backup og meta

မိဘတွေ ရန်ဖြစ်ခြင်းက ကလေးတွေအပေါ် ဘယ်လို ထိခိုက်စေနိုင်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေ ရန်ဖြစ်ခြင်းက ကလေးတွေအပေါ် ဘယ်လို ထိခိုက်စေနိုင်သလဲ

    အတွဲတွေ ဘယ်လောက်ချစ်ချစ်၊ တစ်ခါတလေ သဘောထားမတိုက်ဆိုင်လို့ စကားများ၊ ရန်ဖြစ်ကြရတာမျိုးတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ မထူးဆန်းတဲ့ ကိစ္စပဲပေါ့။ ဒါပေမဲ့ ကလေးတွေ ရှိလာပြီဆိုရင်တော့ ပြောစရာတွေ ရှိလာပါပြီ။ မိဘတွေ ရန်ဖြစ်တာက ကလေးတွေကို ရိုက်နှက်နာကျင်နေတာမျိုး မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ ဘာကြောင့်လဲ။

    (၆) လအရွယ် ကလေးတွေကစပြီး အသက် (၁၉) နှစ်လောက် လူငယ်တွေထိ မိဘတွေရဲ့ ငြင်းခုန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ ဒါဟာ အနောက်တိုင်း စံနှုန်းအရ (၁၈) နှစ်ကျော်ရင် မိဘတွေနဲ့ ခွဲနေရတဲ့ ဓလေ့ကြောင့်ပါ။ မိဘတွေနဲ့ အသက်ကြီးတဲ့ထိ အတူနေကြတဲ့ သား၊သမီးတွေဟာ မိဘတွေ ရန်ဖြစ်တိုင်း အသက်အရွယ်မရွေး စိတ်ဒဏ်ရာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်တာလဲ။

    မိဘတွေ ရန်ဖြစ်တဲ့အခါ ကလေးတွေအတွက် လုံခြုံမှု ကင်းမဲ့သလို ခံစားရစေပါတယ်။ အမြဲလိုလို မလုံမလဲ ဖြစ်စေပါတယ်။ ရန်အဖြစ်များတဲ့ မိသားစုက သား၊သမီးတွေဟာ ရန်ဖြစ်တဲ့ အချိန်တိုင်း မိဘတွေ ကွာရှင်းမှာကို ကြောက်ရွံ့နေရတာတွေ၊ သူတို့ ဘယ်တော့ စကားပြန်ပြောမလဲလို့ စိုးရိမ်နေရတာတွေ စတဲ့ အချက်တွေက သူတို့အတွက် အားကိုးယုံကြည်ရတဲ့ မိသားစုစိတ်ဓာတ်ကို ပျောက်ဆုံးစေပါတယ်။

    မိဘ နဲ့ သားသမီးကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ဖိအားတွေများလွန်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ကြီးပြင်းရစေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Child Development” ဂျာနယ်ထဲမှာတော့ မိဘတွေရဲ့ ခိုက်ရန်ဖြစ်ပွားမှုဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ရေရှည် ထိခိုက်စေနိုင်တဲ့အပြင် ကလေးတွေရဲ့ သိမြင်နိုင်စွမ်းတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

    သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ စံနှုန်းဟာ ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးပြီး သူများကို ထိခိုက်စေတာတွေ၊ ဆိုးရွားတဲ့ အမှတ်ထွက်တာတွေ၊ စိတ်မပျော်ရွှင်တာတွေ နဲ့ တစ်ဖက်သားကို မညှာတာတတ်၊ အနိုင်ကျင့်တတ်တာတွေ ဖြစ်လာစေသလို ပေါင်းသင်းဆက်ဆံရေး ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။

    တစ်ခါတလေ ကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်လေးတွေကြောင့် မိဘတွေ ပြဿနာတက်ကြတဲ့အခါမှာ ကလေးတွေဟာ သူတို့ဘာသာ အပြစ်တင်စိတ်တွေ များတတ်ကြပါတယ်။ တစ်ခါတလေမှာ ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ ရန်ထဖြစ်ကြတာ ဆိုပေမဲ့ ကလေးတွေရဲ့ အမြင်မှာတော့ ဘယ်လိုပဲ ရန်ဖြစ်ဖြစ် မိဘတွေက အချင်းချင်း မချစ်ကြတော့ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ဝင်လာတော့တာပါပဲ။

    မိဘတွေ ရန်ဖြစ်ချိန်မှာ သူတို့တွေအတွက် အကာအကွယ် မရှိတော့သလို၊ မလုံခြုံတော့သလို ခံစားရတယ်၊ အိပ်မပျော်တာတွေ၊ ကျောင်းမသွားချင်တော့တာတွေ ဖြစ်တတ်ပြီး ရှက်စိတ်ကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းတော့တာတွေ၊ ပုံမှန် လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်ဘဲ စွန့်ပစ်လိုက်တာမျိုးတွေထိ အခြေအနေဆိုးသွားနိုင်ပါတယ်။

    ဘယ်လို ရန်ဖြစ်နည်းမျိုးက ကလေးတွေကို ထိခိုက်စေနိုင်တာလဲ။

    • ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်တာ၊
    • တစ်ယောက်ကို တစ်ယောက် ထိခိုက်စေတာ၊
    • တစ်ယောက်ရန်ကနေ တစ်ယောက် ကာကွယ်နေရတာ၊
    • ပုဂ္ဂိုလ်ရေး ထိခိုက်စော်ကားတာ၊
    • နှုတ်နဲ့ စော်ကားဆဲရေးတာ
    • အပြုအမူနဲ့ မထီမဲ့မြင် လုပ်တာ
    • စကားမပြောတော့တာ စတာတွေ ပါဝင်ပါတယ်။

    ဒါကြောင့် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ရင် ကလေးတွေကို စိတ်ပိုင်း၊ရုပ်ပိုင်း ဘယ်အရာကိုမှ မထိခိုက်စေမယ့်

    • ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းတာ (Problem Solving)
    • အပေးအယူ ပြုလုပ်တာ
    • အငြင်းပွားမှုတွေထဲက အကောင်းလေးတွေ ကောက်နုတ်ပြီး ပေါ့ပါးအောင် လုပ်တာ
    • တစ်ယောက်နဲ့ တစ်ယောက် မထိခိုက်အောင် အေးအေးဆေးဆေး ပြောဆိုတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

    ပြင်းပြင်းထန်ထန် အငြင်းပွားစရာရှိလာရင် ကလေးတွေ မမြင်ကွယ်ရာမှာတင် ပြီးပြတ်အောင် ဆွေးနွေး ညှိနှိုင်းပြီး ပြန်အဆင်ပြေသွားပြီဖြစ်တဲ့အကြောင်း ကလေးတွေကို အသိပေးတာက သူတို့စိတ်တွေကို ပိုပြီး လုံခြုံစိတ်ချရစေမှာပါ။

    သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement