backup og meta

ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင် တာကို မေမေတို့ သတိထားမိရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင် တာကို မေမေတို့ သတိထားမိရဲ့လား

    မိဘတွေဆိုတာကတော့ သားသမီးကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာ ဓမ္မတာပါပဲ။ ဒီလိုဂရုစိုက်နေရင်းနဲ့တောင်မှ ဖေဖေ၊ မေမေတို့ သတိမထားမိလိုက်တဲ့အချိန်ဆို ကလေးတွေ ဖျားတာ၊ နာတာ ဖြစ်သွားသေးတယ်မလား။ ခုလည်း ဒီလိုပါပဲ။ မေမေတို့ ဂရုစိုက်နေတဲ့ ကြားကနေ ကလေးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေနိုင် တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးမှာ ဖြစ်ပါတယ်။

    သံဓာတ်ချို့တဲ့တယ်ဆိုတာ

    သံဓာတ်က ကလေးရဲ့ ကျန်းမာရေးကောင်းဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့ရော လိုအပ်တဲ့ ဓာတ် တစ်ခုပါ။ ရှူသမျှ အောက်စီဂျင်ကို တစ်ကိုယ်လုံးကို သယ်သွားပေးနေတဲ့ သွေးနီဥမှာလည်း သူပါသလို ကြွက်သားတွေမှာ ရှိတဲ့ မိုင်ရိုဂလိုဘင်ဆိုတာလည်း သူပါပဲ။ ဒါကြောင့် သံဓာတ်ချို့တဲ့ရင် ဒီလုပ်ငန်းစဉ်တွေ ထိခိုက်တာကြောင့် ဖွံ့ဖြိုးရမယ့် ကလး၊ ကျန်းမာနေရမယ့် ကလေးက နေမကောင်းဖြစ်ပြီး သေးညှက်လာတာပေါ့။

    ကလေးက သံဓာတ်ချို့တဲ့နိုင်ခြေ ရှိသလား။

    ကလေးတွေမှာ မွေးကတည်းက သံဓာတ်အလုံအလောက်ပါပြီးသားပါ။ ဒါပေမယ့် ကလေးပုံမှန်အတိုင်း ကြီးထွားဖို့ဆိုရင် ကလေးရဲ့ သွေးထဲမှာ သံဓာတ်က ပမာဏတစ်ခု တည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုပါတယ်။

    ကလေးရဲ့ သံဓာတ်လိုအပ်ချက်ကလည်း အရွယ်ရောက်လာလေလေ များလာလေလေပါပဲ။ ဥပမာ ၁နှစ်ကနေ ၃နှစ်ကြား ကလေးတစ်ယောက်ဆိုရင် တစ်နေ့ကို ၇ မီလီဂရမ်လိုပါတယ်။ တချို့ကလေးတွေဆိုရင် လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ နေနေသာသာ အောက်မှာ ဆက်ပြောမယ့် အချက်တွေကြောင့် သံဓာတ်ချို့တဲ့လာပါတယ်။

    • မွေးတုန်းက လမစေ့၊ ပေါင်မပြည့်ဘဲ မွေးတာ
    • ကလေးအသက် ၁နှစ်မတိုင်ခင် နွားနို့တွေ၊ ဆိတ်နို့တွေ တိုက်တာ (နွားနို့တွေ၊ ဆိတ်နို့တွေမှာ သံဓာတ် အလုံအလောက် မပါပါဘူး)
    • ကလေး အသက် ၆လကျော်လာတဲ့အခါ မိခင်နို့ စို့တာ နည်းသွားပေမယ့် သံဓာတ်လိုအပ်ချက် ပြည့်မီအောင် ဖြည့်စွက်စာကို သေချာ မပြင်ပေးနိုင်တာ၊ သံဓာတ်မပါတဲ့ ဖြည့်စွက်နို့မှုန့်တိုက်တာ
    • ကလေးကိုယ်တိုင်က သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ (ဥပမာ အနီရောင် အသား၊ အစိမ်းရင့်ရောင် အရွက်)ကို မစားတာ
    • ကလေးက အဝလွန်နေတာ
    • ရောဂါတစ်ခုခု (ဥပမာ သွေးရောဂါ၊ သံဓာတ်မစုပ်ယူနိုင်တဲ့ရောဂါ) ရှိနေတာ

    မေမေတို့ကလေးက ဒီအချက်တွေ တော်တော်များများနဲ့ ကိုက်ညီနေမယ်ဆိုရင် သံဓာတ်ချို့တဲ့နိုင်ခြေများလို့ သေချာဂရုစိုက်သင့်ပါတယ်။

    ကလေးက သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေနိုင် တာကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။

    အတိကျဆုံး သိနိုင်တဲ့နည်းကတော့ သွေးစစ်တာ ဆိုပေမယ့် မေမေတို့အနေနဲ့ သံဓာတ်ချို့တဲ့တဲ့ လက္ခဏာကို သိထားမှ၊ သတိထားမိမှ ကလေးကို ဆေးစစ်ဖို့ ဆရာဝန်နဲ့ ပြဖြစ်မှာပါ။ နောက်တစ်ခုက သံဓာတ်ချို့တဲ့ရုံ သက်သက်နဲ့ လက္ခဏာ မပြတတ်ပါဘူး။ ချို့တဲ့ပြီး သွေးအားနည်းတော့မှ လက္ခဏာပြတတ်ပါတယ်။ လက္ခဏာတွေကတော့

    • ကလေးက ဖြူဖပ်ဖပ်လေး ဖြစ်နေမယ်။
    • အမောမခံနိုင်ဘူး။ သူများကလေးတွေလောက် ပြေးပြေးလွှားလွှား မဆော့နိုင်ဘူး။
    • ခြေဖျားလက်ဖျားလေးတွေက အမြဲလိုလို ဖြူဖျော့ပြီး အေးစက်စက် ဖြစ်နေမယ်။
    • ရွယ်တူကလေးတွေနဲ့ ယှဉ်ရင် ညှက်နေမယ်။ ရွယ်တူကလေးနဲ့မှ မဟုတ်ပါဘူး။ သူ့အသက်အလိုက် ရှိရမယ့် ကိုယ်အလေးချိန်၊ အရပ်တွေ ပြည့်မီခြင်း မရှိပါဘူး။
    •  အရင်ကနဲ့ မတူ အစားအသောက်တွေ ပျက်လာမယ်။
    • ထူးဆန်းတဲ့ အပြုအမူတွေ လုပ်မယ်။
    • ထူးထူးဆန်းဆန်းတွေ လျှောက်စားမယ်။ ( မြေကြီးတွေ ကောက်စားတာမျိုး၊ ရေခဲတုံးတွေ ဝါးတာမျိုး)
    • မကြာခဏဆိုသလို နေထိုင်မကောင်း ဖြစ်တာမယ် စတဲ့လက္ခဏာတွေ ရှိနေရင် မေမေတို့ ဆရာဝန်ဆီခေါ်သွားသင့်နေပါပြီ။

    ကလေး သံဓာတ်မချို့တဲ့အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

    အဓိကကတော့ ကလေးအရွယ်အလိုက် စားသောက်နေထိုင်ပုံကို ဂရုစိုက်ရမှာပါပဲ။ သတိထားသင့်တာကတော့

  • ကလေးကို ၅နှစ်အရွယ်လောက်အထိ နွားနို့၊ ဆိတ်နို့၊ ပဲနို့တွေ တရားလွန် မတိုက်ဖို့ပါပဲ။ တိုက်မယ်ဆိုလည်း တစ်နေ့ကို ၇၀၀ မီလီလီတာ ( ရေသန့်ဘူး တစ်လီတာဘူးရဲ့ ၃ပုံ ၁ပုံ)ထက် မများပါစေနဲ့။ ဒီနို့တွေသောက်ပြီး ဗိုက်ပြည့်သွားရင် တခြားအာဟာရနဲ့ သံဓာတ်ကြွယ်ဝတာတွေ မစားနိုင်တော့ပါဘူး။
  •  နေ့စဉ် ကျွေးတဲ့ ဖြည့်စွက်စာထဲမှာ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားတွေ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ ပါအောင် ကျွေးပေးပါ။ သံဓာတ်စုပ်ယူမှုကို အားကောင်းစေဖို့ ဗီတာမင် စီပါတဲ့ အသီးအနှံတွေလည်း ကျွေးပေးပါ။
  • ဖြည့်စွက်နို့မှုန့်တိုက်မယ်ဆိုလည်း သံဓာတ်ပါတာကို ရွေးချယ်ပြီးတိုက်ပါ။ တစ်နေ့ကို ၂ခွက်ကနေ ၃ခွက်အထိ တိုက်လို့ရပါတယ်။
  • လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်အားဆေးတိုက်နိုင်ပါတယ်။
  • နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကလေးမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့ လက္ခဏာတွေ ပေါ်လာရင် စောစောကုသမှု ခံယူဖို့ပါပဲ။ မဟုတ်ရင် နောက်ဆက်တွဲ အနေနဲ့ ကလေးက ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတာအပြင် အာရုံမစူးစိုက်နိုင်တာ၊ စာသင်ရခက်လာတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
  • ဒါကြောင့် မေမေတို့အနေနဲ့ ကလေးကို သံဓာတ်မချို့တဲ့အောင် နေထိုင်စားသောက်မှု ပုံစံကို ဂရုစိုက်သလိုမျိုးပဲ ရောဂါလက္ခဏာတွေကိုလည်း သတိထားစောင့်ကြည့်ပြီး တစ်ခုခု မူမမှန်တာနဲ့ ကလေးဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement