတာ

    Panic Attack လို့လည်း လူသိများပြီး အရမ်းစိတ်ပူပန်၊ စိတ်ညစ်၊ စိတ်ဖိစီးနေတဲ့သူအများစုမှာ တွေ့ရတတ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဘယ်လိုမှသည်းခံလို့မရတော့တဲ့အဆုံး ကိုယ့်စိတ်က လုံးဝလွတ်ထွက်သွားပြီး လုပ်မိလုပ်ရာ လျှောက်လုပ်မိလိုက်တာပါ။ ဥပမာ ပြောရရင် တအားစိတ်မွန်းညစ်ကြပ်ပြီး အာခေါင်ကုန်းခြစ် အော်ချလိုက်တာ၊ အကြောက်လွန်ပြီး ထိတ်လန့်တုန်လှုပ်နေတာ၊ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်ထဲမှာပြည့်ကျပ်နေပြီး တစ်ခုခုတစ်နေသလို ခံစားရတာ၊ မူးဝေအော့အန်တာ၊ တစ်ကိုယ်လုံးတုန်နေတာ စတဲ့ လက္ခဏာမျိုးတွေ တွေ့ရတတ်ပါတယ်။

    ၉။ လူတွေနဲ့ စကားပြောဆက်ဆံချင်စိတ် မရှိတော့တာ

    ကိုယ့်အပူနဲ့ ကိုယ်ညစ်နေတဲ့အခါမျိုးမှာ တခြားဘယ်သူနဲ့မှ စကားပြောချင်စိတ်၊ ရယ်မောလိုစိတ်တွေ မရှိတော့ဘဲ သူတို့နဲ့ဝေးတဲ့နေရာမှာပဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်ရင်း ကိုယ်တစ်ယောက်တည်း ဆွေးနေတတ်တာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် လူကြောက်တတ်တဲ့သူတွေမှာဆိုရင် လူတွေနဲ့ကင်းရာမှာ တစ်ယောက်တည်းနေတတ်တာ၊ ကိုယ့်ပုံစံကို တခြားတစ်ယောက်က ဝေဖန်မှာ၊ ကဲ့ရဲ့မှာ အကြောက်လွန်သွားတဲ့အတွက် ခပ်ဝေးဝေးမှာပဲ ဖာသိဖာသာနေတတ်ကြပါတယ်။

    ၁၀။ ပုံမှန်မဟုတ်တဲ့ ကြောက်ရွံ့မှုများ

    စိတ်ညစ်နေတဲ့ လူတစ်ယောက်ရဲ့ အတွေးထဲကို ဝင်ကြည့်လို့ရမယ်ဆိုရင် အတွေးပေါင်းသောင်းခြောက်ထောင်ကြားမှာ အသိစိတ်က ပိတ်မိနေတာကို မြင်ရမှာပါ။ များသောအားဖြင့် ဒီလိုမျိုးဖြစ်နေတဲ့အချိန် ကြောက်စိတ်တွေက ပိုဝင်လာနိုင်ပါတယ်။ ဥပမာ နဂိုကြောက်တတ်တဲ့အရာတစ်ခုကို ကိုယ်ကစိတ်ညစ်နေတဲ့အချိန် တွေ့လိုက်တဲ့အခါ ပိုပြီးအကြောက်လွန်သွားတတ်တာမျိုးပေါ့။ ကြောက်စိတ်ပြင်းထန်လွန်းတာကြောင့် ကိုယ့်စိတ်ကိုတောင် ထိန်းချုပ်လို့မရတော့ဘဲ လုပ်မိလုပ်ရာ လုပ်ချလိုက်တဲ့အမူအရာတွေလည်း တွေ့ရပါတယ်။

    စိုးရိမ်ပူပန်လွန်ကဲခြင်းကို ဘယ်လိုဖြေဖျောက်ကြမလဲ။

    လူကျန်းမာချင်ရင် အာဟာရရှိတဲ့ အစားအစာ များများစားပေးဖို့ လိုအပ်သလို စိတ်ဓါတ်ကြံ့ခိုင်အောင်လည်း ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။

    • တစ်နေ့တာအာဟာရကို ပြည့်ဝစုံလင်စွာ စားပေးပါ။
    • ညအိပ်မပျော်စေတဲ့ ကဖင်းဓါတ်ပါတဲ့ အအေးတွေ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်တွေ ရှောင်ပါ။
    • တစ်နေ့ ညအိပ်ချိန် ၇နာရီအနည်းဆုံးရှိပါစေ။
    • လှုပ်လှုပ်ရှားရှားနဲ့ တက်တက်ကြွကြွနေပါ။
    • တရားထိုင်ပါ။
    • ယောဂကျင့်ပါ။
    • စိတ်ကဖြူစင်အေးချမ်းအောင် ထားပါ။
    • ဖြစ်လာသမျှ အရာတွေကို အကောင်းဘက်ကနေ ဖြည့်တွေးကြည့်ပါ။
    • အကျိုးရှိလို့ အကြောင်းဖြစ်လာတယ်လို့ သဘောထားပါ။

    ဒီဆောင်းပါးကို သေချာဖတ်ကြည့်ပြီး လိုက်နာရင်း အားလုံးပဲ စိတ်ရောကိုယ်ပါ အေးချမ်းသာယာတဲ့ ဘဝလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement