backup og meta

ကလေးတွေကို ချီးကျူး ရင် ရောင့်တက်လာမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ချီးကျူး ရင် ရောင့်တက်လာမှာလား

    မြန်မာနိုင်ငံမှာ ကလေးကို ချီးကျူး တဲ့ အလေ့အထဆိုတာ မရှိသလောက်ပါပဲ။ အပြစ်တွေ့ရင်သာ ဆူခံရတာ၊ ကောင်းတာလုပ်ရင် ချီးကျူးခံရတာ ရှားပါတယ်။ အကြောင်းပြချက်က ရောင့်တက်လာလိမ့်မယ်ဆိုတာကြောင့်ပါ။ ချီးကျူးခံရတဲ့ ကလေးက ရောင့်တက်တတ်သလား။

    ကလေးတွေကို ဘာကြောင့် ချီးကျူး ဖို့ လိုအပ်တာလဲ။

    ကလေးတွေကို ချီးကျူး တဲ့အခါ ကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါတယ်။ ဒီယုံကြည်မှုဆိုတာက ကလေးဘဝတိုးတက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ကလေးဆိုတာ စူးစမ်းတတ်တဲ့ အရွယ်ဖြစ်လို့ အမှားရော အမှန်ရော လုပ်မိနိုင်ပါတယ်။ ချီးကျူးပေးတာက သူလုပ်လိုက်တာ အမှန်ဆိုတာ ပြောပြရာ ရောက်ပါတယ်။

    တစ်ခုခု လုပ်လို့ ကျရှုံးခဲ့ရင်တောင် နည်းမှန်မှန်နဲ့ ချီးကျူးမယ်ဆိုရင် နောက်တစ်ခါ ထပ်လုပ်ဖို့ အင်အားရစေပါတယ်။ လုပ်နိုင်တဲ့အခါ ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ဒီလိုနဲ့ပဲ ကလေးက တစ်ခုခုဆို အကောင်းဆုံး ကြိုးစားချင်စိတ် ဖြစ်လာပါတယ်။

    မချီးကျူးတဲ့အခါကျတော့ ကလေးက စမ်းတဝါးဝါး လုပ်နေရပါတယ်။ မှားရင်လည်း ဆူခံရမှာကိုး။ တစ်ခုခုဆို လူကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲ ကြည့်နေရတဲ့အတွက် ကြောက်စိတ်ပဲ ဖြစ်လာပါတယ်။ တစ်ခုခု လုပ်လို့ မအောင်မြင်တဲ့အခါ ဆူခံရတဲ့အတွက် ကလေးက နောက်ထပ်ကြိုးစားချင်စိတ်လည်း မရှိတော့ပါဘူး။ မလုပ်နိုင်ရင် ထပ်ဆူခံရမှာကိုး။

    အချီးကျုး မခံဘူးတဲ့ ကလေးက ကြီးလာရင် သူများကိုလည်း မချီးကျုးတတ်တော့ပါဘူး။ အပြစ်ပဲ လိုက်ရှာတတ်ပါတယ်။ ဒါကလည်း အငုံ့စိတ်တစ်မျိုးပါပဲ။

    မြင်သာအောင် ပြောရရင် ဒီကကလေးတွေက စာသင်ခန်းထဲမှာ မေးခွန်းထမမေးရဲကြပါဘူး (ကိုယ်အပါအဝင်ပါပဲ)။ မေးလို့ မှားသွားရင် ဒါလေးတောင် မသိဘူးလား။ ညံ့လိုက်တာလို့ ပြောခံရတာကိုး။ အခန့်မသင့်ရင် ဆရာမကို ကာပြန်တယ်လို့တောင် ဆူခံရသေး။ ဘယ်သူကမှ မချီးကျူးတဲ့အတွက် ကလေးက သူသိသင့်တာကို မသိတော့ပါဘူး။ အလုပ်ခွင်ထဲရောက်တဲ့အထိ ပြောရဲ ဆိုရဲ မရှိတော့ပါဘူး။ ဒါက ဥပမာတွေ အများကြီးထဲက တစ်ခုပါ။

    ချီးကျုး ခံရတဲ့ ကလေးက ရောင့်တက်နိုင်သလား။

    ဒါကတော့ ချီးကျူးတဲ့ ပုံစံပေါ် မူတည်ပါတယ်။ ကလေး ဘာလုပ်လုပ် ကောင်းတယ်လို့ ပြောတာ၊ အလွန်အကျွံချီးကျူးတာတွေကတော့ ကလေးကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လုံးဝမချီးကျူးတာနဲ့ အလွန်အကျွံချီးကျူးတာကြား ဖြစ်အောင် မိဘတွေက လေ့လာထားသင့်ပါတယ်။ အလွန်အကျွံချီးကျူးမိတဲ့အခါကျတော့ ကလေးက

    -သူသည်သာ အတော်ဆုံး၊ ဘာလုပ်လုပ် ချီးကျူးခံရတယ်ဆိုပြီး သွေးနားထင်ရောက် တစ်ကိုယ်ကောင်းဆန်လာပါတယ်။

    -နည်းနည်းလေး လုပ်ပြလိုက်တာနဲ့ ချီးကျုးခံရတဲ့အတွက် တစ်ခုခုဆို ကြိုးစားချင်စိတ် နည်းသွားပါတယ်။

    -စိတ်ရင်းထဲက မပါဘဲ နှုတ်ဖျားလေးနဲ့ ချီးကျုးပြတဲ့အခါ ကလေးက သိပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ဝတ်ကျေတန်းကျေပဲ ပြောနေကြတယ်ဆိုပြီး စိတ်ညစ်လာပါတယ်။

    မှန်မှန်ကန်ကန် ဘယ်လို ချီးကျူးကြမလဲ။

    • တိတိကျကျ ပြောပါ။

    တော်လိုက်တာလို့ပဲ ပြောမယ့်အစား ဘာကို ဘယ်လိုလုပ်လိုက်တာ သိပ်တော်တာပဲလို့ ပြောပေးပါ။ ဒီလို တိတိကျကျ ပြောပေးတာက သူလုပ်တာ ဘယ်ဟာအမှန်လဲဆိုတာ သိသာစေပါတယ်။ ကလေးက မိဘတွေရဲ့ အရိပ်အကဲကို ကြည့်နေတယ်ဆိုတာ မမေ့ပါနဲ့။

    • ရိုးသားပါ။

    ကလေးတွေကို ပြီးပြီးရော မ ချီးကျူး ပါနဲ့။ စိတ်ထဲက ပါလား၊ မပါဘူးလားဆိုတာ ကလေးတွေက သိပါတယ်။ စိတ်မပါဘဲ ပြောပါများလာရင် ကလေးက မယုံတော့ပါဘူး။ ပိုဆိုးတာက နောက်ပိုင်း ဘာပြောပြော မယုံတော့တာပါ။ သင်ဘာပြောပြော လိမ်နေတယ်လို့ပဲ ထင်နေတော့မှာပါ။

    • သင်ယူမှု အသစ်တွေကို အားပေးပါ။

    စက်ဘီးစီးသင်တာ ဖြစ်ဖြစ်၊ ပန်းချီဆွဲသင်တာ ဖြစ်ဖြစ် သူတစ်ခုခု သင်ချင်တာရှိတဲ့အခါ အားပေးကူညီပါ။ အမှားလုပ်မိမှာ မကြောက်အောင် သင်ပေးပါ။ အမှားလုပ်မိတိုင်း ဆူနေတာက ကလေးကို သင်ယူချင်စိတ် နည်းစေပါတယ်။

    • အလွန်အကျွံ မဖြစ်ပါစေနဲ့။

    ကလေးက တော်လိုက်တာ၊ လှလိုက်တာ၊ လိမ္မာလိုက်တာ စသဖြင့် ကြုံတိုင်းချီးကျူးနေတာမျိုးပေါ့။ ကိုယ့်သားသမီးမို့လို့၊ ကိုယ့်မြေးမို့လို့ အကောင်းမြင်ပြီး ချစ်ပေးတာ မှန်ပေမယ့် ဒီလို စကားတွေ ခဏခဏ ကြားလာရတဲ့အခါ ကလေးက မဖြုံတော့ပါဘူး။

    • အသိအမှတ်ပြုပါ။

    အသိအမှတ်ပြုတဲ့အနေနဲ့လည်း ချီးကျူးနိုင်ပါတယ်။ ရလဒ်ထက် ကြိုးစားမှုကို အသိအမှတ်ပြုတာက ကလေးကို ပိုကြိုးစားချင်စိတ်ပေါက်စေပါတယ်။ ရှုံးနိမ့်တိုင်းမှာ ပြန်ထနိုင်ဖို့ အားအင်ပေးနည်းတစ်မျိုးပါပဲ။

    • စွမ်းဆောင်ရည်ကိုပဲ ကြည့်ပါ။

    အဆင့် ၁ရမှ ချီးကျူး ရမယ် မဟုတ်ပါဘူး။ အဆင့် ဘယ်လောက်ပဲဖြစ်ဖြစ် သူတကယ်ကြိုးစားခဲ့တယ်ဆိုရင် ဒါကို ချီးကျူးပေးရမှာပါ။ နာမည်ကြီး ကျော်ကြားတဲ့ အားကစားသမားတွေ၊ အနုပညာရှင်တွေ အကုန်လုံးက မွေးရာပါ တော်လာကြတာ မဟုတ်ပါဘူး။ အမြဲတမ်းလည်း ၁ ရခဲ့တာ မဟုတ်ပါဘူး။ အမှန်တကယ်ကြိုးစားပြီး ဒီကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့၊ အားပေးတဲ့ ဆရာမိဘတွေ ရှိနေလို့ပါပဲ။

    ဒါကြောင့် ကလေးကို ချီးကျူးရင် ရောင့်တက်မယ်ဆိုတာနဲ့ မဖိနှိပ်ထားစေချင်ပါဘူး။ ချီးကျူးလိုက်တဲ့အခါ ကလေးက ဘယ်လောက်ပျော်သွားတယ်ဆိုတာကို တွေ့ဖူးပါသလား။ ဘာလုပ်လုပ် အဆူခံရတဲ့ ကလေးနဲ့ ချီးကျုးစရာရှိ ချီးကျူးခံရတဲ့ ကလေးက ကြာလာတာနဲ့အမျှ ကိုယ်ရည်ကိုယ်သွေး ကွာသွားမှာပါ။

    ဒါကြောင့် သတ္တိရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ ကလေးဖြစ်ဖို့ မိဘတွေက မှန်မှန်ကန်ကန် ချီးကျူးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement