backup og meta

ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ

    ဦးနှောက်မှာ အာရုံကြောဆဲလ်အသစ်တွေဖြစ်ပေါ်လာနေမှုနဲ့အတူလူသားတွေရဲ့ ဦးနှောက်ဟာ ကလေးဘဝအရွယ်မှာကတည်းက အကြီးအကျယ်စတင်ဖွံ့ဖြိုးနေပါပြီ။ ဒီဖွံ့ဖြိုးမှုဖြစ်စဉ်က ကလေးဘဝ တလျှောက်လုံးဖြစ်ပေါ်နေတာဖြစ်ပြီး ကလေးဘဝမှ ာဖြစ်ပေါ်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက်ကြီးလာတဲ့အခါမှာ သက်ရောက်မှုအများကြီးဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ

    ကလေးတွေကို သူတို့ငယ်စဉ်အရွယ်ကနေစလို့ ချစ်ခင်မှုတွေပေးမယ်၊ ဘာသာစကားတွေကြွယ်ဝစေမယ့် အတွေ့အကြုံတွေရရှိစေမယ်ဆိုရင် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ပိုမိုကောင်းမွန်မှာဖြစ်သလို ဘာသာစကားကြွယ်ဝမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့ အစီအစဉ်ချမှတ်နိုင်စွမ်းတွေရရှိစေနိုင်မှာဖြစ်ပါတယ်။

    ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးနိုင်မယ့် လှုပ်ရှားမှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

    မမွေးဖွားခင်ကတည်းက ဂရုစိုက်ပါ။

    ကိုယ်ဝန်ဆောင်ကာလကတည်းက ကျန်းမာအောင်နေပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။ ဆေးဝါးအချို့က ကလေးဦးနှောက်ကို ထိခိုက်စေတာမျိုးတွေရှိတတ်တာကြောင့် ဆေးဝါးသောက်သုံးတဲ့အခါ ဂရုစိုက်ရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလေးအများစုကမိခင်ဝမ်းအတွင်းရှိနေစဉ် မိခင်တွေရဲ့ဆေးတွေသောက်သုံးမှုကြောင့် သင်ယူမှုအပိုင်းမှာထိခိုက်တာမျိုးတွေကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆေးလိပ်သောက်သုံးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး ကလေးငယ်ရဲ့ စာဖတ်နိုင်စွမ်းနဲ့လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။

    ကလေးကို စကားပြောရင် အဓိပ္ပါယ်ပြည့်ပြည့်စုံစုံပြောပါ။

    ကလေးကို စကားပြန်ပြောတဲ့အခါ ညင်ညင်သာသာနဲ့ နှစ်လိုဖွယ်ဖြစ်တဲ့ အသံမျိုးနဲ့ပြောပါ။ စကားကို အသံပီပီသသပြည့်ပြည့်စုံစုံပြောပေးပါ။ ချီးမွမ်းစကားပြောဆိုတာ၊ ကျေးဇူးတင်စကားပြောဆိုတာတွေ လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးငယ်ရဲ့ ဦးနှောက်အစိတ်အပိုင်းတွေက ဘာသာစကားတွေကိုလေ့လာသင်ယူမှုမြန်ဆန်မှာဖြစ်ပြီးမြန်မြန်ဆန်ဆန်လည်း စကားပြောလာနိုင်ပါလိမ့်မယ်။

    လက်တွေ့ အသုံးပြုရတဲ့ ကစားနည်းတွေ ကစားပေးပါ။

    patty-cake လို့ခေါ်တဲ့ လက်ဝါးလေးချင်း စည်းချက်ညီညီရိုက်ပြီး ကစားရတဲ့ကစားနည်းမျိုး၊ မျက်နှာကို လက်နဲ့အုပ်ပြီး ကစားရတဲ့ တူတူရေဝါးကစားတာမျိုး၊ ကလေးတွေကို ရေချိုးပေးရင်းဖြစ်ဖြစ် အဝတ်လဲပေးရင်းဖြစ်ဖြစ် ခြေချောင်းလက်ချောင်းလေးတွေကို သန်စွမ်းစေအောင် နှိပ်ပေးသလိုမျိုး သီချင်းဆိုရင်း ကစားပေးရတဲ့ little piggy လိုမျိုး လက်ချောင်းလေးတွေကို အသုံးပြုရတဲ့ကစားနည်းလေးတွေကို ကစားပေးပါ။ ကလေးငယ်လေးတွေက ဒီလိုမျိုး စည်းချက်မှန်မှန်ကစားရတဲ့ ကစားနည်းတွေကို သင်ယူရာမှာ တုံ့ပြန်မှုကောင်းမွန်ပါတယ်။ ဒါက သူတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုအပေါ်လည်း သွားပြီးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။

    ကလေးကို အာရုံစိုက်မှုပေးပါ။

    ကလေးက တစ်ခုခုကိုညွှန်ပြနေတဲ့အခါမျိုးမှာသေချာဂရုစိုက်ကြည့်ပေးပါ။ သူတို့လေးတွေပြသနေတဲ့ ပစ္စည်းတွေ (သို့မဟုတ်) အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တစ်ခုခုပြောပေးပါ။ ဒီလိုမျိုး လုပ်ပေးခြင်းဖြင့် သင့်ကလေးကို သင့်အနေနဲ့ သူစိတ်ဝင်စားတဲ့အကြောင်းအရာကို အလေးထားတယ်ဆိုတာနဲ့ သူ့အပေါ်ဘယ်လောက်ထိအလေးထားကြောင်းကိုပြသပေးရာရောက်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့လေးတွေရဲ့ စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုအားကောင်းအောင် အထောက်အကူဖြစ်စေပါတယ်။

    စာအုပ်တွေအပေါ်စိတ်ဝင်စားလာအောင် ငယ်ငယ်ကတည်းက ပျိုးထောင်ပေးပါ။

    အရောင်အသွေးစုံပြီး ရုပ်ပုံကြီးကြီးမားမားတွေပါဝင်တဲ့ စာအုပ်တွေကိုရွေးပြီး ကလေးနဲ့အတူတူဖတ်ပါ။ လက်ညှိုးတွေနဲ့ထောက်ပြရင်း ကလေးနဲ့ အကြိုက်ချင်းဖလှယ်ပါ။ ရုပ်ပုံတွေကြည့်ရင်း ပုံထဲမှာပါတဲ့ အကောင်လေးတွေအတိုင်း အသံတူလုပ်ပြီးအော်တာမျိုးလုပ်ပေးပါ။ ကလေးကို စာအုပ်တွေအကြောင်းပြန်ပြောပြခိုင်းပါ။ ဒီလိုလုပ်ပေးတာက ကလေးကို စကားလုံးတွေကို နားလည်သွားစေနိုင်ပါတယ်။

    ကလေးငိုတဲ့အခါ ချက်ချင်း အာရုံစိုက်ပေးပါ။

    ကလေးကို နှစ်သိမ့်တာ၊ချော့မြူတာနဲ့အားပေးတာတွေက ဦးနှောက်ထဲမှာရှိတဲ့ စိတ်ခံစားမှုနဲ့ ပတ်သက်နေတဲ့ ဧရိယာထဲမှာ အပြုသဘောဆောင်တဲ့ဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတာကြောင့် ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

    ယုံကြည်မှုတည်ဆောက်ပေးပါ။

    ကလေးတွေနဲ့အတူ အသစ်အဆန်းတွေကို စူးစမ်းတာ၊ သင်ယူတာ နဲ့လေ့လာမှုတွေအတူလုပ်ပြီး ယုံကြည်မှုတည်ဆာက်တာက ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိစေနိုင်မှာဖြစ်တဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

    အတူတူစာဖတ်ပေးပါ။

    ကလေးနဲ့အတူ စာဖတ်တာက ကလးရဲ့ဦးနှောက်စွမ်းရည်ကိုတိုးတက်စေရာမှာ အရေးပါပါတယ်။ ကလေးကို ဘာသာစကားစွမ်းရည်ကြွယ်ဝစေနိုင်တဲ့အပြင် စကားလုံးတွေပါ ကြွယ်ဝစေမှာပါ။ မိဘတွေနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေလုပ်ရင်း နားလည်းနိုင်မှု ပိုင်းမှာလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

    အပြုသဘောဆောင်တဲ့ စည်းကမ်းတွေထားရှိပေးပါ။

    ကလေးကိုကြောက်ရွံတာတွေ၊ အရှက်ရစေတာမျိုးတွေ မဖြစ်စေနိုင်တဲ့ စည်းကမ်းတွေချမှတ်ပါ။ တကယ်လို့များ ကိုယ့်ကလေးက အခြားကလေးကိုရိုက်လိုက်တာမျိုးနဲ့ကြုံရင် ကလေးကို အသံမာမာနဲ့မပြောဘဲ စည်းကမ်းတွေအကြောင်းကို သေသေချာချာပြန်ပြောပြပေးပါ။ ကလေးအသက်အရွယ်နဲ့ကိုက်ညီမယ့် ရိုးစင်းပြီး ကျိုးကြောင်းဆီလျော်တဲ့ စည်းကမ်းမျိုးတွေကိုပဲသတ်မှတ်ဖို့ သတိရပါ။

    ကလေးကို ချစ်ခင်ကြောင်းပြသပေးပါ။

    ကိုယ့်ရဲ့ ကိုယ်ဟန်အမူအရာ၊တောက်ပတဲ့ မျက်လုံးတွေနဲ့ ကလေးရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ အာရုံစိုက်တာ၊ ညင်ညင်သာသာထွေးပွေ့မှုတွေ နဲ့ အပြုံးတွေက ကလေးငယ်ကိုချစ်ခင်ကြောင်းပြသနိုင်ပါတယ်။

    သရုပ်ဆောင် ကစားနည်း ကစားပေးပါ။

    ကလေးငယ်တွေမှာ ကြီးမားတဲ့ စိတ်ကူးတွေရှိနေတတ်ပါတယ်။ သူတို့ကိုယ် သူတို့ ကောင်းဘွိုင်တွေလို၊ စူပါဟီးရိုးတွေလိုမျိုး သရုပ်ဆောင်ပြီးကစားတာမျိုး မင်းသမီးလေးတွေလိုမျိုး သရုပ်ဆောင်ပြီး ကစားတာမျိုးတွေလုပ်တတ်ကြပါတယ်။ သူတို့စိတ်ကူးထဲကအတိုင်း ခံစားပြီး သရုပ်ဆောင်ကစားတတ်ကြပါတယ်။ ဒီလိုမျိုးကစားတာက ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို အထောက်အပံ့ပေးနိုင်ပါတယ်။

    ဂိမ်းတွေ၊ ပဟေဠိတွေကစားပေးပါ။

    ရုပ်ပိုင်းဆိုင်ရာအရ လှုပ်ရှားနေရတဲ့ စိန်ပြေးတမ်းကစားတာ၊ရွှေစွန်ညိုကစားတာလိုမျိုး ကစားနည်းတွေကို ကစားပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကစားနည်းတွေက ကလေးငယ်တွေကို လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကောင်းမွန်စေပါတယ်။ ဒီလိုမျိုး ကစားနည်းတွေကစားတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတွေကို မှတ်မိနေအောင်လုပ်ဆောင်ရတာက ဦးနှောက်ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်သလိုဖြစ်စေပါတယ်။ ကိုယ်ခန္ဓါလှုပ်ရှားရတဲ့ ကစားနည်းက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်ပါတယ်။ ပဟေဠိတွေဖြေတာကလည်း ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးပါတယ်။

    ကလေးကို လွတ်လွတ်လပ်လပ်ပေးကစားပါ။

    ကလေးကို သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ်ပေးကစားပါ။ သူတို့ကို စိတ်ကြိုက် ကစားချိန်ပေးထားပါ။ အရမ်းကြီးထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ အရမ်းထိန်းချုပ်တာက ကလေးရဲ့ ဖန်တီးနိုင်စွမ်း၊ခေါင်းဆောင်နိုင်မှုအရည်အသွေးနဲ့ အုပ်စုလိုက်ဆောင်ရွက်နိုင်စွမ်းတို့ကို ဆုံးရှုံးစေနိုင်ပါတယ်။ ကလေးကို သင်တန်းတွေ အများကြီးတက်ခိုင်းတာမျိုးတွေ မလုပ်မိဖို့ကလည်း အရေးကြီးပါ။

    တစ်ခုခုလုပ်ဖို့ရွေးလိုက်တိုင်း ကလေးပျော်ရွှင်စေမယ့် နည်းလမ်းဖြစ်ပါစေ။ ကလေးကိုဖိအားပေးတာမျိုးမဖြစ်စေမယ့် နည်းလမ်းမျိုးကိုရွေးချယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement